မေ ၁၃-၁၄၊ ၂၀၂၁ #day102 #day103
ဆွေးနွေးညှိနှိုင်းမှုပျက်သွားပြီးနောက် ပစ်ခတ်မှုများပြန်လည်ဖြစ်ပွားနေသော ချင်းပြည်နယ် မင်းတပ်မြို့အား စစ်ကောင်စီက Martial Law စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် မေလ ၁၃ ရက်ရက်စွဲဖြင့်ကြေညာလိုက်သည်။ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ၎င်းတို့အနေဖြင့် မင်းတပ်မြို့အား အပြည့်အဝထိန်းချုပ်ထားပြီးဖြစ်သဖြင့် ရှေးယခင် ကိုလိုနစ်ခေတ်ကအသုံးပြုခဲ့သည့် ချင်းဝိသေသတိုင်းအပ်ဥပဒေဖြင့်အုပ်ချုပ်မည်ဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်ဟု Myanmar Now က ဖော်ပြထားသည်။ စစ်ကောင်စီဖက်က အခြားသောဒေသများမှ တပ်များအားစေလွှတ်ပြီး တပ်အင်အားဖြည့်တင်းနေကြောင်း လက်နက်ကြီးများလည်း အသုံးပြုပစ်ခတ်နေကြောင်း မင်းတပ်မြို့ခံများက လူမှုကွန်ယက်တွင် ရေးသားနေကြပါသည်။ အဆိုပါပစ်ခတ်မှုများကြောင့် Chinland Defence Force-Mindat အဖွဲ့မှ သေဆုံးသူ အနည်းဆုံး ၄ ဦးနှင့် ၈ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ခိုက်မှုပြင်းထန်ခဲ့သော မြင်းခြံမြို့နယ် တလုပ်မြို့ကျေးရွာတွင် မြင်းခြံတက္ကသိုလ်သမဂ္ဂအဖွဲ့ဝင် ကျောင်းသား ဇင်ကိုထွန်း အသက် ၂၃ နှစ်သည် အဖမ်းခံရပြီးနောက်တစ်နေ့တွင် ဒဏ်ရာများစွာဖြင့် သေဆုံးခဲ့ကြောင်း ၎င်း၏ မိသားစုဝင်များက Myanmar Now ကိုပြောဆိုသည်။ ၎င်း၏ လက်မောင်းတွင် ထိုးထားသော ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အလံနေရာအား မီးရှို့ဖျက်ဆီးထားကြောင်းလည်းသိရသည်။ မကွေးတိုင်း ပေါက်မြို့တွင် ဒေသခံများက ၎င်းတို့၏ လက်လုပ်သေနတ်များအား စစ်ကောင်စီသို့ အပ်နှံမည်မဟုတ်ကြောင်း ငြင်းဆိုခဲ့ကြသည်။ ဒဂုံတက္ကသိုလ်ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်၍ ကျောင်းတက်နေသည့် ကျောင်းသားနှင့် ၎င်း၏ သူငယ်ချင်း ၂ ဦးကို စစ်ကောင်စီတပ်များက ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း Khit Thit Media ကဖော်ပြထားသည်။ ကျောင်းဝန်ထမ်းတစ်ဦးက စွပ်စွဲသတင်းပို့မှုကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း တက္ကသိုလ်ကျောင်းသားသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။
မြန်မာပြည်၏ ဒုတိယအကြီးဆုံးမြို့ မန္တလေးမြို့တွင် ယမန်နေ့က အနည်းဆုံး ၁၅ နေရာတွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာရသူမရှိသော်လည်း ပျက်စီးဆုံးရှုံးမှုများရှိကြောင်း Khit Thit Media က ဖော်ပြထားသည်။ ရန်ကုန်မြို့ ထောက်ကြန့်မြို့နယ်ရှိ ကညနရုံးတစ်ခုတွင် ယမန်နေ့နေ့လယ်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် အမျိုးသမီး ၁ ဦးထိခိုက်ဒဏ်ရာရသွားကြောင်း မျက်မြင်တွေ့သူတစ်ဦးက DVB ကို ပြောဆိုခဲ့သည်။ မေလ ၁၃ ရက် တရက်ထဲတွင်ပင် ရန်ကုန်မြို့အတွင်း ပေါက်ကွဲမှု ၄ ကြိမ်ထိရှိခဲ့ကြောင်းသိရသည်။ လူမှုကွန်ယက်အသုံးပြုသူများက ဝန်ထမ်းများသည် CDM မပြုလုပ်ဘဲ ရုံးတက်သောကြောင့် ဒဏ်ရာရရှိခြင်းဖြစ်ကြောင်း ကဲ့ရဲ့ရေးသားပြောဆိုနေကြပါသည်။ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် အာဏာဖီဆန်ရေး (CDM) လုပ်ဆောင်ထားသော အခြေခံပညာကျောင်း ဆရာ ၅၇၉ ဦးအား ယာယီရပ်ဆိုင်းခံလိုက်ကြောင်း စစ်ကောင်စီက မေလ ၁၄ ရက်နေ့က ကြေညာခဲ့ကြောင်း DVB က ဖော်ပြထားသည်။
