ဧပြီ ၂၈၊ ၂၀၂၁ #day87


 ကချင်ရှေ့တန်းစစ်မျက်နှာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကျအဆုံးအလွန်များပြားနေကြောင်း သတင်းများကဖော်ပြကြသည်။ KIA တပ်မဟာ၅ နယ်မြေ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ရှိ စစ်တပ်စခန်းတစ်ခုအား KIA မှ ယနေ့တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး အဆင့်မြင့်အရာရှိ ၁၃ ဦးအပါအဝင် တပ်သားအများအပြား သေဆုံးခဲ့ကြောင်း Khit Thit Media ကဖော်ပြထားသည်။ စစ်တက္ကသိုလ်အပတ်စဥ် ၄၆ မှ ဒုတိယ ဗိုလ်မှူးကြီးအဆင့်အပါအဝင် ဗိုလ်မှူးနှစ်ဦး ဗိုလ်ကြီးလေးဦးနှင့် ဗိုလ်အဆင့် ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ ယမန်နေ့ဖြစ်ပွားခဲ့သော ဗန်းမော်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၄၀ ခန့် သေဆုံးပြီး KIA ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း DVB က ဖော်ပြထားသည်။ ယနေ့ မနက် ၇ နာရီဝန်းကျင်တွင် ဝိုင်းမော်မြို့နယ်တွင် အခြေချသည့် ခြေလျင်တပ်ရင်း (၅၈) အား KIA မှ အလစ်ဝင်တိုက်ခဲ့သဖြင့် ထိခိုက်ကျဆုံးမှုများရှိကြောင်း သိရသည်။ ထို့အပြင် ရှမ်းမြောက်တွင်လည်း KIA နယ်မြေသို့ဝင်ရောက်လာသော တပ်မ ၉၉ စစ်ကြောင်းအတိုက်ခံရသဖြင့် စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ မိုးမောက်မြို့နယ်တွင်လည်း တိုက်ပွဲပြင်းထန်နေပြီး ၅ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း KIA ၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက Myitkyina News သို့ပြောဆိုပါသည်။ ဆိုရှယ်မီဒီယာအသုံးပြုသူများက ပြည်သူ ၇၀၀ ကျော်သေဆုံးအောင် ပြလုပ်ခဲ့သည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များအား ကလဲ့စားချေပေးသည့် KIA အား ကျေးဇူးဝင်ကြောင်း သေဆုံးသွားသည့် တပ်ဖွဲ့ဝင် ၂ ဦးအတွင် အလွန်ပင်စိတ်မကောင်းဖြစ်ရကြောင်း မှတ်ချက်ပေးနေကြသည်။ ထို့အပြင် စစ်အုပ်စုတပ်ဖွဲ့ဝင်များအနေဖြင့် တပ်စခန်းပြင်ပသို့ထွက်တိုင်း သေနေကြသဖြင့် တပ်စခန်းများအတွင်းတွင်သာနေထိုင်သင့်ကြောင်း လှောင်ပြောင် နေကြပါသည်။

၄ ရက်ကြာတိုက်ခိုက်ခဲ့ကြသည့် မင်းတပ်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံများဖြင့် ဖွဲ့စည်းထားသည့် Chinland Defense Force (Mindat) တို့အကြား တိုက်ပွဲတွင် စစ်ကောင်စီဖက်မှ ၃၀ နီးပါးသေဆုံးခဲ့ကြောင်း ဒေသခံများက Myanmar Now ကို ပြောဆိုခဲ့သည်။ အထိနာခဲ့သော စစ်ကောင်စီတပ်ဖက်မှစ၍ CDF အား မြို့ခံများ ဘာသာရေးဆရာများမှတစ်ဆင့် ညှိနှိုင်းမှုများလုပ်ခဲ့ပြီး ယမန်နေ့ညက ၎င်းတို့ဖမ်းဆီးထားသည့် လူငယ် ၇ ဦးနှင့် မင်းတပ်မြို့အနီး မိုင် ၃၀ အကွာတွင် ပိတ်မိနေသော စစ်သား ၃၀ နှင့် အလဲအလှယ်ပြုလုပ်ရန်သဘောတူညီခဲ့ကြကြောင်းသိရသည်။ မနက်ဖြန်တွင် ထပ်မံညှိနှိုင်းမည်ဟုသိရပြီး ဒေသခံများဘက်က နောက်ထပ်ဖမ်းဆီးခံထားရသည့် လူငယ်များလွတ်မြောက်လာရန် စစ်တပ်အနေဖြင့် မိမိစခန်းတွင်သာနေရန် မြို့ထဲတွင် လက်နက်ကိုင်ပြီး သွားလာခြင်းမပြုရန်တို့ကို တောင်းဆိုထားကြောင်း BBC ကဖော်ပြထားပါသည်။

