ဧပြီ ၂၆၊ ၂၀၂၁ #day85

 

ယနေ့တွင် တတိယအကြိမ်မြောက် NUG အစိုးရအဖွဲ့အစည်းအဝေးကို ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးတွင် ဒုသမ္မတ ဒူဝါလရှီးလကလည်း ပြည်သူလူထုများ၏ ကြီးမားသော နစ်နာဆုံးရှုံးမှုများကို အမြန်ဆုံးကုစားနိုင်ရန် တခုတည်းသော အဖြေသည် အာဏာရှင်စနစ်ကို အပြီးတိုင် ဖျက်ဆီးပြီး တည်ငြိမ်အေးချမ်းသည့် လူ့အဖွဲ့အစည်းကို ဖန်တီးပေးနိုင်ရေးသာ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ NUG ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က NUG ၏ သဘောထားကြေညာချက်အား အာစီယံအစည်းအဝေးတွင် ကိုယ်စားလှယ်တစ်ဦးက ဖတ်ကြားပေးကြောင်း VOA နှင့်အင်တာဗျူးတွင် ပြောဆိုခဲ့သည်။ သို့သော် မည်သည့်ပုဂ္ဂိုလ်က မည်သည့်နိုင်ငံက ဖတ်ကြားပေးကြောင်းမပြောဆိုခဲ့ပေ။ ထို့အပြင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနှင့် အစည်းအဝေးမတိုင်ခင် NUG ဖြင့်တွေ့ဆုံခဲ့ကြောင်းလည်း ပြောဆိုခဲ့သည်။ ၎င်းတို့အစိုးရအနေဖြင့် အကြမ်းဖက်မှုများစွာ ကျူးလွန်ထားသော စစ်ခေါင်းဆောင်များနှင့် စကားပြောဆိုရန် အစီအစဥ်မရှိကြောင်း ၎င်းတို့အနေဖြင့် ၎င်းတို့လက်ချက်ဖြင့် သေဆုံးသွားသူများအပေါ် တာဝန်ယူရန်လိုအပ်ကြောင်း အဆိုပါခေါင်းဆောင်များ နှုတ်ထွက်ပြီးမှသာ စကားပြောဆိုမည် ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း ခြောက်ဦးအား NUG ၏ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အမည်ပျက်စာရင်းတွင်ထည့်သွင်း ကြေညာခဲ့သည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်။ Christine Schraner Burgener သည် စစ်ခေါင်းဆောင်နှင့် အင်ဒိုနီးရှားခရီးစဥ်အတွင်း တွေ့ရှိခဲ့ကြောင်း Nikkei Asia က ဖော်ပြထားသည်။ သူမအနေဖြင့် မြန်မာပြည်အား လာရောက်လိုကြောင်း ပြောဆိုမှုအား တပ်ချုပ်က တုံ့ပြန်မှုမရှိကြောင်းသိရသည်။ သူမအနေဖြင့် အစည်းအဝေးအတွင်း ဆွေးနွေးချက်များအား မီဒီယာများသို့ ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုကြောင်းသိရသည်။ အာစီယံ၏ ကြိုးပမ်းမှုအား ကြိုဆိုကြောင်း အမေရိကန် သြစတေးလျနှင့် တရုတ်နိုင်ငံတို့က ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ သြစတေးလျ၏ နိုင်ငံခြားရေးဝန်ကြီး Marise Payne က ၎င်းတို့အနေဖြင့် အာစီယံ၏ မြန်မာပြည်သို့ပေးပို့မည့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအတွက် ဒေါ်လာ ၅ သန်းဖိုးလှူဒါန်းမည်ဖြစ်သည်ဟု ကြေညာချက်တွင်ထည့်သွင်းထားကြောင်း VOA က ဖော်ပြထားသည်။ သို့သော် စစ်ခေါင်းဆောင်အနေဖြင့် မြန်မာပြည်၏ ပြည်တွင်းတည်ငြိမ်မှုရှိမှသာ အာစီယံကိုယ်စားလှယ် မြန်မာပြည်သို့ လာရောက်မည့်ခရီးစဥ်အား စဥ်းစားပေးမည်ဖြစ်သည်ဟု အစည်းအဝေးတွင် ပြောဆိုခဲ့ကြောင်း BBC က ဖော်ပြထားသည်။ အဆိုပါတုံပြန်မှုအား လူမှုကွန်ယက်အသုံးပြုသူများက လှောင်ပြောင်နေကြပြီး ၎င်းတို့အာဏာ သိမ်းထားသရွေ့ မြန်မာပြည်တည်ငြိမ်မည်မဟုတ်ကြောင်း၊ စစ်ကောင်စီသည် ၎င်းတို့အာဏာစွဲကိုင်နိုင်ရေးအတွက် အချိန်ဆွဲနေခြင်းသက်သက်သာ ဖြစ်ကြောင်း မှတ်ချက်ပြုနေကြပါသည်။

