မေ ၁၅၊ ၂၀၂၁ #day104

 

ယနေ့မနက် ၇ နာရီခန့်မှစ၍ ချင်းပြည်နယ်တောင်ပိုင်းရှိ မင်းတပ်မြို့တွင် စစ်ကောင်စီတပ်များနှင့် မြို့ခံများဖြင့်ဖွဲ့စည်းထားသည့် Chinland Defence Force – Mindat အကြားတိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ စစ်ကောင်စီဘက်မှ ရဟတ်ယာဥ်များဖြင့် ၈ ခေါက်ခန့် လူအင်အားများဖြည့်ဆီးခဲ့ပြီး လက်နက်ကြီးများဖြင့် အကြိမ် ၅၀ ဝန်းကျင်ခန့် ယနေ့ညနေ ၃ နာရီအထိ မြို့ထဲသို့ ပစ်ခတ်ခဲ့ကြောင်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က VOA သို့ပြောဆိုခဲ့သည်။ မင်းတပ်မြို့မှ ၁၈ မိုင်ခန့်ဝေးကွာသော မကွေးတိုင်း ကျောက်ထုမြို့မှလည်း လက်နက်ကြီးများဖြင့် မင်းတပ်မြို့သို့ ပစ်ခတ်ခဲ့ကြောင်း Irrawaddy ကဖော်ပြထားသည်။ ဒေသခံ ၁၅ ဦးခန့်ကိုလည်းဖမ်းဆီးပြီး လူသားဒိုင်းကဲ့သို့အသုံးပြု၍ တပ်ရင်း ၂၇၄ က မြို့အတွင်းသို့ဝင်လာသောကြောင့် ၎င်းတို့အနေဖြင့် ပြန်လည်ခုံခံခြင်းမပြုလုပ်နိုင်ခဲ့ကြောင်း တပ်အင်အား ၁၀၀၀ ခန့်ဖြင့် မြို့အရှေ့ဖက်နှင့် အနောက်ဖက်တို့မှ ပိတ်ဆို့တိုက်ခိုက်ခဲ့သဖြင့် ယနေ့ ညနေပိုင်းတွင် CDF အနေဖြင့် မြို့အတွင်းက ဆုတ်ခွာပေးခဲ့ရကြောင်း သိရသည်။ ဒေသခံမီဒီများမှတစ်ဆင့် နောက်ဆုံးရရှိသော သတင်းများအရ CDF အဖွဲ့ဝင် ပြီးခဲ့သည့် ၄၈ နာရီအတွင်း ၅ ဦးခန့်သေဆုံးခဲ့ကြောင်းသိရသည်။ ပြည်သူများဖက်က ထိခိုက်သေဆုံးသူနှင့် ဒဏ်ရာရရှိသူများအား အတိအကျမသိရသေးသော်လည်း နေအိမ်အပြင်ထွက်သူတိုင်းအား ပစ်ခတ်နေသောကြောင့် ဆေးကုသခွင့်လည်း မရရှိကြောင်းသိရသည်။ ချင်းပြည်နယ်အခြေစိုက် Zalen မီဒီယာ၏ ဖော်ပြချက်အရ စစ်ကောင်စီတပ်များသည် မြို့အတွင်း တစ်အိမ်ဝင်တစ်အိမ်ထွက် စစ်ဆေးနေပြီး ယောကျားလေးမှန်သမျှအား ဖမ်းဆီးနေသဖြင့် ဒေသခံများတောထဲသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။ 

