ဧပြီ ၂၃၊ ၂၀၂၁ #day82

 

ပြင်းထန်သောဖိနှပ်မှုများကြောင့် လမ်းပေါ်ထွက်ဆန္ဒပြမှုများလျော့နည်းသွားသော ရန်ကုန်မြို့တွင် ယနေ့နေ့လည်က အမှတ်မထင် မြို့လယ်ကောင်တွင် လူ ၃၀၀ ခန့်ပါသော ဆန္ဒပြမှုတစ်ခုပေါ်ပေါက်လားသည်။ လူငယ်များက ဦးဆောင်သော အဆိုပါဆန္ဒပြမှုအား လမ်းသွားလမ်းလာများက လက်ခုပ်တီးခြင်း ကားဟွန်းတီးခြင်းနှင့် ၎င်းတို့၏ ကားများဖြင့် လမ်းများအားပိတ်ဆို့ပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့ကြသည်။ ရန်ကုန်သားများဖြစ်သည်ဟူသော ကြွေးကြော်သံများနှင့်အတူ မြို့လယ်ရှိ ရွှေဘုံသာလမ်းတွင် မိနစ်အနည်းငယ် ချီတက်ဆန္ဒပြမှုဖြစ်ပေါ်ခဲ့ပြီးနောက် စစ်အုပ်စုတပ်ဖွဲ့ဝင်များမလာခင် လူစုခွဲခဲ့သည်။ ဆန္ဒပြမှုများလျော့ပါးသွားသဖြင့် သွေးအေးသွားပီဟု ဝေဖန်မှုများထွက်နေစဥ်တွင် ရုတ်တရက်ထွက်ပေါ်လာသော ဆန္ဒပြမှုကြောင့် လူမှုကွန်ယက်ပေါ်တွင် ချီးကျူးမှုများထွက်ပေါ်လာပြီး ဆန္ဒပြမှုများပြန်လည် အားကောင်းလာတော့မည်ဖြစ်ကြောင်း မှတ်ချက်ပြုနေကြပါသည်။ အလားတူပင် လူအများအပြားကျဆုံးခဲ့သော မန္တလေးမြို့နှင့် အချို့သော မြို့ကြီးများတွင်လည်း လမ်းပေါ်ထွက်ဆန္ဒပြမှုများ တစ်ချိန်တည်းပေါ်ပေါက်လာသည်။ RFA နှင့်အင်တာဗျူးတွင် ဒေါင်းတို့မျိုးဆက်မှ ဇေယျာလွင်က ၎င်းအနေဖြင့် အင်းစိန်ထောင်တွင် ကိုမြအေး လူမင်း ဒေါ်နီလာကျော် စောဖိုးခွား Sean Turnell တို့အပါအဝင် နာမည်ကြီးနိုင်ငံရေးသမားများ အနုပညာရှင်များကိုတွေ့ခဲ့ရကြောင်း ပြောဆိုခဲ့သည်။ ထို့အပြင် ဖမ်းဆီးနှိပ်စက်ခံရသော သူများ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေရသူများလည်းရှိကြောင်း ၎င်းကပြောဆိုခဲ့သည်။ ဇေယျာလွင်သည် နှစ်ဆန်းတစ်ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခြင်းဖြစ်သည်။