ယနေ့ပြုလုပ်သည့် NCA စာချုပ်လက်မှတ် ရေးထိုးထားသည့်အဖွဲ့ ၁၀ ဖွဲ့၏ အစည်းအဝေးတွင် ယာယီခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က NUG ဖွဲ့စည်းခြင်းအား အာဏာရှင်စနစ်ကျဆုံးရေးအတွက် အရေးကြီးသည့်ခြေလှမ်းဖြစ်သဖြင့် ကြိုဆိုကြောင်း၊ အာစီယံ သဘောတူညီချက် ၅ ချက်အား ကြိုဆိုကြောင်း၊ နိုင်ငံရေးအကျဥ်းသားများအား လွတ်ပေးရန် တောင်းဆိုကြောင်း၊ သေဆုံးသွားသော အပြစ်မဲ့ပြည်သူ ၇၀၀ အတွက် စစ်ကောင်စီခေါင်းဆောင်များက တာဝန်ခံရမည်ဖြစ်ကြောင်း အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။ သို့သော် NCA လက်မှတ်ရေးထိုးထာသည့် ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA) သည် နေပြည်တော်တွင် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPC) နှင့် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြောင်း Eleven မီဒီယာက ဖော်ပြထားသည်။ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမိုရှေးက အစည်းအဝေးတွင် ၎င်းတို့အနေဖြင့် စစ်တပ်နှင့် ရေးထိုးထားသော စာချုပ်များကို လေးစားမည်ဖြစ်ကြောင်း နိုင်ငံရေးအခြေအနေပြောင်းလဲနေသော်လည်း ငြိမ်းချမ်းရေး ဖြစ်စဥ်တွင် တောက်လျောက်လိုက်ပါနေမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အဆိုပါသတင်းကြောင့် လူမှုကွန်ယက်အသုံး ပြုသူများက DKBA အပေါ် ဒေါသထွက်နေကြပြီး ၎င်းတို့အနေဖြင့် စစ်တပ်နှင့် ပူးပေါင်းပါက မိမိတို့၏ ရန်သူဖြစ်မည် ဖြစ်ကြောင်းပြောဆိုနေကြပါသည်။ ထို့အပြင်အချို့က အဖွဲ့အမျိုးမျိုးကွဲပြားလျက်ရှိသော ကရင်အဖွဲ့အစည်းများသည် ယခုတော်လှန်ရေးကာလတွင်လည်း ဆက်လက်ကွဲမည့်အရိပ်အယောက်ကို မြင်နေရသဖြင့် စိတ်ပျက်မိကြောင်း မှတ်ချက်ပေးကြပါသည်။