ချင်းလူ့အခွင့်အရေးအဖွဲ့ကလည်း မင်းတပ်မြို့သည် စစ်တပ်၏ ပိတ်ဆို့မှုခံနေရသောကြောင့် စစ်ရာဇဝတ်များဖြစ်ပွားလာနေကြောင်း သတိပေးချက်ထုတ်ပြန်ခဲ့သည်။ မင်းတပ်သည် ၄၈ နာရီအတွင်း စစ်မြေပြင်ဖြစ်လာကြောင်းနှင့် နေရပ်စွန့်ခွာမှုများဖြစ်ပွားလာနိုင်သဖြင့် နိုင်ငံတကာအနေဖြင့် မြန်မြန်အရေးယူပေးရန် NUG က တောင်းဆိုလိုက်သည်။ မြန်မာပြည်ဆိုင်ရာ UK သံရုံးကလည်း ၎င်းတို့အနေဖြင့် မင်းတပ်မြို့တွင် စစ်တပ်ကကျူးလွန်သော အကြမ်းဖက်မှုများအား ၎င်းတို့အနေဖြင့်သိရှိကြောင်းနှင့် ကုလသမဂ္ဂအချက်အလက်စုဆောင်းရေးအဖွဲ့ထံသို့ သက်သေများပေးပို့ကြရန် တောင်းဆိုလိုက်သည်။ မြန်မာနိုင်ငံဆိုင်ရာ US သံရုံးက စစ်မြေပြင်တွင် အသုံးပြုသော လက်နက်များအား မင်းတပ်တွင်အသုံးပြုခြင်းသည် မည်သို့မျှမဖြစ်သင့်ကြောင်း ရှုတ်ချခဲ့သည်။ CDF အနေဖြင့် ယမန်နေ့ပစ်ခတ်မှုများအတွင်း စစ်ကား ခြောက်စီးအား မီးရှို့ခဲ့ပြီး စစ်လက်နက်ပစ္စည်းများအား သိမ်းယူခဲ့သောကြောင့် စစ်ကောင်စီတပ်များက အငြိုးဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း လူမှုကွန်ယက်တွင် ဝေဖန်နေကြပါသည်။ ထို့အပြင် လူမှုကွန်ယက်အသုံးပြုသူများက မင်းတပ်အနီးရှိ အခြားသောမြို့များမှလည်း တစ်ချိန်တည်း စစ်တပ်အားတိုက်ခိုက်ကြရန် NUG အနေဖြင့် မင်းတပ်အား အမြန်ဆုံးအကူအညီပေးရန် နှိုးဆော်နေကြသော်လည်း မည်သည့်လုပ်ဆောင်မှုမှ အကောင်အထည်ပေါ်လာခြင်းမရှိခြင်းကြောင့် စိတ်ပျက်ဝမ်းနည်းရကြောင်း ရေးသားနေကြပါသည်။ 

ချင်းပြည်နယ် ဟားခါးမြို့တွင် Chinland Defence Force – Hakha က ယာဥ်ထိန်းတပ်ဖွဲ့မှု ရဲမှူးအပါအဝင် လူလေးဦးအား ဖမ်းဆီးလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ စစ်ကောင်စီက ဖမ်းဆီးထားသူများနှင့် လဲလှယ်ရန်တောင်းဆိုလိုက်ပြီး ယနေ့ညအထိ လိုက်လျောမှုမရှိပါက ၎င်းတို့၏ အသက်များအား တာဝန်ယူမည်မဟုတ်ကြောင်းလည်း အဖွဲ့ဝင်တစ်ဦးက Irrawaddy ကိုပြောဆိုခဲ့သည်။ ယမန်နေ့က ဟားခါးမြို့ပေါ်တွင် ဆန္ဒပြမှုကြောင့် အသက် ၁၆ နှစ်မပြည့်သေးသည့် လူငယ်နှစ်ဦးကိုလည်း စစ်ကောင်စီတပ်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။ စစ်ကောင်စီခန့်အပ်ထားသော ရွေးကောက်ပွဲကော်မရှင်က လာမယ့် မေ ၂၁ ရက်နေ့တွင် ပါတီ ၉၀ ကျော်နှင့် ဒုတိယအကြိမ်တွေ့ဆုံရန် ဖိတ်ကြားလိုက်သည်။ အဆိုပါအစည်းအဝေးတွင် NLD ပါတီကိုလည်း ဖိတ်ကြားထားကြောင်း အစည်းအဝေးတွင် အချိုးကျရွေးကောက်ပွဲစနစ်အတွက် ညှိနှိုင်းမှုပြုလုပ်ရန်ဖြစ်ကြောင်း ကော်မရှင် ညွှန်ကြားရေးမှူး ဦးခင်မောင်ဦးက VOA ကိုပြောဆိုခဲ့သည်။ စစ်ကောင်စီသည် NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အားလုံးနီးပါးအား ဖမ်းဆီးထားသည်။ 