မေလ ၁၀ ရက်နေ့က KNU ဥက္ကဌထုတ်ပြန်ခဲ့သော စာအား ထောက်ခံသည့်အနေဖြင့် KNU တပ်မဟာ ၆ နယ်မြေရှိ ဒူပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုစောရွေမောင်းက မေလ ၁၃ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံရေးပြဿနာအား လက်နက်ဖြင့်မဟုတ်ဘဲ ညှိနှိုင်းဆွေးနွေးအဖြေရှာကြတဲ့နည်းလမ်းဖြင့်သာ ဆောင်ရွက်ကြရန်တိုက်တွန်းလိုက်သည်။ အဆိုပါတိုက်တွန်းမှုအား လူမှုကွန်ယက်အသုံးပြုသူများက ဝေဖန်နေကြပြီး စစ်ကောင်စီသည် ဆွေးနွေးညှိနှိုင်းဖြင့်မပြုလုပ်ဘဲ ပြည်သူများအား ဆက်လက်အကြမ်းဖက်နေမည်သာဖြစ်ကြောင်း ၎င်းအနေဖြင့် လက်ရှိစစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားနေသော တပ်မဟာ ၅ ကိုသာ ထောက်ခံသင့်ကြောင်း ဝေဖန်နေကြပါသည်။ ပုဒ်မ ၆၆(ဃ) နှင့်တရားရင်ဆိုင်နေရသော ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေစိုက် DMG သတင်းဌာန၏ ဝန်ထမ်းနှစ်ဦးဖြစ်သူ နေဝင်းစံနဲ့ နှင်းနွယ်တို့အား စစ်ကောင်စီက တပ်မတော်ကိုအကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅(က) ဖြင့် ထပ်မံတရားစွဲဆိုလိုက်ကြောင်း DVB ကဖော်ပြထားသည်။ စစ်ကောင်စီနှင့် ရခိုင်ပြည်နယ်ရှိ အင်အားကြီး ရခိုင်အမျိုးသားပါတီတို့အကြား သဘောထားတင်းမာမှုများဖြစ်ပွားနေသည်။ ထို့အပြင် ရခိုင်လက်နက်ကိုင်တစ်ဖွဲ့ဖြစ်သည့် Arakan Army သည် မြန်မာပြည်မြောက်ပိုင်းတွင် ၎င်း၏မဟာမိတ်များနှင့်အတူ တပ်စခန်းများကို တိုက်ခိုက်မှုပြုလုပ်နေကြောင်း သတင်းများထွက်ပေါ်နေသည်။
စစ်ကောင်စီက ခွင့်ပြုခဲ့သည့် ဒေါ်လာ ၂.၅ ဘီလျီယံတန် ရင်းနှီးမြှပ်နှံမှုမှာ တရုတ်ကုမ္ပဏီများကျောထောက်နောက်ခံပြုထားသည့် ဧရာဝတီတိုင်း မီးလင်းချိုင်တွင် အကောင်အထည်ဖော်မည့် မြန်မာ့ အကြီးဆုံးသဘာဝဓာတ်ငွေ့ရည် (LNG) သုံး လျှပ်စစ်စီမံကိန်းဖြစ်ကြောင်း Myanmar Now က ဖော်ပြထားသည်။ စုစုပေါင်း လျှပ်စစ်မဂ္ဂါဝပ် ၁၃၉၀ ထုတ်လုပ်မည့် အဆိုပါစီမံကိန်းအား ယခင် NLD အစိုးရခေတ်ကတည်း အစပျိုးဆောင်ရွက်ခဲ့သော စီမံကိန်းဖြစ်ကြောင်းလည်းသိရသည်။
ရန်ကုန်မြို့ရှိ လူဦးရေ ၆ သိန်းလောက်အား စားနပ်ရိက္ခာထောက်ပံ့နိုင်ရန်အတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP အား ဂျပန်အစိုးရက အမေရိကန်ဒေါ်လာ ၄ သန်းပေးအပ်လိုက်ကြောင်း DVB က ဖော်ပြထားသည်။ WFP ၏ မြန်မာနိုင်ငံမြို့ပြဒေသများရှိ ဆင်းရဲနွမ်းပါးမှုအမြင့်ဆုံးမြို့နယ်များမှ လူဦးရေ သိန်း ၂၀ အတွက် စားနပ်ရိက္ခာတွေထောက်ပံ့ပေးမယ့် အစီအစဥ်၏ တစိတ်တပိုင်းလည်းဖြစ်ကြောင်းလည်းသိရသည်။ စားနပ်ရိက္ခာများအား မေ ၁၃ ရက်ကစပြီး ရန်ကုန်ရှိ လှိုင်သာယာမြို့နယ်တွင် စတင်ဖြန့်ဖြူးပေးနေပြီဖြစ်ကြောင်းသိရပြီး WFP အနေဖြင့် ပြည်သူများ၏ လက်ဝယ်သို့အရောက် တိုက်ရိုက်ပေးအပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
Comments
Post a Comment