မြန်မာပြည်အရေးအတွက် တက်ကြွစွာပါဝင်လှုပ်ရှားပေးနေသော ကိုရီးယားနိုင်ငံသားတွေကို ကျေးဇူးတင်ကြောင်း လူငယ်တွေက သူတို့၏ လူမှုကွန်ယက်များတွင် ဖော်ပြထားသည်။ အခြားသောအာရှနိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင် K-Pop ယဥ်ကျေးမှုသည် အလွန်လွှမ်းမိုးမှုကြီးပြီး မြန်မာပြည်အား မမေ့သည့်အတွက် ကျေးဇူးတင်ကြောင်း ပြောဆိုနေကြပါသည်။ ဂျပန်နိုင်ငံနှင့်ယှဥ်ပြိုင်မည့် ကမ္ဘာ့ဖလားခြေစမ်းပွဲအတွက် မြန်မာလက်ရွေးစင်ဘောလုံးအသင်း လေ့ကျင့်ပြင်ဆင် တော့မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာပါသည်။ သို့သော် နာမည်ကြီးကစားသမားများအပါအဝင် အချို့သော ဘောလုံးသမားများက ယှဥ်ပြိုင်ရန် ဆန္ဒမရှိကြောင်း ဒဏ်ရာအကြောင်းပြ၍ အနားယူတော့မည်ဖြစ်ကြောင်း အလွတ်တမ်းသတင်းထောက် Cape Diamond ကရေးသားထားပါသည်။ ဘောလုံးသမားများသည်လည်း CDM ပြုလုပ်သည့်အနေဖြင့် ဆန္ဒပြခြင်း လုပ်ငန်းခွင်ပြန်မဝင်ခြင်းများ ပြုလုပ်ထားပါသည်။ လက်လုပ်သေနတ်များဖြင့် စစ်အုပ်စု၏ တပ်ဖွဲ့များကို ပြန်လည်ခုခံလျက်ရှိသော စစ်ကိုင်းတိုင်း ယင်းမာပင်နှင့် ကနီမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်နေကြောင်း RFA က ဖော်ပြထားသည်။ ပစ်ခတ်မှုများသည် ဧပြီလ ၂ ရက်နေ့က ယင်းမာပင်ရှိ ဆန္ဒပြမှုကိုဦးဆောင်သော ဗုဒ္ဓဘာသာဘုန်ကြီးတစ်ဦးအား စစ်သားများက ဖမ်းဆီးရန် ကြိုးပမ်းခြင်းမှစတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းတို့နှစ်ဖွဲ့အကြား တိုက်ပွဲပေါင်း ၆ ပွဲခန့်ရှိပြီဖြစ်ကြောင်း ရွာသားများတွင် တူမီးသေနတ်ကိုင်ဆောင်ထားသူ အနည်းဆုံး တစ်သောင်းကျော်ခန့်ရှိကြောင်း စစ်တပ်ဘက်က RPG ကဲ့သို့ လက်နက်ကြီးများပင် အသုံးပြုကြောင်း ရွာသားတစ်ဦးက RFA ကိုပြောဆိုခဲ့သည်။

မနက်ဖြန်ကျင်းပမည့် အာစီယံထိပ်သီးအစည်းအဝေးအား အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အစိုးရပိုင် MAI လေကြောင်းဖြင့် နေ့ချင်းပြန်သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ အာစီယံနိုင်ငံများက NUG ကိုယ်စားလှယ်များအား ဖိတ်ကြားခြင်းမရှိခြင်းကြောင်း ဝေဖန်မှုများအကြီးအကျယ်ခံ နေရပါသည်။ လူမှုကွန်ယက်အသုံးပြုသူများက MAI လေယာဥ်မှူးအနေဖြင့် ပြည်သူများအားကူညီသည့်အနေဖြင့် ပျက်ကျအောင် ဆောင်ရွက်ပေးရန် သို့မဟုတ် အခြားသောနေရာတနေရာတွင် ဆင်းသက်ပေးရန် ပြောဆိုရေးသားနေကြသည်ကိုတွေ့ရသည်။ အာဏာသိမ်းခေါင်းဆောင်အား အရေးယူမှုပြလုပ်ပေးရန် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာအဖွဲ့ကြီး AI က တောင်းဆိုလိုက်သည်။ CDM လုပ်နေသူတွေအား အသိအမှတ်ပြုခြင်းနှင့် အကူအညီပေးခြင်းများကို လုပ်ဆောင်နိုင်ရန် အတက်နိုင်ဆုံးကြိုးစားနေကြောင်း NUG ၏ ပညာရေး ဒုဝန်ကြီး က သူမ၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

