ဧပြီ ၂၉၊ ၂၀၂၁ #day88

 


စစ်ကောင်စီ၏ အခိုင်အမာတပ်စခန်းများရှိရာ မြန်မာပြည်အလယ်ပိုင်း မကွေးမြို့နှင့် မိထ္ထီလာမြို့ရှိ လေတပ်စခန်းများအား ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ယနေ့မနက်တွင် တိုက်ခိုက်ခံခဲ့ရကြောင်း သိရှိရသည်။ Irrawaddy ၏ ဖော်ပြချက်အရ တိုက်ခိုက်မှုသည် မနက် ၃ နာရီတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မကွေးလေတပ်စခန်းအား ၅ ကြိမ်ခန့်ပစ်ခတ်ခံခဲ့ရကြောင်းဖော်ပြထားသည်။ ဒေသခံများက စစ်သား ၆ ဦးခန့်သေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိကြောင်း Myanmar Now ကို ပြောသော်လည်း အတည်ပြုနိုင်သေးခြင်းမရှိကြောင်း သိရသည်။ မိတ္ထီလာလေတပ်စခန်းကိုလည်း ၅ ကြိမ်ခန့်ပစ်ခတ်ခံရကြောင်း မြို့ထဲတွင်လည်း ဗုံးပေါက်ကွဲသံများကြားရကြောင်း ဖော်ပြထားသည်။ အဆိုပါလေတပ်နှင့်နီးစပ်သူတစ်ဦးက မိတ္ထီလာလေတပ်စခန်းတွင် မြစ်ကြီးနားမြို့သို့ စစ်ဆင်ရေးသွားမည့် တိုက်လေယာဥ် ငါးစီး ရပ်နားထားသဖြင့် ပစ်မှတ်ထားခြင်းဖြစ်နိုင်ကြောင်း Khit Thit Media ကို ပြောဆိုပါသည်။ လူမှုကွန်ယက်တွင် ဒေသခံတစ်ဦးရိုက်ကူးထားသည့် လယ်ကွင်းများအပေါ်မှ ဒုံးကျဥ်ဖြတ်သန်းသွားသည့် ဗီဒီယိုတစ်ခု ပြန့်နှံနေပါသည်။ သို့သော် စစ်ကောင်စီ၏ ယနေ့နေ့လယ် အွန်လိုင်းမှပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်မူ ဗိုလ်ကြီး အေးသဇင်မြင့်က သေဆုံးမှုများမရှိကြောင်း ငြင်းဆိုခဲ့သည်။ လူမှုကွန်ယက်အသုံးပြုသူများက စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရမှုမရှိဟုငြင်းဆိုခြင်းသည် သေဆုံးသူရှိကြောင်း ပြောဆိုခြင်းဖြစ်ကြောင်း၊ ထို့အပြင် လုံခြုံရေးတင်းကြပ်ထားသော ဒေသများဖြစ်သည့်အတွက် တိုင်းရင်းသားလက်နက်ကိုင်များက ဝင်ရောက် ပစ်ခတ်ခြင်းထက် ၎င်းတို့အချင်းချင်းမတည့်သောကြောင့် ပစ်ခတ်ဗုံးခွဲခြင်းဖြစ်နိုင်ကြောင်း ပြောဆိုနေပါသည်။ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များက စစ်တပ်မြို့ဟု လူသိများသော ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာ တက္ကသိုလ်အပါအဝင် နေရာငါးခုအား ၁၀၇ မမ ဒုံးများအပါအဝင် အလစ်ငိုက် တိုက်ခိုက်မှုများပြုလုပ်ခဲ့သဖြင့် စစ်တပ်တပ်ဖွဲ့ဝင် ၁၅ ဦးခန့် သေဆုံးခဲ့သည်။ 

