မေ ၁၈-၁၉၊ ၂၀၂၁ #day107 #day108

 

စစ်တပ်သတင်းပေးအဖြစ် နာမည်ထွက်နေသူများ မြန်မာပြည်အနှံ့တွင် လုပ်ကြံသတ်ဖြတ်ခံနေရသည်။ မေလ ၁၈ ရက် မနက် ၅ နာရီ ဝန်းကျင်တွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ အမှတ် ၃ အုပ်ချုပ်ရေးမှူးဖြစ်သူသည် ဦးခေါင်းသေနတ်ဖြင့် ပစ်ခံရပြီး သေဆုံးခဲ့ကြောင်းသိရသည်။ ထို့အပြင် ၎င်း၏ ရုံးအနီးတွင် ဗုံးနှစ်ကြိမ်ပေါက်ကွဲခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက Khit Thit Media သို့ပြောဆိုခဲ့သည်။ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် စစ်ကောင်စီခန့်အပ်ထားသော ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ယနေ့မနက်က သေနတ်နှင့် ပစ်သတ်ခံခဲ့ရကြောင်း မျက်မြင်တွေ့ရှိသူများက DVB ကိုပြောဆိုခဲ့သည်။ ၎င်းသည် စစ်တပ်မှ ဒုတပ်ရင်းမှူးနဲ့ အငြိမ်းစားထားသူဖြစ်ပြီး ကြံ့ခိုင်ရေးပါတီအဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်းလည်းသိရသည်။ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်တွင်လည်း သတင်းပေး ဒလန်အဖြစ်နာမည်ထွက်နေသော လင်မယားနှစ်ဦးစလုံးအား အမည်မသိလက်နက်ကိုင်တစ်စုက ပစ်သတ်သွားကြောင်း Kantarawaddy Times က ဖော်ပြထားသည်။

ယခင်ရက်များက ပစ်ခတ်မှုများဖြစ်ပွားခဲ့သော ချင်းပြည်နယ် တီးတိန်မြို့တွင် ယနေညနေတွင် ဗုံးပေါက်ကွဲမှုကြောင့် အသက် ၁၀ အရွယ် ကလေးငယ် Lian Muan Sang သည် ပြင်းထန်စွာဒဏ်ရာရရှိပြီးနောက် သေဆုံးခဲ့ကြောင်း Zalen မီဒီယာက ဖော်ပြထားသည်။ ၎င်းသည် သူ၏မိခင်အား ကူညီ၍ အလုပ်လုပ်ပေးနေသော လိမ်မာသည့် ကလေးငယ်ဖြစ်ကြောင်း နယ်ခံများက ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာများတွင် မှတ်ချက်ပြုနေကြပါသည်။ အာဏာသိမ်းမှုပြီးနောက် တီးတိန်မြို့တွင် သေဆုံးသူ ၅ ဦးအထိရှိပြီဖြစ်သည်။ စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် မင်းတပ်မြို့တွင် ဒေသခံ တစ်သောင်းဝန်းကျင်ခန့် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်းသိရသည်။ စစ်ဘေးရှောင်စခန်း ၇ သို့ရောက်ရှိနေသူ မြို့ခံ ၃၀၀၀ ခန့်ရှိကြောင်း Myanmar Now က ဖော်ပြထားသည်။ ထို့အပြင် မြို့အတွင်းရေပေးဝေနေမှုအား စစ်ကောင်စီတပ်များက ယမန်နေ့က ပိတ်ဆို့လိုက်သဖြင့် ပြည်သူများ အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။ မင်းတပ်မြို့အနီး ကန်ပလက်မြို့တွင်လည်း မြို့ခံများသည် ၎င်းတို့၏ နေအိမ်များတွင် နေထိုင်ရဲခြင်းမရှိတော့ဘဲ ၎င်းတို့၏ လယ်ယာများ သို့မဟုတ် ဇာတိရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံတစ်ဦး၏ ပြောဆိုချက်အရသိရှိရသည်။  