RCSS နှင့် SSPP/TNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများကြောင့် ရှမ်းပြည်နယ် နမ္မတူ-သီပေါလမ်းအပိုင်းရှိ မန်ဆာကျေးရွာတွင် နေအိမ် ၁၀ အိမ်ကျော် မီးလောင်ကျွမ်းမှုဖြစ်ခဲ့ကြောင်း စစ်ဘေးရှောင်နေရသူ အယောက် ၂၀၀၀ ခန့်ရှိပီဖြစ်ကြောင်း RFA က တင်ပြခဲ့သည်။ အဆိုပါဒေသအနီးတဝိုက်တွင် ၂၀၁၆ ခုနှစ်မှစ၍ RCSS နှင့် SSPP/TNLA တို့အကြား နယ်မြေလှရင်းတိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ ရှမ်းပါတီတစ်ခုဖြစ်သော ရှမ်းတိုင်းရင်းသားတိုးတက်ရေးပါတီ (SNDP) ပါတီက ရှမ်းလက်နက်ကိုင်အချင်းချင်းတိုက်ပွဲများမဖြစ်ပွားကြရန် တပ်မတော်နှင့်နိုင်ငံရေးအင်အားစုများ ဆွေးနွေးညှိနှိုင်းကြရန် စစ်ကောင်စီ၏ လူမှုဝန်ထမ်းဝန်ကြီးဌာနက ပြည်သူများအား ကူညီရန် စာထုတ်ပြန်လိုက်ကြောင်း Shan News က ဖော်ပြထားသည်။ SNDP ပါတီသည် အာဏာသိမ်းမှုအား ဝေဖန်ကန့်ကွက်ခြင်းမပြုသည်သာမက စစ်ဗိုလ်ဟောင်းများဦးဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် နီးစပ်သော ဆက်ဆံရေးများရှိပါသည်။ မွန်ပြည်နယ် သထုံမြို့နယ်တွင် ဆန္ဒပြသူများအားဖြိုခွင်းရန်လာသော တပ်များနှင့် ၎င်းတို့ကို လုံခြုံရေးပေးနေသော KNU တပ်မဟာ ၁ မှ စစ်သားများအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အရာရှိတစ်ဦးနှင့် စစ်သားတစ်ဦးသေဆုံးကြောင်း Myanmar Now ကဖော်ပြထားသည်။ ယခုညတွင် ၎င်းတို့နှစ်ဖွဲ့အကြား တိုက်ပွဲများပြင်းထန်နေကြောင်း သိရှိရသည်။ ချင်းပြည်နယ် ဟားခါးမြို့ရှိ ဝန်ကြီးများအိမ်ယာထဲတွင် စခန်းချနေသော စစ်သားနှင့် ရဲ့များအချင်းချင်းပစ်ခတ်မှုကြောင့် စစ်သား ၂ ဦးသေဆုံးပြီး ရဲတစ်ချို့ဒဏ်ရာရရှိခဲ့ကြောင်း Chin World က ရေးသားထားသည်။ ည ၈ နာရီဝန်းကျင်တွင် သေနတ်သံ ၁၀ ကြိမ်ခန့်ကြားရကြောင်း ဒေသခံတစ်ဦးက ပြောဆိုခဲ့သည်။ ဧပြီလ ၂၂ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်မှာ ကင်းလှည့်နေသော ထိုင်းနယ်ခြားစောင့်စက်လှေအား မြန်မာဘက်ခြမ်းရှိ စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ကြောင်း Khit Thit Media က ဖော်ပြထားသည်။ ယခုအချိန်အထိ နှစ်ဖက်စလုံးက သတင်းထုတ်ပြန်ခြင်းမရှိသေးပါ။

Comments

Popular Posts