ဧပြီ ၃၀၊ ၂၀၂၁ #day89
အာဏာသိမ်းမှုနှင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတို့ကြောင့် ၂၀၂၂ မတိုင်ခင်ကာလအတွင်း မြန်မာ့လူဦးရေ၏ ထက်ဝက်ခန့်သည် ဆင်းရဲတွင်းသို့ သက်ဆင်းနိုင်သည့် အန္တရယ်ရှိနေကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ယနေ့သတိပေးလိုက်သည်။ ဆင်းရဲမွဲတေမှု ၁၃ သန်းခန့်ရှိနေသော မြန်မာပြည်တွင် ၂၀၂၂ မကုန်ခင်တွင် နှစ်ဆခန့်တိုးလာနိုင်ပြီး စစ်အာဏာရှင်အုပ်ချုပ်သည့် ၂၀၀၅ ခုနှစ်အစောပိုင်းကာလများကဲ့သို့ နိုင်ငံဦးရေ၏ ၅၀ ရာခိုင်နှုန်းဖြစ်သည့် ၂၅ သန်းသည် ဆင်းရဲနွမ်းပါးမှုအောက်သို့ ရောက်ရှိမည်ဖြစ်ကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။ ကပ်ရောဂါကြောင့် ပျမ်းမျှအားဖြင့် အိမ်ထောင်စုအားလုံး၏ ၈၃ ရာခိုင်နှုန်းသည် ယခုနှစ်ကုန်ပိုင်းတွင် ဝင်ငွေတစ်ဝက်ခန့် လျော့ကျမည်ဖြစ်ပြီး ဆင်းရဲမွဲတေမှုသည် မြို့ပြဧရိယာများတွင် သုံးဆခန့်တိုးလာဖွယ်ရှိပြီး အမျိုးသမီးများနှင့် ကလေးငယ်များသည် အဆိုပါအကျပ်အတည်းများကို အခံစားရဆုံးဖြစ်ကြောင်း အစီရင်ခံစာက ထောက်ပြထားပါသည်။
တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေသော ဖားကန့်မြို့တွင် စစ်ကောင်စီက ဆန်နှင့် စက်သုံးဆီ တင်သွင်းမှုများအား ပိတ်ဆို့ထားကြောင်း Shan News က ဖော်ပြထားသည်။ ပြည်သူများအနေဖြင့် ဆန် နှင့် ဆီများရှားပြားလာမှုကြောင်း အလုအယက်ဝယ်ယူသိုလှောင်နေကြသဖြင့် ကုန်ဈေးနှုန်းများ မြင့်တက်လာလျက်ရှိကြောင်း သိရသည်။ ဒေသခံတစ်ချို့က စစ်ကောင်စီအနေဖြင့် ရိက္ခာများအား ဖြတ်တောက်ခြင်းသာမက ကုန်သွယ်ရေးလမ်းကြောင်းများ ဖြတ်တောက်ခြင်းဖြင့် ၎င်းတို့ရန်သူများအင်အားချိနဲ့စေရန်အတွက် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း မှတ်ချက်ပေးကြပါသည်။ ဖာကန့်ဒေသတွင် လူဦးရေ ငါးသိန်းခန့်ရှိကြောင်းလည်း သိရသည်။ ဖားကန့်မြို့တွင် ဓာတ်ဆီတစ်ဂါလံသည် ယခင်က ၄၅၀၀ ကျပ် (USD ၂.၈) သာရှိသော်လည် ယမန်နေ့တွင် တစ်ဂါလံ ၉၀၀၀ ကျပ်အထိ မြင့်တက်ခဲ့ပြီး ယနေ့တွင်မူ တစ်ဂါလံလျင် ၁၅၀၀၀ အထိ မြင့်တက်လာကြောင်း Kachin News Group က ဖော်ပြထားပါသည်။
မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံ့နေသော နိုင်ငံတကာရေနံကုမ္ပဏီကြီးများအား NUG မှ တရားစွဲနိုင်ရန် ကြိုးပမ်းနေကြောင်း Myanmar Now က ဖော်ပြထားသည်။ လက်ရှိတွင် ပြင်သစ်အခြေစိုက် Total, အမေရိကန်အခြေစိုက် Chevron၊ တောင်ကိုရီးယားကုမ္ပဏီ Posco နှင့် မလေးရှားပိုင် Petronas ကုမ္ပဏီများက ၎င်းတို့၏ လုပ်ငန်းများအား ဆက်လက်လုပ်ကိုင်နေပါသည်။ ၎င်းတို့အနေဖြင့် ပိတ်ဆို့အရေးယူမှု မခံရသော MOGE မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကိုသာ စာချုပ်စာတမ်းများနှင့် အခွန်ငွေပေးသွင်းနေခြင်းဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။ စွမ်းအင်လုပ်ငန်းသည် စစ်တပ်အတွက် အဓိကဝင်ငွေရလမ်းတစ်ခုဖြစ်နေပြီး Justice for Myanmar ၏ ဖော်ပြချက်အရ ၂၀၂၀/၂၀၂၁ ဘဏ္ဏာနှစ်အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဝင်ငွေ ဒေါ်လာ ၁.၅ ဘီလီယျံရရှိမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာနက ခန့်မှန်းထားပါသည်။ မတ်လ ၁၆ ရက်နေ့က ထုတ်ပြန်သော CRPH ၏ ကြေညာချက်အရ အာဏာသိမ်းကောင်စီ၏ အဓိကဘဏ္ဍာငွေရလမ်းများဖြစ်သည့် ပြည်သူ့အခွန်ငွေများ၊ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများမှ ဝင်ငွေများနှင့် နိုင်ငံတကာချေးငွေများအား ဦးတည်ဖြတ်တောက်မည်ဖြစ်ကြောင်း ကြေညာထားသည်။
စစ်ကောင်စီမှ တစ်ဖက်သတ်အပစ်ရပ်မှုအား မေလကုန်အထိ တစ်လသက်တမ်းတိုးလိုက်ကြောင်း ယနေ့ကြေညာခဲ့သည်။ အစိုးရလုံခြုံရေးနဲ့ အုပ်ချုပ်ရေး ယန္တရားတွေကို နှောင့်ယှက်ထိပါး တိုက်ခိုက်ခြင်းအား တုံ့ပြန်ကာကွယ်ခြင်းကလွဲ၍ ၎င်းတို့အနေဖြင့် စစ်ရေးလုပ်ရှားမှုများပြုလုပ်မည်မဟုတ်ကြောင်း ကြေညာချက်တွင် ထည့်သွင်းထားသည်။ ၎င်းတို့အနေဖြင့် အဆိုပါကာလအတွင်း အပစ်မရပ်ရသေးသည့်အဖွဲ့များနှင့် ဆွေးနွေးခြင်းများအပြင် ငြိမ်းချမ်းရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ စစ်တပ်အနေဖြင့် ယခင်ကလည်းတစ်ဘက်သတ်အပစ်ရပ်မှုများအား အမြဲမပြတ်သက်တမ်းတိုးမှုများပြုလုပ်နေသော်လည်း အမှန်တကယ်တွင် အပစ်မရပ်ဘဲ တိုင်းရင်းသားဒေသများ၌ ထိုးစစ်များကိုပြုလုပ်လေ့ရှိခြင်းကြောင့် ဝါဒဖြန့်ချိရေးသီးသန့်အတွက်သာ ဖြစ်ကြောင်း လူမှုကွန်ယက်အသုံးပြုသူများက ဝေဖန်ကြပါသည်။
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တွင် KNU နှင့် စစ်ကောင်စီတပ်တို့ ယနေ့နံနက် ၁၁ နာရီခန့်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း Khit Thit Media က ဖော်ပြထားသည်။ အဆိုပါပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်မှ ၂ ဦးသေဆုံးခဲ့ပြီး အသက် ၇၀ အရွယ်ရွာသားတစ်ဦးလည်း ထွက်ပြေးတိမ်းရှောင်ရင်း အမောဖောက်၍ သေဆုံးသွားကြောင်း သိရသည်။ အလော့ဘွမ်တောင်ကုန်းတည်ရှိရာ မိုးမောက်မြို့နယ်တိုက်ပွဲတွင် တပ်မ ၇၇ လက်အောက်ရှိ စစ်သား ၂၀ ခန့်သေဆုံးပြီး KIA မှ လက်နက် ၁၈ လက်သိမ်းဆည်းရမိကြောင်း KIA အရာရှိတစ်ဦးက Myanmar Now သို့ပြောဆိုပါသည်။ KIA မှ မတ်လ ၂၅ ရက်နေ့တွင် သိမ်းယူခဲ့သော အလော့ဘွမ်တောင်ကုန်းအား စစ်ကောင်စီမှ ပြန်လည်သိမ်းယူနိုင်ရန် နေ့စဥ်ရက်ဆက်ကြိုးပမ်းနေခြင်းကြောင့် အကျအဆုံးများစွာ ကြုံတွေ့နေရခြင်း ဖြစ်သည်။ စစ်ကောင်စီ၏ လေကြောင်းထိုးစစ်များကြောင့်လည်း KIA စစ်သားတစ်ချို့သေဆုံးကြောင်း သိရသည်။
Comments
Post a Comment