ပုဒ်မများစွာဖြင့် တရားစွဲဆိုခံထားရသည့် သမ္မတ ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် Video Conferencing စနစ်ဖြင့် ယနေ့ရုံးထုတ်ခဲ့သည်။ ရှေ့နေနှင့် တွေ့ဆုံခွင့်ပေးရန် တောင်းဆိုထားသည်မှာ အချိန်ကြာမြင့်ပီဖြစ်သော်လည်း ယနေ့အချိန်အထိ သူမသည် သူမ၏ ရှေ့နေနှင့် တွေ့ဆုံခွင့်မရှိသေးကြောင်း ရှေ့နေဒေါ်မင်းမင်းစိုးက Irrawaddy သို့ ပြောဆိုခဲ့သည်။ ဖမ်းဆီးခံရသူများ အသတ်ခံရသူများစာရင်းအား နေ့စဥ်ပြုစုနေသည့် AAPP အဖွဲ့အား စစ်ကောင်စီက ပြင်းပြင်းထန်ထန်အရေးယူမည်ဟု ခြိမ်းခြောက်လိုက်ကြောင်း DVB က ဖော်ပြထားသည်။ စစ်ကောင်စီ၏ စာရင်းများအရ သေဆုံးသူသည် ၂၀၀ ကျော်သာ ရှိသော်လည်း ပြည်တွင်းပြည်ပအဖွဲ့အစည်းများအားလုံးကိုးကားနေသော AAPP စာရင်းတွင် စစ်အုပ်စုတပ်ဖွဲ့ဝင်များ လက်ချက်ဖြင့်သေဆုံးသူ ၈၀၀ နီးပါးရှိပြီဖြစ်သည်။ စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူက ရုရှားမီဒီယာ RIA နှင့် အင်တာဗျူးတွင် ပိတ်စို့မှုများကြောင့် မြန်မာပြည်သူများ၏ နေ့စဥ်ဘဝကို ထိခိုက်မည်မဟုတ်ကြောင်း ၎င်းတို့အနေဖြင့် ရုရှားထုတ် တရုတ်ထုတ်ပစ္စည်းများဖြင့် လုံလောက်မှုရှိကြောင်း ပြောဆိုခဲ့သည်။ လူမှုကွန်ယက်အသုံးပြုသူများက အာဏာသိမ်းပြီးချိန်မှစ၍ ရပ်တန့်သွားသည့် ဆောက်လုပ်ရေးလုပ်ငန်းများ တဖြည်းဖြည်းမြင့်တက်လာသည့် ကုန်စျေးနှုန်းများ ကြောင့် ငြင်းငြူနေကြပါသည်။ ထို့အပြင် စီးပွားရေးလုပ်ငန်းများစွာ ထွက်ခွာနေပြီဖြစ်ခြင်းကြောင်း အလုပ်လက်မဲ့နှုန်းလည်း တဖြည်းဖြည်းတိုးလာပါသည်။ WFP ၏ ခန့်မှန်းချက်အရ မြန်မာပြည်သူ ၃ သန်းကျော်သည် လာမည့် ခြောက်လ အတွင်း စားနပ်ရိက္ခာမလုံလောက်သည့် အန္တရာယ်ကို ကြုံတွေ့ရမည်ဖြစ်ကြောင်း အစီရင်ခံစာထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် AA နှင့်ပတ်သက်သည်ဆိုသောကြောင့် အကြမ်းဖက်မှုဥပဒေဖြင့် တရားစွဲခံရသူများအား အမှုများရုပ်သိမ်းရန် စဥ်းစားနေကြောင်း ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောဆိုလိုက်ကြောင်း RFA ကဖော်ပြထားသည်။ ရခိုင်တွင် အကြမ်းဖက်ဥပဒေဖြင့် တရားစွဲခံထားရသူ အယောက် ၂၀၀ ဦးရှိကြောင်းသိရသည်။ ရခိုင်တပ့်မတော်နှင့် စစ်အုပ်စုတို့သည် ပြီးခဲ့သည့်နိုဝင်ဘာလကတည်းက အပစ်ခတ်ရပ်စဲထားခြင်းဖြစ်ပြီး AA အား စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာထားခြင်းမှ မတ်လ ၁၁ ရက်နေ့က ပယ်ဖျက်ပေးပြီးဖြစ်သည်။ တောင်ကုတ်မြို့နယ်တွင် အဆိုပါအမှုဖြင့် တရားစွဲခံထားရသူ ၄ ဦး ယနေ့လွတ်မြောက်လာကြောင်း Irrawaddy က ဖော်ပြထားသည်။ AA သည် ယခင်နှစ်မှစ၍ ရခိုင်ပြည်နယ်တွင် အခိုင်အမာခြေကုပ်ရယူနိုင်ခဲ့ပြီး ယခုအခါတွင် ရခိုင်ပြည်နယ်၏ ဒေသန္တရအုပ်ချုပ်ရေးတစ်ခုလုံးအပေါ်လွှမ်းမိုးမှုရှိကြောင်း သတင်းများက ဖော်ပြထားသည်။ ချင်းပြည်နယ် မင်းတပ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအကြား ပစ်ခတ်မှုများရှိနေပြီး ချင်းလူ့အခွင့်အရေး၏ ဖော်ပြချက်အရ စစ်သားများဘက်က သေဆုံးသူ ၁၅ ဦးခန့်ရှိပြီးဖြစ်ကြောင်း သိရသည်။ မင်းတပ်သို့ ပခုက္ကူ မတူပီ ကလေးတို့ဘက်က စစ်ကူများသွားရောက်နေကြောင်းလည်း ချင်းပြည်နယ်အခြေပြုသတင်းမီဒီယာများက ဖော်ပြနေကြသည်။

Comments