မေ ၁၂၊ ၂၀၂၁ #day101
ရန်ကုန်မြို့လယ်ရှိ Sule Square Complex သည် စစ်တပ်ပိုင်မြေပေါ်တွင် ဆောက်လုပ်ထားခြင်းဖြစ်ကြောင့် Justice for Myanmar က လုပ်ငန်း ၁၈ ခုအား နေရာပြောင်းရွေ့ရန် တောင်းဆိုခဲ့ပြီးနောက် အဆိုပါအဆောက်အအုံတွင် ရုံးဖွင့်ထားကြသည့် Reuters ရုံးအပါအဝင် Coca-Cola, ကမ္ဘာ့ဘဏ်, McKinsey တို့က ၎င်းတို့၏ ရုံးများအား ရွေ့ပြောင်းတော့မည်ဖြစ်ကြောင်း BBC ကဖော်ပြထားသည်။ အဆိုပါမြေသည် စစ်တပ်ပိုင်မြေဖြစ်ကြောင်း UN fact-finding mission က ၂၀၁၉ ခုနှစ်တွင် ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ မေလအတွင်း ၂၀၂၂ ကမ္ဘာ့ဖလား(အာရှဇုန်) ဒုတိယအဆင့်ခြေစစ်ပွဲသွားရောက်ယှဥ်ပြိုင်မည့် မြန်မာလက်ရွေးစင်ဘောလုံးအသင်းအား ဂျပန်နိုင်ငံရောက် မြန်မာ့အရေးတက်ကြွလုပ်ရှားသူများက ကန့်ကွက်သွားမည်ဖြစ်ကြောင်း DVB က ဖော်ပြထားသည်။ အဆိုပါပွဲအား မေလ ၂၈ ရက်နေ့တွင် ယိုကိုဟားမားရှိ Fukuda Denshi Arena ကွင်းတွင် ကျင်းပရန်ပြင်ဆင်ထားပြီး အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်မပြုထားသော ဂျပန်အစိုးရအနေဖြင့် လက်မခံရန် လှုံ့ဆော်နေကြသည်။ စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုများကြောင့် ဟံသာဝတီယူနိုက်တက် U-21 ဘောလုံး အသင်းခေါင်းဆောင် မောင်ချစ်ဘိုငြိမ်းသည် သေဆုံးခဲ့သလို MMA ကစားသမားဖိုးသော်၏ ညီဖြစ်သူ လက်ရွေးစင်ဘောလုံးကစားသမား ကောင်းစည်သူလည်း အဖမ်းခံထားရသည်။ မြန်မာ့လက်ရွေးစင်ကစားသမား အများအပြားသည်လည်း CDM ပြုလုပ်ထားကြောင်း သိရသည်။
ဟားခါးတွင် မေလ ၉ ရက်နေ့က ဖမ်းဆီးခံရသော Pu Tler Ling နှင့် Pu Khamh Bawi တို့သည် ရောဂါဖြင့် သေဆုံးသွားပီဖြစ်ကြောင့် စစ်ကောင်စီ၏ သတင်းစာကထုတ်ပြန်ခဲ့သည်။ သို့သော်မျက်မြင်သက်သေများ၏ အဆိုအရ ၎င်းတို့သည် ဖမ်းဆီးခံရစဥ် အလွန်အကျူးရိုက်နှက်ခံရခြင်းကြောင့် လမ်းပင် မလျှောက်နိုင်သည်ကို တွေ့မြင်ခဲ့ရကြောင်း Khonumthung ကို ပြောဆိုခဲ့သည်။ ၎င်းတို့၏ အလောင်းများပြန်လည်ရရှိမှုမရှိသဖြင့် ကျန်ရစ်သူမိသားစုများက အလောင်းမပါဘဲ ဆုတောင်းဝတ်ပြုခြင်းနှင့် အသုဘကျခြင်းတို့ကို ပြုလုပ်ခဲ့ရသည်။ ကယားပြည်နယ် လွိုင်ကော်မြို့ နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်သော လူထုသပိတ်အား စစ်ကောင်စီတပ်များက အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး အသက် ၁၂ နှစ်အရွယ် ကလေးငယ် ခရစ်တင်းဖြိုးဖြိုးအပါအဝင် ပြည်သူ ၁၀ ဦးထက်မနည်းအား ဖမ်းဆီးလိုက်ကြောင်း Shan News က ဖော်ပြထားသည်။
စစ်ကိုင်းတိုင်း အိန္ဒိယနယ်စပ် တမူးမြို့တွင် စစ်ကောင်စီတပ်နှင့် တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများကြောင့် စစ်ကောင်စီဘက်မှ ၁၅ဦးထက်မနည်း သေဆုံးခဲ့ကြောင်း Myanmar Now က ဖော်ပြထားသည်။ အဆိုပါသေဆုံးသူများထဲတွင် စစ်ကောင်စီတပ်အားအကူအညီပေးနေသည့် အိန္ဒိယနိုင်ငံအစိုးရအားတိုက်ခိုက်နေသော မဏီပူးရ်ပြည်နယ်မှ ကသည်းလက်နက်ကိုင်အချို့လည်း ပါဝင်ကြောင်း သိရသည်။ ထူးခြားမှုအနေဖြင့် တမူးရှိ PDF သည် လက်လုပ်ရိုးရာတူမီးများသာမက AK-47, M-16 ကဲ့သို့ မောင်းပြန်သေနတ်တချို့ကိုင်ဆောင်ပြီး ခုံခံတိုက်ခိုက်နေခြင်းဖြစ်သည်။ ပစ်ခတ်မှုများစတင်ခဲ့သည့် နှစ်လတာကာလအတွင်း စစ်ကောင်စီတပ်ဘက်မှ အယောက် ၃၀ ခန့်သေဆုံးခဲ့ကြောင်း DVB ကဖော်ပြထားသည်။
