ဧပြီ ၂၇၊ ၂၀၂၁ #day86
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့တွင် အမဲလိုက်သေနတ်များကိုင်ဆောင်ထားကြသည့် ချင်းလူမျိုးများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ တိုက်ပွဲသတင်းသည် လူမှုကွန်ယက်အသုံးပြုသူများ၏ အထူးအာရုံစူးစိုက်မှုကိုရရှိခဲ့သည်။ ဖမ်းဆီးထားသူ လူငယ် ၇ ဦးအား ဧပြီလ ၂၄ ည ၈ နာရီနောက်ဆုံးထား၍ လွတ်ပေးရန် နယ်ခံများ၏ တောင်းဆိုမှုအား စစ်ကောင်စီက လျစ်လျူရှုသည်သာမက ဆိုင်ကယ်စီးနေသူတစ်ဦးအား ပစ်ခတ်ခဲ့ခြင်းကြောင့် လူငယ်များက ဦးဆောင်ပြီး စစ်သားနှင့် ရဲများအား စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ချင်းပြည်နယ်အခြေစိုက် မီဒီယာများက ဖော်ပြထားသည်။ ယနေ့တွင် စစ်ကူလာသော ရာပေါင်းများစွာသော တပ်ဖွဲ့များနှင့် နယ်ခံများဖွဲ့စည်းထားသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) မြို့အဝင်ရှိ ဂေါက်ကွင်းနားတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Khonumthung Media က ဖော်ပြထားသည်။ ဒေသခံများ၏ အဆိုအရ စစ်သား ၁၇ ဦးခန့်သေဆုံးပြီး CDF ဘက်က သေဆုံးခြင်းမရှိကြောင်း ယနေ့နေ့လည်က ပြောဆိုခဲ့သည်။ စစ်အုပ်စုပိုင် မီဒီယာကမူ ဧပြီ ၂၆ ရက်နေ့ပစ်ခတ်မှုကြောင့် တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရကာ ယာဉ်တစ်စီး ပျက်စီးခဲ့ကြောင်းသာ ဖော်ပြထားသည်။ Chin World Media ၏ မေးမြန်းချက်အရ မုံရွာအခြေစိုက်အနောက်မြောက်တိုင်းဒုတိုင်းမှူးက မင်းတပ်မြို့မိမြို့ဖများမှတဆင့် CDF သို့ ညနေပိုင်းတွင် ယာယီအပစ်ရပ်ထားရန် တောင်းဆိုမှုပြုခဲ့ကြောင်းသိရသည်။ သို့သော် CDF က တပ်ကူများအား ချက်ချင်းနောက်ဆုတ်ရန်၊ ဖမ်းဆီးခံပြည်သူများချက်ချင်းလွှတ်ရန်၊ မြို့တွင်းတပ်စွဲထားသည့်နေရာများချက်ချင်းရုတ်သိမ်းရန် ပြန်လည်တောင်းဆိုခဲ့သည်။ လူငယ်များက အခြားသော မြို့နယ်များတွင်လည်း တပြေးညီ တိုက်ပွဲဝင်ကြရန် တိုက်တွန်းလိုက်သည်။ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ RPG ကဲ့သို့ လက်နက်ကြီးများ အသုံးပြုခဲ့ကြောင်း နယ်ခံများက ပြောဆိုသည်။ လက်ရှိအချိန်တွင် နှစ်ဘက်တိုက်ပွဲများ ရပ်စဲနေပြီး မနက်ပိုင်းတွင် ပြန်လည်ပြင်းထန်လာနိုင်ကြောင်း သတင်းများထွက်နေပါသည်။
ရန်ကုန်မြို့အပါအဝင် နေရာတော်တော်များတွင် လမ်းပေါ်ထွက် ဆန္ဒပြမှုများ ပြန်လည်အားကောင်းလာသည်ကို တွေ့ရသည်။ လုံခြုံရေးတင်းကြပ်စွာချထားသည့်ကြားက ယနေ့တွင် ရန်ကုန်ရှိ လူငယ် ၂၀၀ ကျော်ခန့်သည် စမ်းချောင်းမြို့နယ်အတွင်းတွင် ချီတက်ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ၆ မိုင်ကျေးရွာတွင် ဆန္ဒပြနေသူများအား စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းသဖြင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း DVB က ဖော်ပြထားသည်။ ထို့အပြင် အနီးနားရှိ နေအိမ်တချို့နှင့် ဆိုင်ကယ်များ ကားများသည်လည်း ကျည်ဆံထိမှန်သဖြင့် ပျက်စီးခဲ့ရကြောင်း လည်းသိရသည်။ စစ်ကောင်စီတပ်များ၏ ရန်ရှာဖမ်းဆီးသတ်ဖြတ်နေမှုကြောင့် စစ်ကိုင်းတိုင်း ကနီနှင့်ယင်းမာပင်မြို့နယ်များရှိ ကျေးရွာ ၁၄ မှ ပြည်သူများ တောထဲသို့ ထွက်ပြေးနေရကြောင်း Khit Thit မီဒီယာက ဖော်ပြထားသည်။ ၎င်းတို့အနေဖြင့် စားဝတ်နေရေးများခက်ခဲနေကြောင်း ကျန်းမာရေးမကောင်းသူ သက်ကြီးရွယ်အိုတစ်ချို့ ထွက်ပြေးရင်း သေဆုံးနေရကြောင်း ဒေသခံများက ပြောဆိုပါသည်။ စစ်ကောင်စီအနေဖြင့် ၂ လကျော်ကြာ ညအချိန် ၁ နာရီမှ မနက် ၉ နာရီအထိ အင်တာနက် ဖျက်တောက်မှုများအား ပြုလုပ်တော့မည်မဟုတ်ကြောင်း သတင်းများထွက်ပေါ်လာပါသည်။ သို့သော် ယခင်အတိုင်း ဖုန်းအင်တာနက်နှင့် Broadband အင်တာနက်များကို ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
NUG အစိုးရအနေဖြင့် CDM ပြုလုပ်နေသော ပြည်သူ့ဝန်ထမ်းများအား လခအပြည့်အဝပေးနိုင်ရန် ပြင်ဆင်နေကြောင်း Myanmar Now က ဖော်ပြထားသည်။ ပြည်သူများဦးဆောင်ပြုလုပ်နေသည့် ပြည်သူမှပြည်သူသို့ဆိုသည့် CDM အထောက်အပံ့အစီအစဥ်များရှိသော်လည်း မြန်မာပြည်အဝှမ်းတွင် CDM ပြုလုပ်သူ မြောက်မြားစွာရှိသဖြင့် အာဏာသိမ်းပြီး ၃ လဝန်းကျင်ကြာချိန်တွင် အချို့သည် စားဝတ်နေရေးအခက်အခဲကြောင့် သော်လည်းကောင်း ခြိမ်းခြောက်မှုများကြောင့် သော်လည်းကောင်း လုပ်ငန်းခွင်ပြန်ဝင်သူများရှိကြောင်းလည်း လူမှုကွန်ယက်တွင် ဖော်ပြနေကြသည်။ ယနေ့တွင် ဗဟိုဘဏ်က ဘဏ်များတွင် စာရင်းအသစ်ဖွင့်သူများအား ငွေကြေးအကန့်အသတ်မရှိ ထုတ်ခွင့်ပေးမည်ဖြစ်ကြောင်း မက်လုံးပေးဆွဲဆောင်ခဲ့သည်။ သို့သော် လူမှုကွန်ယက်အသုံးပြုသူများက ပြည်သူများသည် ၎င်းတို့၏ လက်ရှိဘဏ်စာရင်းများမှ ငွေကြေးထုတ်နိုင်ရေးကိုသာ ဦးစားပေးနေကြပြီး ဘဏ်စာရင်းပြုလုပ်ရန် စိတ်မဝင်စားကြောင်း ပြောဆိုနေကြပါသည်။
ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်းရှိ သောလယ်ထာ့ (မဲ့စန်လက်) ရှိ စစ်ကောင်စီ စခန်းကို KNLA တပ်မဟာ ၅ က ယနေ့မနက် ၇ နာရီဝန်းကျင်တွင် တက်ရောက်သိမ်းယူခဲ့ကြောင်း Karen Information Centre က ရေးသားထားသည်။ ယခုစခန်းသည့် အာဏာသိမ်းပြီးနောက်ပိုင်း တပ်မဟာ ၅ သိမ်းယူခဲ့သည့် ဒုတိယမြောက် စခန်းလည်းဖြစ်သည်။ နှစ်ဖက်သေဆုံးမှုသတင်းအတိအကျအား သိရှိရခြင်းမရှိသေးသော်လည်း ထွက်ပြေးလွတ်မြောက်သွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လှံဖမ်းဆီးသည့် KNU တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့ကြောင်း Khit Thit Media က ရေးသားနေကြပါသည်။ စစ်ကောင်စီဘက်မှ တိုက်လေယာဥ် ၃ စင်းဖြင့် ဗုံးကြဲမှုပြုလုပ်ခဲ့ကြောင်း BBC က ဖော်ပြထားသည်။ အဆိုပါစခန်းသည် ယခင်က သံလွင်မြစ်အတွင်းသွားလာနေသော အရပ်သားစက်လှေများ အပါအဝင် ထိုင်းကင်းလှည့်စက်လှေကိုလည်း ပစ်ခတ်နှောက်ယှက်ခဲ့သည့် စခန်းဖြစ်သည်။ ထိုင်းသတင်း The Reporter အဆိုအရ ပစ်ခတ်မှုများကြောင်း သံလွင်မြစ်တဘက်ကမ်းရှိ ထိုင်းရွာသား ၃၀၀ ကျော်သည် ယနေ့မနက်ပိုင်းတွင် ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရသည်ဟု DVB က ဖော်ပြထားသည်။
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်တွင် စစ်အုပ်စုနှင့် KIA တပ်ဖွဲ့တို့ တိုက်ပွဲများပြင်းထန်နေကြောင်း DVB က ဖော်ပြထားသည်။ အဆိုပါတိုက်ပွဲများကြောင့် အနီးနားရှိရွာများသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲကြောင်း ဒေသခံ ၃၀၀၀ ခန့် စစ်ဘေးရှောင်နေရကြောင်း သိရသည်။ ၎င်းတို့အနေဖြင့် လယ်ယာလုပ်ငန်းများနှင့် ကျွဲနွားများအား ပစ်ထားခဲ့ရသဖြင့် စားဝတ်နေရေးခက်ခဲနေကြောင်း သိရသည်။ အဆိုပါဗန်းမော်ခရိုင်တွင် လှုပ်ရှားသည့် KIA တပ်မဟာ ၂ ကလည်း ပြည်သူများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နေထိုင်စရာပေးခြင်း သွားလာရေးအတွက် အကူအညီပေးခြင်းများမလုပ်ရန် သတိပေးစာ ယနေ့ထုတ်ပြန်ခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် RCSS/SSA တပ်ဖွဲ့ဝင်များနှင့် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တို့ တစ်လအကြာ တိုက်ပွဲဖြစ်ပွားနေသဖြင့် နမ္မတူမြို့နယ်အတွင်း နေအိမ် (၅၀) မီးလောင်ပျက်စီးပြီး လူ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း Shan News က ဖော်ပြထားသည်။ လူမှုကွန်ယက် အသုံးပြုသူများက အချင်းချင်းတိုက်ခိုက်နေကြေသာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား စိတ်ပျက်နေသည့် မှတ်ချက်များရေသားထားသည်ကို တွေ့ရသည်။ ယနေ့ပြုလုပ်သော NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့အစည်းအဝေးအပြီးတွင် PPST အနေဖြင့် NUG ဖွဲ့စည်းခြင်းအား ကြိုဆိုကြောင်း CRPH ကို ဆက်စပ်ညှိနှိုင်းပံ့ပိုးကူညီမည်ဖြစ်ကြောင်း ဖမ်းဆီးခံရသူများအား ချက်ချင်းလွတ်ပေးရန် ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။ ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် စုဖွဲ့မှုအသစ်တစ်ခုပြုလုပ်ရန် အခြားသော အဖွဲ့များနှင့် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း PPST က ထုတ်ပြန်ချက်တွင်ရေးသားထားသည်။
Comments
Post a Comment