ကရင်စစ်ရှောင်များကို NUG အစိုးရ ကူညီထောက်ပံ့နေကြောင်း NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောဆိုခဲ့သည်။ စစ်ရှောင် ၅၀၀ ကျော်အတွက် ၈၆ သိန်းဖိုးရှိ စားနပ်ရိက္ခာများကူညီခဲ့ကြောင်း ၎င်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ဖော်ပြထားသည်။ ယခင်ကလည်း ရန်ကုန်ရှိ မီးဘေးသင့်ပြည်သူများကိုလည်း ကူညီခဲ့ကြောင်း သိရှိရသည်။ မတ်လမှစတင်သော လေကြောင်း တိုက်ခိုက်မှုများကြောင့် စစ်ဘေးရှောင်နေရသူ တစ်သောင်းကျော်ရှိမည်ဟု ကူညီကယ်ဆယ်ရေးလုပ်နေသူများကပြောဆိုကြောင်း Khit Thit Media က ဖော်ပြထားသည်။ လက်နက်ကိုင်တော်လှန်ရေးအတွက် NUG အနေဖြင့် လျင်လျင်မြန်မြန်ပြင်ဆင်ပေးရန် ကျောင်းသားသမဂ္ဂ ၄ ခုက တောင်းဆိုလိုက်သည်။ ဆန္ဒပြမှုများတွင် ပါဝင်ခဲ့သူ Gen Z Burma ဆိုသည့် လူငယ်အဖွဲ့ဝင်များသည် Free Burma Rangers အကူအညီဖြင့် ထိုင်း-မြန်မာနယ်စပ်တွင် ရောက်ရှိနေကြောင်း RFA က ဖော်ပြထားသည်။ ၎င်းတို့တွင် လူသိများထင်ရှားသည့် လူငယ်အနုပညာရှင်များပါဝင်ပြီး ပုဒ်မ ၅၀၅ (က) ထုတ်ပြန်ခဲ့ရသူများ ဖြစ်သည်။

CDM ပြုလုပ်သည့် ဝန်ထမ်းများ လုပ်ငန်းပြန်ဝင်ပါက ပုဒ်မ ၅၀၅ (က) ဖြင့်တရားစွဲဆိုထားခြင်းမှ ပယ်ဖျက်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။ CDM လှုပ်ရှားမှုတွင် ဝန်ထမ်းပေါင်း ၂ သိန်းကျော်ပါဝင်နေသဖြင့် အစိုးရယန္တရားများ လည်ပတ်နိုင်ခြင်းမရှိဘဲ ရပ်တန့်နေကြောင်း Irrawaddy က ဖော်ပြထားသည်။ နာမည်ကျော် သပိတ်ခေါင်းဆောင် ဝေမိုးနိုင်အား ၎င်း၏ ထွက်ဆိုမှုအရ မတရားအသင်းဆက်သွယ်မှုအပါအဝင် ပုဒ်မ ၁၀ ခုဝန်းကျင်ဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း စစ်အုပ်စုထိန်းချုပ်ထားသော MRTV က ကြေညာခဲ့သည်။ ချင်းပြည်နယ် တီးတိန်မြို့တွင် ယမန်နေ့ည ၁၀ နာရီဝန်းကျင်က ဆိုက်ကယ်စီးနေသူ အသက် ၂၂ နှစ်အရွယ် လူငယ်တစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ခြင်းကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။ ၎င်းသည် တီးတိန်မြို့နယ်တွင် စစ်ကောင်စီလက်ချက်ဖြင့် ပထမဆုံးသေဆုံးခဲ့သူဖြစ်သည်။ CDM ပြုလုပ်ပီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တမူးပြည်သူ့လုံခြုံရေးအဖွဲ့နှင့်အတူ ပြန်လည်တိုက်ခိုက်နေသော တပ်ကြပ် အောင်အောင်သည် စစ်ကိုင်းတိုင်း တမူးမြို့တွင် ယမန်နေ့က သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦး က RFA က ပြောဆိုပါသည်။ ရန်ကုန်မြို့ အင်းစိန်စျေး တောင်ဥက္ကလာပ ရဲစခန်း ဗန်းမော်မြို့ စုပေါင်းရုံး မန္တလေးမြို့ ဒုတိယမြို့တော်ဝန်အိမ် တို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ တောင်ဥက္ကလာပ ရဲစခန်း ဗုံးပေါက်ကွဲမှုတွင် ရဲတစ်ချို့ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း Khit Thit Media က ဖော်ပြထားသည်။

မြန်မာစွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အား အရေးယူပိတ်ဆို့မှုပြုလုပ်ရန် နှစ်ပါတီကိုယ်စားပြု အမေရိကန်အထက်လွှတ်တော်အမတ် ၆ ဦးက အစိုးရအောင်းတောင်းဆိုကြောင်း စာထုတ်ပြန်လိုက်သည်။ MOGE သည် စစ်ကောင်စီအတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများမှ ရရှိနေသောဝင်ငွေများအတွက် အဓိကကျသော ရင်းမြစ်တစ်ခုဖြစ်ပြီး အမေရိကန် Chevron နှင့် ပြင်သစ် Total ကဲ့သို့သော ကုမ္ပဏီများ၏ ရင်းနှီးမြှပ်နှံမှုများမှတစ်ဆင့် တနှစ်လျှင် အမေရိကန်ဒေါ်လာ ၁.၁ ဘီလျှံရရှိနေကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယခင်ရက်ပိုင်းကလည်း ပြည်တွင်းလူမှုအဖွဲ့အစည်း ၄၀၀ ကျော်က MOGE နှင့် ကုမ္ပဏီများအား အရေးယူရန် စာထုတ်ပြန်ခဲ့သေးသည်။ မြန်မာနိုင်ငံက ထုတ်လုပ်သည့် သဘာဝဓါတ်ငွေ့ ၈၀ ရာခိုင်နှုန်းအား ထိုင်းနှင့် တရုတ်သို့ တင်ပို့လျက်ရှိပြီး ကုလသမဂ္ဂ၏စာရင်းများအရ ယမန်နှစ် မြန်မာမှ ပို့ကုန်အားလုံး၏ ၂၀ ရာခိုင်နှုန်းနှင့် ညီမျှသည့် ဒေါ်လာ ၃.၃ ဘီလျံခန့်အား ရေနံနှင့်သဘာဝဓာတ်ငွေ့တင်ပို့ခြင်းမှ ရရှိခဲ့ကြောင်း Irrawaddy က ဖော်ပြထားသည်။

Comments

Popular Posts