ဧပြီ ၂၄၊ ၂၀၂၁ #day83

 

မြန်မာအရေးနှင့်ပတ်သက်သော အာစီယံခေါင်းဆောင်များ၏ အထူးအစည်းအဝေးကို ဂျာကာတာမြို့တွင် ယနေ့ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အပြင် လာအို၊ ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကျန်နိုင်ငံတို့၏ အစိုးရခေါင်းဆောင်များ တက်ရောက်ခဲ့သည်။ အစည်းအဝေးအတွင်းတွင် စစ်တပ်အား ပြင်းပြင်းထန်ထန်ဝေဖန်လေ့ရှိသည့် မလေးရှားဝန်ကြီးချုပ် Muhyiddin Yassin က မြန်မာပြည်ရှိ လက်ခံနိုင်စရာမရှိသောအခြေအနေများကို ချက်ချင်းရပ်တန့်ဖို့လိုကြောင်း၊ အစည်းအဝေးကျင်းပရန် အဆိုပြုခဲ့သူ အင်ဒိုနီးရှားသမ္မတ Joko Widodo က ဖမ်းဆီးခံရသူ နိုင်ငံရေးအကျဥ်းသားများအားလုံးကို ပြန်လွှတ်ရန် အာစီယံအထူးကိုယ်စားလှယ်ခန့်အပ်ရန်လိုကြောင်းတို့ကို ထည့်သွင်းပြောဆိုခဲ့ကြောင်း Nikkei Asia က ဖော်ပြထားသည်။ အစည်းအဝေးအပြီးတွင် အစည်းအဝေးတက်ရောက်သူများအနေဖြင့် အားလုံးသဘောတူ အချက် ၅ ချက်ကို လက်ခံခဲ့ကြောင်း သိရသည်။ ၎င်းတို့မှာ အကြမ်းဖက်မှုများအား သက်ဆိုင်သူအားလုံးမှု ရပ်တန့်ရေး၊ သက်ဆိုင်သူများအကြား နိုင်ငံရေးစကားဝိုင်းပြန်လည်ကျင်းပရေး၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်က ဆွေးနွေးညှိနှိုင်းမှုများအား ဦးဆောင်ရေး၊ လူသားချင်းစာနာမှုအကူအညီများ လက်ခံရေး၊ အာဆီယံမှကိုယ်စားလှယ်များ မြန်မာပြည်သို့ လာရောက်နိုင်ရေး တို့ဖြစ်ကြသည်။ မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Christine Schraner သည် စစ်ခေါင်းဆောင်နှင့်တွေ့ဆုံခွင့်မရရှိခဲ့ဘဲ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်ကာပူခေါင်းဆောင်များဖြင့်သာ တွေ့ဆုံဆွေးနွေးခွင့်ရရှိခဲ့ကြောင်း DVB က ဖော်ပြထားသည်။ အစည်းအဝေးကျင်းပရာ အာစီယံအတွင်းရေးမှူးများရုံးအနီးတွင် အင်ဒိုနီးရှားအရပ်ဖက်အဖွဲ့အစည်းများက ဦးဆောင်၍ ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး ရှေ့နေနှစ်ဦးအပါအဝင် သုံးဦးအဖမ်းခံရကြောင်း Cabut Omnibus law ၏ လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားထားသည်။ လူမှုကွန်ယက်အသုံးပြုသူများက တက်ကြွစွာဆန္ဒပြကြသော အင်ဒိုနီးရှားပြည်သူများအား ကျေးဇူးတင်ရှိကြောင်း ၎င်းတို့၏ ရေးသားနေကြပါသည်။