သာယာဝတီမြို့ရှိ တပ်မ ၆၆ လက်အောက်ခံ ခြေလျင်တပ်ရင်း ၃၅ ၏ လက်နက်တိုက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း Bago Watch News Agency က ဖော်ပြထားသည်။ ပေါက်ကွဲသံများ အချက် ၂၀၀ ခန့်ရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုပါသည်။ သေဆုံးထိခိုက်မှုရှိမရှိသိရခြင်းမရှိသေးပါသည်။ ဧပြီလ ၂၆ ရက်နေ့တွင် မိတ္တီလာမြို့တွင် စစ်ကောင်စီ၏ အမှတ်(၃၁၅) တပ်ရင်းမှုး ဗိုလ်မှုး ဝဏ္ဏဌေးနှင့် အမှတ်(၉၉)ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီးကောင်းမြတ်သွင်တို့သည် ညအချိန်တွင် အရက်မူးရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်ကြသဖြင့် ဗိုလ်ကြီးဖြစ်သူသေနတ်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း Burma Associated Press က ဖော်ပြထားသည်။ အဆိုပါပစ်ခတ်မှုကြောင့် နှစ်ဘက်တပ်များ တင်းမာမှုဖြစ်ခဲ့ပြီး လူမှားပစ်ခတ်ခြင်းသာဖြစ်ကြောင်း တပ်ထဲတွင် သတင်းမှားဖြန့်ထားကြောင်း ဒေသခံများက ပြောဆိုပါသည်။ အဆိုပါဗိုလ်ကြီးသည် နာမည်ဆိုးဖြင့် ကျော်ကြားနေသူဖြစ်ပြီး ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းရာတွင် ဦးဆောင်သူဖြစ်သဖြင့် လူမှုကွန်ယက်အသုံးပြုသူများက ဝဋ်လည်ခြင်းသာဖြစ်ကြောင်း စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များအကြား ညီညွတ်မှုများ ပျက်နေပြီဖြစ်ကြောင်း မှတ်ချက်ပေးနေကြပါသည်။ စစ်တပ်ထုတ်ကုန်များ သပိတ်မှောက်မှုများအား အရှိန်အဟုန်မြှင့်တင်ရန် NUG ကပြန်ကြားလိုက်ကြောင်း Myanmar Now က ဖော်ပြထားသည်။ ၎င်းတို့အနေဖြင့် စစ်တပ်ပိုင်ကုန်ပစ္စည်းများ၏ အမည်များကို စာရင်းပြုစုနေပြီး မကြာခင်အပြီးသတ်နိုင်တော့မည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံရေးဝန်ကြီး ဦးတင်ထွန်းနိုင်ပြောဆိုသည်။ အဆိုပါသပိတ်မှောက်မှုများသည် အောင်မြင်နေပြီး မြန်မာဘီယာနှင့် Mytel Simcard များ၏ ရောင်းအားများသည် စျေးကွက်ထဲတွင် သိသိသာသာကျသွားကြောင်း လူမှုကွန်ယက်အသုံးပြုသူများက ပြောဆိုနေပါသည်။