ဖမ်းဆီးခံထားရသော လူငယ် ၅ ဦးအား ယမန်နေ့ နေ့လည် ၁၂ နာရီနောက်ဆုံးထား၍ ပြန်မလွှတ်ပေးသည့်အတွက် စစ်ကောင်စီနှင့် အပစ်ခတ်ရပ်စဲမှု ပျက်ပြယ်ကြောင်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုခဲ့ကြောင်း Khonumthung media က ဖော်ပြထားသည်။ စစ်ကောင်စီဘက်က ပလက်ဝမြို့နယ် ဆမီးမြို့မှ တပ်အင်အား ၂၀၀ ကျော်ပါရှိသော စစ်ကား ၁၇ စီးကို မင်းတပ်မြို့ သို့ဖြတ်သန်းခွင့်ပြုပြီးမှသာ အဖမ်းခံရသူများလွှတ်ပေးမည်ဖြစ်ကြောင်း ပြောဆိုမှုအား မင်းတပ်နယ်ခံများက ပယ်ချလိုက်ခြင်းဖြစ်သည်။ မင်းတပ်ဒေသခံများ၏ ဆိုရှယ်မီဒီယာများတွင်ရေးသားချက်အရ ယမန်နေ့ညက မြို့အနီးတဝိုက်တွင် ပစ်ခတ်မှုများပြန်လည်ဖြစ်ပွားနေကြောင်း သိရသည်။
ဖမ်းဆီးခံထားရသည့် မန္တလေးအခြေစိုက် Voice of Myanmar ၏ အယ်ဒီတာချုပ် နေမျိုးလင်းနှင့် သတင်းထောက် ရှိုင်းအောင်တို့အား မေလ ၁၂ ရက်နေ့က ပုဒ်မ ၅၀၅ (က) ဖြင့် စစ်ကောင်စီက ရုံးထုတ်ခဲ့ကြောင်း DVB က ဖော်ပြထားသည်။ ထို့အပြင် ပြည်မြို့အခြေစိုက် DVB သတင်းထောက် မင်းညိုအား ယမန်နေ့ရုံးချိန်းတွင် စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ကြောင်း သိရသည်။ အယူခံဝင်ရန်အတွက် ရှေ့နေများနှင့် တိုင်ပင်နေကြောင်း ၎င်း၏ဇနီးသည်က DVB ကို ပြောဆိုပါသည်။ မြိတ်မြို့နယ်တွင် အဖမ်းခံထားရသည့် DVB သတင်းထောက် အောင်ကျော်ကိုလည်း မေလကုန် ဒါမှမဟုတ် ဇွန်လဆန်းတွင် အမိန့်ချဖို့ရှိကြောင်း ၎င်း၏ဇနီးသည်က ပြောဆိုခဲ့သည်။
စစ်ကောင်စီအဖွဲ့ဝင် အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) ပါတီခေါင်းဆောင် ဦးသိန်းညွှန့်က ပါတီရုံးဖွင့်ထားသည့် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ နေအိမ်တွင် ဆက်လက်ဖွင့်ရန် ငြင်းဆိုခဲ့သော ၎င်း၏သားနှင့် ဇနီးဖြစ်သူတို့အား ခြိမ်းခြောက်မှုများပြုလုပ်ခဲ့ပြီးနောက် ၎င်းတို့နှစ်ဦးအား စစ်ကောင်စီတပ်များက ယမန်နေ့မနက်ပိုင်းတွင် လာရောက်ဖမ်းဆီးခဲ့ကြောင်း Myanmar Now ကဖော်ပြထားသည်။ အစိုးရလစဥ်ပြုလုပ်သည့် အောင်ဘာလေထီအား ဝယ်ယူသူအလွန်အမင်းနည်းပါးလာခြင်းကြောင့် တစ်လတစ်ကြိမ်အစား နှစ်လတစ်ကြိမ်သာ ထီဆုမဲဖွင့်ပေးတော့ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ကြောင်း Khit Thit Media က ဖော်ပြထားသည်။ ယခင်ကလည်း အမြင့်ဆုံးဆုဖြစ်သည့် သိန်း ၁၅၀၀၀ အစား သိန်း ၅၀၀၀ အထိလျေ့ာချခဲ့သည်။ လူမှုကွန်ယက်အသုံးပြုသူများက ဘဏ်များမှ၎င်းတို့၏ ငွေများအားထုတ်ပြုရန် ပိုမိုခက်ခဲလာကြောင်း ပြည်သူများသည် ငွေများကိုလက်တွင်မထားလိုတော့ဘဲ ရွှေများကိုဝယ်လာကြသဖြင့် ရွှေစျေးအဆမတန်မြှင့်တက်လာနေပြီဖြစ်ကြောင်း ငြီးညူနေကြပါသည်။
Comments
Post a Comment