စစ်ကိုင်းတိုင်း ရွှေဘိုမြို့ ၏ အဓီက စျေးကြီးတစ်ခုဖြစ်သော ရွှေဘိုစည်ပင်သာယာစျေးမှာ မေလ ၁၅ ရက်နေ့ မနက် ၂ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း Freedom News Group ကဖော်ပြခဲ့သည်။ စျေးကြီးသည် မီးသတ်ရုံးအနီးတွင်ရှိသော်လည်းဘဲ မီးသတ်သမားများအား မီးငြိမ်သတ်ခြင်းမပြုရန် စစ်ကောင်စီတပ်များက ခြိမ်းခြောက်ခဲ့ကြောင်း အနီးရှိ လူမှုကွန်ယက်အသုံးပြုသူများက အွန်လိုင်းတွင်ရေးသာကြသည်ကိုတွေ့ရသည်။ ထို့အပြင် ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အဆိုပါမီးလောင်မှုသည် စစ်ကောင်စီနှင့် ၎င်း၏အပေါင်းအပါများက တမင်တကာရှို့ခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ချက်ကို Mizzima က ဖော်ပြထားသည်။ မီးလောင်မှုကြောင့် ဈေးဆိုင်ပိုင်ရှင်အများအပြား ပစ္စည်းများဆုံးရှုံးခဲ့ကြောင်း သိရသည်။ ရန်ကုန်မြို့ ကမာရွတ်မြို့နယ်အတွင်းရှိ အထက်တန်းကျောင်း အ.ထ.က (၅) တွင် မေလ ၁၄ ရက်နေ့က ဗုံး ၆ လုံး တွေ့ရှိကြောင်း DVB ကဖော်ပြထားသည်။
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ကက်သလစ်ဘုန်းတော်ကြီး ကိုလန်ဘန်လာဒီးအား မေလ ၁၄ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်များက ဖမ်းဆီးလိုက်ကြောင်း DVB ကဖော်ပြထားသည်။ ၎င်းသည် CDM ပြုလုပ်နေသူများအား ကူညီပေးနေခြင်းကြောင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးက ပြောဆိုခဲ့သည်။ DVB ၏ ဖော်ပြချက်အရ မွန်ပြည်နယ် မုဒုံမြို့ရှိ CDM ပြုလုပ်သူ အခြေခံပညာ ဆရာ ၂၁၉ ဦးအား ခွင့်မဲ့ပျက်ကွက်ခြင်းကြောင့် တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း စစ်ကောင်စီက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဧပြီလ ၁၈ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရသည့် ဂျပန်သတင်းထောက် Yuki Kitazumi ကို စစ်ကောင်စီက စွဲဆိုချက်များရှုတ်သိမ်းပြီး ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း VOA ကဖော်ပြခဲ့သည်။ ၎င်းသည် မေလ ၁၄ ရက်နေ့က ဂျပန်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။ လက်ရှိအချိန်အထိ စစ်ကောင်စီကဖမ်းဆီးခဲ့သော သတင်းထောက်ပေါင်း ၈၀ ကျော်ရှိပြီး ၄၅ ယောက်ထက်မနည်း ဖမ်းဆီးခံထားရဆဲဖြစ်ပြီး အများစုသည် ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရသည်။

Comments

Popular Posts