ဧပြီ ၂၅၊ ၂၀၂၁ #day84

 


အမျိုးသမီးတစ်ဦး ရန်ကုန်ရှိရွှေပြည်သာစစ်ကြောရေးစခန်းတွင် စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ လိင်အကြမ်းဖက်မှုခံခဲ့ရသည်ဆိုသည့် သတင်းကျယ်ပြန့်စွာ ထွက်လာပြီးနောက် ဖမ်းဆီးခံရသူ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာစော်ကားသည့် အလားတူဖြစ်ရပ်များ လူမှုကွန်ယက်တွင် ပိုမိုပြန့်နှံ့လာပါသည်။ ဖမ်းဆီးခံရသည့် အမျိုးသမီးများ၏ လက်ကိုင်ဖုန်းများအား စစ်အုပ်စု တပ်ဖွဲ့ဝင်များက သိမ်းဆည်းပြီး ၎င်းတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို ကြည့်ရှုခြင်း၊ အဆိုပါ အကြောင်းအရာများကို အသုံးပြု၍ အမျိုးသမီးငယ်များအား လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုများ ပြုလုပ်ကြောင်းသတင်းများလည်း ပြန့်နှံလာပါသည်။ ထို့အပြင် အင်းစိန်ထောင်တွင် ဖမ်းဆီးခံရသည့် အမျိုးသမီးငယ်တစ်ချို့အား အရက်သေစာသောက်စားမူးယစ်နေသည့် ရဲများက ညအချိန်တွင် နှုတ်ဖြင့်စော်ကားမှုများ ဆဲဆိုမှုများသာမက ထိကပါးရိကပါး လုပ်ကြောင်း လွတ်မြောက်လာသည့် အမျိုးသမီးငယ်တစ်ဦးက RFA ကို ပြောဆိုခဲ့ပါသည်။ ထို့အပြင် ယမန်နေ့ကလည်း သံပုံးတီးသည့် အမျိုးသမီးငယ်နှစ်ဦးကို လမ်းမပေါ်တွင် အတင်းအကြပ်ကခိုင်းသည့် ဖြစ်ရပ်သည် အဆိုပါအမျိုးသမီးငယ်များ၏ ဂုဏ်သိက္ခာသာမက မြန်မာ့ယဥ်ကျေးမှုတစ်ခုလုံးကို စော်ကားခြင်းဖြစ်ကြောင်း ဝေဖန်မှုများစွာဖြစ်ပေါ်စေပါသည်။ ထို့အပြင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သည့် transgender လိင်အင်္ဂါပြောင်းလဲထားသူ လှဖုန်းခိုင်အား #BlueShirtStrike တွင် ပါဝင်သည်ဆိုသည့်အကြောင်းပြချက်ဖြင့် စစ်အုပ်စုတပ်ဖွဲ့ဝင်များက ယမန်နေ့ညက ဖမ်းဆီးခဲ့သည်။ သူမအားဖမ်းဆီးရာ ဆဲဆိုခြင်း မျက်ခုံးပေါက်သည်အထိ ထိုးကြိတ်ခြင်းများပြုလုပ်ခဲ့ကြောင်း ၎င်းနှင့်နီးစပ်သူများက လူမှုကွန်ယက်တွေ ရေးသားထားကြပါသည်။ အဆိုပါဖြစ်ရပ်များက စစ်အုပ်စုတပ်ဖွဲ့ဝင်အတွင်းတင် အမျိုးသမီးများကို နှိမ့်ကျသောအမြင်များ၊ လွဲမှားသော စံသတ်မှတ်ချက်များ၊ ဖိုဝါဒ အလွန်အမင်းကြီးဆိုးနေသည်ကို ညွှန်ပြနေကြောင်း လူမှုကွန်ယက်အသုံးပြုသူများက ဝေဖန်နေကြပါသည်။ ထို့ကြောင့် တက်ကြွလှုပ်ရှားသူ အမျိုးသမီးများက ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာများတွင် #sisters2sisters ဆိုသည့် ဆန္ဒပြလှုံ့ဆော်မှုများပြုလုပ်နေပြီး စစ်ကောင်စီ၏ ရုပ်ပိုင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကြောင့် အမျိုးသမီးများသည် ရုပ်ပိုင်း စိတ်ပိုင်း ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်နစ်နာနေရကြောင်း၊ ၎င်းတို့လွတ်မြောက်ရေးနှင့် တရားမျှတရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများက ဖိအားပေးကြရန်လိုကြောင်း၊ အကြမ်းဖက်ခံရသူ အမျိုးသမီးများနှင့်အတူ မိမိတို့အစဥ်အမြဲရပ်တည်ပေးနေကြောင်း ရေးသားဖော်ပြနေကြပါသည်။