NUG ၏ ပြည်ထောင်စုဝန်ကြီးတစ်ဦးဖြစ်သာ Dr. Sasa က စစ်တပ်၏ အကြမ်းဖက်မှုများ ရပ်တန့်ရန်ဆိုသည့်အချက်နှင့် နိုင်ငံရေးအကျဥ်းသားများအား လွှတ်ပေးရန်အချက်တို့ကို ကြိုဆိုကြောင်း၊ အင်ဒိုနီးရှား သမ္မတကို ကျေးဇူးတင်ရှိကြောင်း စာထုတ်ပြန်ခဲ့သည်။ သို့သော် ကြေညာချက်ထုတ်ပြန်ရာတွင် ဖမ်းဆီးခံရသူများလွတ်မြောက်ရေးကို ထည့်သွင်းခြင်းမရှိခြင်း၊ NUG ကိုယ်စားလှယ်ကို ဖိတ်ကြားမှုမရှိခြင်း၊ စစ်ခေါင်းဆောင်ကို မြန်မာပြည်ကိုယ်စားဆုံးဖြတ်ပိုင်ခွင့်ပေးခြင်းတို့ကြောင့် အာစီယံခေါင်းဆောင်များအား ဝေဖန်နေကြပါသည်။ ယခုအစည်းအဝေးသည် COVID ဖြစ်ပီး နောက်ပိုင်း အာစီယံခေါင်းဆောင်များ ပထမဆုံးတွေ့ဆုံသော အစည်းအဝေးတစ်ခုဖြစ်ပြီး ၎င်းတို့အနေဖြင့် ဝေဖန်ချက်များအတိုင်း စစ်ခေါင်းဆောင်ကို အသိအမှတ်ပြုသည့် အခြေအနေမဖြစ်စေရန်အတွက် ၎င်း၏ ကောင်စီရာထူးကိုသော်လည်းကောင်း နိုင်ငံခေါင်းဆောင်ဟူသောအသုံးအနှုန်းကို သော်လည်းကောင်း အထူးသတိထားရှောင်ကျဥ်ခဲ့ကြသည်ကိုတွေ့ရသည်။ လူမှုကွန်ယက်အသုံးပြုသူများကလည်း စစ်ခေါင်းဆောင်အား အစည်းအဝေးနေရာချထားပေးရာတွင် ထောင့်ကျသောနေရာနှင့် သတင်းမီဒီယာများကွယ်ထားသော နေရာတွင် နေရာပေးထားခြင်းအပေါ် လှောင်ပြောင်ကဲ့ရဲ့ နေကြပါသည်။ မြန်မာပြည်အနှံ့တွင်လည်း စစ်ခေါင်းဆောင်အား အစည်းအဝေးသို့ဖိတ်ကြားမှုအပေါ် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ထို့အပြင် ၎င်းတို့သဘောတူထားသည့်အချက်များအား စစ်တပ်မှ လိုက်လျောလိမ့်မည်မဟုတ်ကြောင်း ဝေဖန်နေကြပါသည်။ ထို့အပြင် အစည်းအဝေးမတိုင်ခင်တွင် တစ်သီးပုဂ္ဂလ ၇၄၄ ဦး၊ ပြည်တွင်းမှ အရပ်ဘက်အဖွဲ့အစည်း ၄၀၂ ဖွဲ့နှင့် အရှေ့တောင်အာရှနိုင်ငံများက အရပ်ဘက်အဖွဲ့အစည်း ၄၄၄ ဖွဲ့တို့က မြန်မာနိုင်ငံအား အာစီယံအဖွဲ့ဝင်အဖြစ်မှ ယာယီဆိုင်းငံ့ထားရန် အာစီယံအဖွဲ့သို့ အိတ်ဖွင့်ပေးစာပေးပို့လိုက်ကြောင်း DVB ၏ဖော်ပြချက်အရ သိရှိရသည်။
စစ်ခေါင်းဆောင်က အာစီယံအစည်းအဝေးတွင် အကြမ်းဖက်မှုများရပ်တန့်ရန် သဘောတူသည့်အချိန်မှာပင် မန္တလေးမြို့ရှိဆန္ဒပြမှုများအကြမ်းဖျက်ဖြိုခွင်းခံရပြီး အရပ်ဝတ်စစ်သားများ၏ လူငယ်တစ်ဦး သေနတ်ဖြင့်အပစ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။ ၎င်း၏ အလောင်းအား စစ်အုပ်စုတပ်ဖွဲ့ဝင်များက ယူဆောင်သွားကြောင်း Myanmar Now ကဖော်ပြထားသည်။ ထို့အပြင် နေပြည်တော်အနီးရှိ ပျဥ်းမနားမြို့တွင် ပြလုပ်သော ဆိုင်ကယ်သပိတ်သည် အကြမ်းဖက်ဖြိုခွင်းခံရပြီး လူငယ်တစ်ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။ တောင်ကြီးမြို့တွင် ဆိုက်ကယ်မောင်းနေသော လူငယ်တစ်ဦးအား ကိုယ်ပိုင်ကားဖြင့်တိုက်ခဲ့ပြီး အဆိုပါလူငယ်အား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နိုင်ငံသားသတင်းထောက်တစ်ဦးက လူမှုကွန်ယက်တွင် ရေးသားထားသည်။ ထို့အပြင် မုံရွာမြို့တွင် ဖမ်းဆီးခံရေသာ သပိတ်ခေါင်းဆောင် ဝေမိုးနိုင်အပါအဝင် လူ ၄၂ ဦးအား လူသတ်ပုဒ်မ ၃၀၂ အပါအဝင် ပုဒ်မ ငါးခုဖြင့် စစ်အုပ်စုက တရားစွဲဆိုလိုက်သည်။ အများဆုံးပြစ်ဒဏ်အနေဖြင့် သေဒဏ်ကျခံနိုင်သော အမှုများဖြစ်သည်။ ယနေ့ညတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သမိုင်း ၁ ရပ်ကွက်တွင် သံပုံးတီးသော အမျိုးသမီးတစ်ဦးအား စစ်အုပ်စုတပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီး လမ်းမပေါ်တွင် အတင်းအကြပ် ကခိုင်းကြောင်း အမျိုးသားများကိုလည်း ဆဲဆိုခြင်း ရိုက်နှက်ခြင်းတို့ ပြုလုပ်ပီး ဖမ်းဆီးလိုက်ကြောင်း Khit Thit Media က ဖော်ပြထားသည်။