လေးရက်ဆက်တိုက် တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည့် မင်းတပ်မြို့တွင် စိုးရိမ်မှုများရှိနေသော်လည်း ယနေ့ပစ်ခတ်မှုမရှိကြောင်း Chin World က ရေးသားထားပါသည်။ ယနေ့တွင် စစ်ကောင်စီနှင့် CDF တို့အကြား ကျန်ရှိသော ဖမ်းဆီးခံရသူများအတွက် ညှိနှိုင်းမှုပြုလုပ်မည်ဖြစ်ဟု ပြင်ဆင်ထားသော်လည်း အခြေအနေထူးခြားမှု မရှိသေးကြောင်း သိရသည်။ ချင်းပြည်နယ် ပလက်ဝမြို့တွင် Chinland Defense Force (Paletwa) ကို တည်ထောင်လိုက်ကြောင်း ယနေ့ကြေညာခဲ့သည်။ ယခုအခါတွင် မင်းတပ်၊ မတူပီနှင့် ပလက်ဝတို့တွင် CDF ရှိလာပြီဖြစ်သည်။ မော်လမြိုင်တွင် ဘဏ်မှ ငွေထုတ်ရန် တန်းစီနေသူများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်၍ခြိမ်းခြောက်မှု ပြုလုပ်ခဲ့ကြောင်း Myanmar Now က ဖော်ပြထားသည်။ ပြည်သူများသည် မနက် ၄ နာရီကတည်းက ငွေထုတ်ယူနိုင်ရန် တိုကင်ယူ၍ တန်းစီစောင့်နေကြခြင်းဖြစ်ပြီး ATM များအလုပ်မလုပ်သဖြင့် ငွေထုတ်လိုသူများ အလွန်များပြားနေကြောင်း သိရသည်။ မြန်မာပြည်ရှိ မြို့ကြီးများတွင် ငွေအပ်နှံလိုသူမရှိဘဲ ငွေထုတ်ယူလိုသူ အလွန်များပြားနေသော်လည်း စစ်ကောင်စီက လူတစ်ဦးအား တစ်ပတ်လျင် အများဆုံး ၁၀ သိန်းနှင့် စီးပွားရေးလုပ်ငန်းတစ်ခုအား သိန်း ၁၀၀ အထိသာ ထုတ်ယူခွင့်ပေးရန် ဘဏ်များကို ညွှန်ကြားထားသည်။ သို့သော် စစ်ကောင်စီပိုင် သတင်းဌာနက ယနေ့ညတွင် အင်တာနက် ငွေကြေးဆိုင်ရာလွှဲပြောင်းမှုများအား AYA၊ KBZ၊ CB၊ အင်းဝ၊တောင်သူလယ်သမားဖွံ့ဖြိုးရေးဘဏ်များတွင် ပြန်လည်အသုံးပြုနိုင်ပီဖြစ်ကြောင်း ကြေညာခဲ့သည်။ မြန်မာအရှေ့တိုင်းဘဏ် (MOB) က CDM ပြုလုပ်သည့် ၎င်း၏ ဝန်ထမ်း ၂၀၀ ကျော်အား အလုပ်ထုတ်လိုက်ကြောင်း Myanmar Now က ဖော်ပြထားသည်။

ယနေ့ပြုလုပ်သော စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် ဖမ်းဆီးထားသူများ၏ နေရာအား ၎င်းတို့အနေဖြင့် လုံခြုံရေးအရ ပြောပြနိုင်ခြင်းမရှိကြောင်း၊ နွေဦးတော်လှန်ရေးအား ပြည်ပအစိုးရများ၏ အထောက်အပံ့ရယူထားသည့် လူအနည်းငယ်ကသာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ မကြာမှီဖွင့်လှစ်မည့် ကျောင်းများတွင် လုံခြုံရေးရယူနိုင်ရန်ဆောင်ရွက်နေကြောင်း၊ Social punishment ပြုလုပ်သူများအား ထိရောက်စွာအရေးယူသွားမည် ဖြစ်ကြောင်း၊ AAPP စာရင်းများသည် လွဲမှားမှုများရှိနေပြီး ၎င်းတို့အနေဖြင့် လူငယ်အမျိုးသားများကို ဦးတည်ဖမ်းဆီးခြင်း မပြုလုပ်ကြောင်း ပြောဆိုခဲ့သည်။ စစ်ကောင်စီအပေါ်အရေးယူထားမှုများအား ၂၀၂၂ ဧပြီလ ၃၀ ရက်အထိ တစ်နှစ်သက်တမ်းတိုးလိုက်ကြောင်း ဥရောပကောင်စီက ကြေညာလိုက်သည်။ အဆိုပါ အရေးယူမှုတွင် စစ်ခေါင်းဆောင်များ၊ စစ်ကောင်စီဝင် အရပ်သားများ၊ လက်နက်ရောင်းချခြင်းများ၊ ဆက်သွယ်ရေးနှင့် ထောက်လှမ်းရေးကိရိယာတင်ပို့ခြင်းများ၊ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ကန့်သတ်ခြင်းများ ပါဝင်သည်။ မြန်မာပြည်၏ သက်တမ်းရှည်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Women League for Burma က ၎င်းတို့၏ အဖွဲ့ဝင်ဟောင်း Mizzima မီဒီယာတည်ထောင်သူတစ်ဦးဖြစ်သည့် သင်းသင်းအောင်အပါအဝင် လူ့အခွင့်အရေးလုပ်ရှားသူအမျိုးသမီးအားလုံးအား လွတ်ပေးရန် စာထုတ်ပြန်လိုက်သည်။

Comments

Popular Posts