လန်ဒန်မြို့ရှိ မြန်မာကျောင်းသား သုံးဦးသည် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်သည့်အနေဖြင့် ယမန်နေ့မှစ၍ Westminster တံတားပေါ်တွင် အစာငတ်ခံဆန္ဒပြ နေကြောင်း Mizzima သတင်းက ဖော်ပြထားသည်။ ဆန္ဒပြမှုသည် သုံးရက်ကြာမည်ဖြစ်ပြီး ယူကေအစိုးရအနေနဲ့ စစ်ကောင်စီအား အကြမ်းဖက် ဥပဒေ ၂၀၀၀ခုနှစ်အရ အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာပေး၊ တိုင်းပြည်ပြန်ရန်ခက်ခဲနေသော မြန်မာနိုင်ငံသားများအား ဗီစာသက်တမ်းတိုးပေးရန် တို့ကိုတောင်းဆိုကြောင်း သိရသည်။ သြစတေးလျနိုင်ငံ ကမ်ဘာရာမြို့တွင်လည်း မြန်မာကျောင်းသားအချို့နှင့် မြန်မာပြည်သူအချို့က မြန်မာသံရုံးရှေ့တွင် နှစ်ရက်ကြား အစာငတ်ခံဆန္ဒပြခဲ့ကြသည်။ နော်ဝေးနှင့် ဂျပန်နိုင်ငံတို့တွင်လည်း အဝေးရောက်မြန်မာများက အစာငတ်ခံဆန္ဒပြခဲ့ကြသေးသည်။ တနင်္သာရီတိုင်း မြိတ်မြို့မှ မြိတ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် သုံးဦးအပါအဝင် အရပ်သား ၅ ဦးအား ဖမ်းဆီးလိုက်ကြောင်း Dawei Watch ကဖော်ပြထားသည်။ ကျောင်းသားသမဂ္ဂမှ ကျောင်းသားများဖမ်းဆီးခံရပါက ညှင်းပန်းနှိုက်စက်ခြင်းများ ပြုလေ့ရှိသဖြင့် ၎င်းတို့၏ လုံခြုံရေးကို စိုးရိမ်နေကြပါသည်။ ချင်းပြည်နယ် မင်းတပ်မြို့တွင် ယမန်နေ့ည ၉ နာရီဝန်းကျင်တွင် စစ်အုပ်စုတပ်ဖွဲ့ဝင်များနှင့် တူမီးသေနတ်များကိုင်ဆောင်ထားသည့် ပြည်သူများအပြန်အလည်ပစ်ခတ်ခဲ့ခြင်းကြောင့် စစ်သားများ ဒဏ်ရာရရှိခြင်းများရှိပြီး အရပ်သား ၇ ဦးအဖမ်းခံရကြောင်း Khonumthung က ဖော်ပြထားသည်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ရဲနဲ့ စစ်သား အချင်းချင်းအပြန်အလှန်ပစ်ခတ်ကြသဖြင့် တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာ ရရှိသွားကြောင်း DVB က ဖော်ပြထားသည်။ လွန်ခဲ့သည့် နှစ်ရက်ကလည်း ချင်းပြည်နယ် ဟားခါးမြို့တွင် ၎င်းတို့အချင်းချင်းပစ်ခတ်ကြသဖြင့် စစ်သား နှစ်ဦးသေဆုံးကြောင်း သတင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။ ထို့အပြင် Freedom News Group က ပခုက္ကူအခြေစိုက် ခြေလျင်တပ်ရင်း ၂၃၅ မှ တပ်ကြပ်ပြီးအဆင့်နှစ်ဦးအပါအဝင် တပ်သား ၂၀ ဦးခန့် ၎င်းတို့၏ မိသားစုများနှင့်အတူ ထွက်ပြေးတိမ်းရှောင်နေကြောင်း ဖော်ပြထားသည်။ ၎င်းတို့အား ကချင်ပြည်နယ်သို့ ရှေ့တန်းထွက်ရမည်ဟု ပြောဆိုခြင်းကြောင်း ထွက်ပြေးခြင်းဖြစ်ကြောင်း FNG က ရေးသားထားသည်။ သို့သော် အဆိုပါသတင်းအား အခြားသော မီဒီယာအဖွဲ့များက အတည်ပြု ရေးသားနိုင်ခြင်းမရှိသေးပါ။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် COVID-19 ကာကွယ်ဆေးထိုးနှံမှုများပြုလုပ်နေကြသော်လည်း မြန်မာပြည်အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံ ၉၅ နိုင်ငံတွင် ကာကွယ်ဆေးထိုးနှံနိုင်မှုမှာ ၀.၂ ရာခိုင်နှုန်းသာရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဧပြီ ၁၃ ရက်နေ့ထုတ် အစီရင်ခံစာတွင် ဖော်ပြထားကြောင်း Eleven Media က ရေးသားထားသည်။ မြန်မာပြည်တွင် ကာကွယ်ဆေးထိုးနှံပြီးသည့် ပမာဏအတိအကျကို မသိရသော်လည်း အာဏာသိမ်းမှုနောက်ပိုင်း ဆန္ဒပြမှုများကြောင့် တစ်နိုင်ငံ၏ ကျန်းမာရေးစနစ်သည် အလုံးစုံပျက်သုန်းလုနီးနီးဖြစ်ခဲ့သည်။ ထို့ကြောင့် COVID-19 ကူးစပ်မှုအခြေအနေ စောင့်ကြည့်မှုအခြေအနေများအားလုံး ရပ်တန့်သွားပြီ ဖြစ်သည်။

အာစီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အချက်ငါးချက်ထုတ်ပြန်မှုအပေါ်ဝေဖန်မှုများ ဆက်လက်မြင့်တက်နေပါသည်။ ယနေ့တွင် ထုတ်ပြန်သော ဥရောပသမဂ၏ ကြေညာချက်တွင် အဆိုပါအချက်ငါးချက်အား ကြိုဆိုသည့်အပြင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးသမားများအားလုံးကို ပြန်လွှတ်ပေးရန်လည်း ထည့်သွင်းတောင်းဆိုလိုက်ကြောင်း Myanmar Now ကဖော်ပြထားသည်။ မြန်မာပြည်တွင်းရှိ လူ့အခွင့်အရေးအဖွဲ့အစည်းများကလည်း နိုင်ငံရေးအကျဥ်းသားများ လွှတ်ခြင်းအတွက် သဘောတူညီမှုမယူနိုင်ခဲ့သည့် အာစီယံကို ဝေဖန်နေကြပြီး ယခုအစည်းအဝေးသည် အကျပ်အတည်းထဲရောက်နေသည့် စစ်ကောင်စီအတွက် အချိန်ဆွဲပေးခြင်း လမ်းကြောင်းဖွင့်ပေးခြင်းသာဖြစ်ပြီး ဆန္ဒပြသူများအား လျစ်လျူသည့် ကြေညာချက်သာဖြစ်ကြောင်း လူမှုကွန်ယက်စာမျက်နှာများတွင် ဝေဖန်ရေးသားနေကြပါသည်။ ထို့အပြင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews ကလည်း ၎င်း၏ တွစ်တာတွင် အဆိုပါသဘောတူညီချက်များသည် စာရွက်ပေါ်တွင် ရှိမနေဘဲ မြန်မာပြည်တွင်း၌သာ ရှိရမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုများကို ရပ်တည့်မည်လား၊ အပြစ်ကျူးလွန်ထားသူများအား ကင်းလွတ်ခွင့်ဆက်ဖြစ်နေမည်လားဆိုသည်ကို မေးခွန်းထုတ်လိုက်သည်။ ယနေ့ စစ်အုပ်စုထိန်းချုပ်ထားသည့် မြန်မာ့အလင်းသတင်းစာက စစ်ခေါင်းဆောင်၏ အင်ဒိုနီးရှားခရီးစဥ်အားဖော်ပြထားသော်လည်း အာစီယံအဖွဲ့ဝင်များဆုံးဖြတ်ခဲ့သည့် ၅ ချက်ကိုထည့်သွင်း ဖော်ပြထားခြင်းမရှိပါ။ သို့သော် စစ်ခေါင်းဆောင်အနေဖြင့် အာစီယံချာတာနှင့်အညီ အာစီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နေမည်၊ အာစီယံအဖွဲ့၏ ရည်ရွယ်ချက်များ အောင်မြင်နိုင်ရေးအတွက် ကြိုးပမ်းမည်ဟု ပြောဆိုခဲ့ကြောင်း ဖော်ပြထားသည်။

Comments

Popular Posts