ပြည်နယ်နှင့်တိုင်းအသီးသီးရှိ သပိတ်ကော်မတီများက မြန်မာပြည်အနှံ့ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ယာယီမဟာမိတ်ဖွဲ့စည်း၍ စစ်ကောင်စီအား တိုက်ခိုက်ရန် တိုက်တွန်းသည့်စာ ထုတ်ပြန်လိုက်သည်။ မြန်မာပြည်တွင် လက်ရှိလုပ်ရှားနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၀ ဝန်းကျင်ခန့်ရှိပြီး အများစုသည် ထိုင်းနိုင်ငံနယ်စပ်နှင့် တရုတ်နိုင်ငံနယ်စပ်တို့တွင် အခြေချနေကြသည်။ ဆန္ဒပြမှုများအင်အားကောင်းခဲ့သည့် ပဲခူးတိုင်း ပြည်မြို့တွင် စစ်တပ်၏ ထောက်ပံ့ရေးတပ်ဖွဲ့တစ်ခုဖြစ်သော လျှပ်စစ်နှင့်စက်မှု အမှတ် ၉၅၉ တပ်မှ စစ်သား ၃ ဦးသည် ယမန်နေ့ မနက်ပိုင်းတွင် ၎င်းတို့၏ လက်နက်များနှင့်တကွ ထွက်ပြေးသွားကြောင်း Irrawaddy က ဖော်ပြထားသည်။ မြို့အတွင်းတွင် စစ်ဆေးမှုပြုလုပ်နေပြီး လုံခြုံရေးတင်းကြပ်နေကြောင်း သိရသည်။ ရဲနှင့် စစ်သားများ CDM ပြုလုပ်မှုရှိသော်လည်း လက်နက်ယူ၍ ထွက်ပြေးခြင်းသည် ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သည်။ စစ်ကောင်စီဖွဲ့စည်းသည့် လူမှုဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် တာဝန်ယူထားသူ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဌ ဒေါ်သက်သက်ခိုင်၏ ရန်ကုန်မြို့ရှိ နေအိမ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း Ayeyarwaddy Times က ဖော်ပြထားသည်။ စစ်ကောင်စီတွင် နေရာယူထားသည့် ဦးသိန်းညွန့်၏ ရန်ကုန်မြို့ရှိ နေအိမ်တွင်လည်း ယခင်က ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့သေးသည်။ အဆိုပါဖြစ်စဥ်နှစ်ခုလုံးတွင် ထိခိုက်သေဆုံးသူမရှိကြောင်း သိရသည်။

Comments

Popular Posts