စစ်ကောင်စီခန့်အပ်သော ရွေးကောက်ပွဲကော်မရှင်ဖိတ်ကြားသည့် အစည်းအဝေးအား တက်ရောက်တော့မည်မဟုတ်ကြောင်း ရခိုင်အမျိုးသားပါတီ ANP က Western News သို့ ပြောဆိုခဲ့သည်။ ၎င်းပါတီသည် ရခိုင်ပြည်နယ်စစ်ကောင်စီတွင် ပါဝင်နေသော်လည်း ၎င်းတို့၏တောင်းဆိုချက်များအား လိုက်လျောမှုမရှိသောကြောင့် စစ်ကောင်စီနှင့် လက်တွဲဖြုတ်ရန် သုံးသပ်နေပြီကြောင်း ယခင်ကပြောဆိုခဲ့သည်။ အာဏာသိမ်းဆန့်ကျင်မှု ဆန္ဒပြမှုအား အားနည်းခြင်းကြောင့် လူမှုကွန်ယက်အသုံးပြုသူများ၏ ဝေဖန်ခံနေရသော ဧရာဝတီတိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား မြို့နယ်ကိုးမြို့နယ်တွင် ဖွဲ့စည်းပြီးစီးပီဖြစ်ကြောင်း သိရသည်။ ဧပြီလ ၁၆ ရက်နေ့ကလည်း ပြည်သူများအားကာကွယ်ရန်အတွက် Ayeyarwaddy Federal Army အား ဖွဲ့စည်းခဲ့ကြောင်း DVB ကဖော်ပြထားသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နှစ်ရက်အတွင်း စစ်ကောင်စီ၏ ဆီကား ၇စီးအား KIA မှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Kachinwaves က ဖော်ပြထားသည်။ ပြည်ထောင်စုကားလမ်းမကြီးတွင်သွားလာနေသော ဆီကားတစ်စီးကား အရပ်ဝတ်ဖြင့် လူတစ်ဦးက RPG ဖြင့် ပစ်ခတ်နေသော ဗီဒီယိုဖိုင်တစ်ခုလည်း အင်တာနက်တွင် ပြန့်နှံ့နေပါသည်။ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းဖြစ်ပွားသော တိုက်ပွဲများအကြားတွင် နမ္မတူမြို့နယ်ရှိ မီးရှို့ခံခဲ့ရသော နေအိမ် (၁၁၇) အတွက် နေအိမ်ပိုင်ရှင်များအား SSPP/SSA အဖွဲ့က ကျပ်သိန်း (၆၃၀) သိန်း ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း Shan News က ဖော်ပြထားသည်။ 

ကုလသမဂ္ဂအထွေထွေညီလာခံတွင် မြန်မာပြည်အား လက်နက်တင်ပို့မှုပိတ်ဆို့နိုင်ရေး ဆွေးနွေးမည့်အစီအစဥ်အား ရက်ရွေ့ဆိုင်းလိုက်ကြောင်း ရိုက်တာသတင်းဌာနကဖော်ပြထားသည်။ ဥပဒေအရသက်ရောက်မှုမရှိသော်လည်း နိုင်ငံရေးအရဖိအားပေးခြင်းဖြစ်မည့် အဆိုပါဆုံးဖြတ်ချက်မှုကြမ်းအား ဥရောပနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၄၈ နိုင်ငံက ထောက်ခံထားကြောင်းသိရပြီး အာရှနိုင်ငံများထဲတွင် တောင်ကိုးရီးယားတစ်နိုင်ငံတည်းသာပါဝင်ကြောင်းသိရသည်။ အာစီယံနိုင်ငံများအပါအဝင် နိုင်ငံများ၏ထောက်ခံမှုများများရစေရန်အတွက် စည်းရုံးနိုင်ရန် အချိန်ယူခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုမှုများရှိပါသည်။ ယခုတစ်ပတ်အတွင်း ရုရှားနိုင်ငံသို့ စစ်တပ်၏ ထိပ်ပိုင်းအရာရှိအချို့ သွားရောက်ခဲ့ကြောင်း Irrawaddy ကဖော်ပြထားသည်။ ၎င်းတို့နှင့်အတူ လက်နက်ပွဲစားအဖြစ်နာမည်ဆိုးဖြင့်ကျော်ကြားသည့် ခရိုနီ ဦးတေဇလည်း လိုက်ပါသွားကြောင်းသိရသည်။ ရုရှားနိုင်ငံ၏ ဒုတိယကာကွယ်ရေးဝန်ကြီးသည် အာဏာသိမ်းပြီးနောက် မြန်မာပြည်အားအလည်လာခဲ့ဘူးပြီး ယခုစစ်ခေါင်းဆောင်များသွားရောက်သော ခရီးစဥ်သည် လက်နက်ရောင်းဝယ်ခြင်းများအပါအဝင် ပမာဏကြီးမားသည့် အရောင်းအဝယ် အခု ၂၀ ကျော်အတွက် ဆွေးနွေးရန်ဖြစ်ကြောင်း သတင်းပေးများက Irrawaddy ကို ပြောဆိုသည်။

စစ်တပ်၏ ဖမ်းဆီးခြင်းခံရပြီး ပြန်လည်လွတ်မြောက်ခဲ့သော ဂျပန်သတင်းထောက်က စစ်ကောင်စီ၏စစ်ကြောရေးစခန်းများတွင် မတရားဖမ်းဆီးထိန်းသိမ်းခံရသော နိုင်ငံရေးလှုပ်ရှားသူများအား သေစေလောက်အောင် ညှဉ်းပန်းနှိပ်စက်ခံရခြင်းနှင့် စစ်ကြောမေးမြန်းခြင်းများပြုလုပ်ခံနေရကြောင်း DVB နှင့် အင်တာဗျူးတွင်ပြောဆိုခဲ့သည်။ ၎င်းသည် နှစ်ကြိမ်တိုင်အဖမ်းခံခဲ့ရပြီး ၁ လ နီးပါးကြာ ထောင်ထဲတွင် နေထိုင်ခဲ့ရသည်။ ကမ္ဘာ့ဒုတိယအကြီးဆုံး ဆွီဒင်အဝတ်အထည်လက်လီကုမ္ပဏီကြီး ဖြစ်သည့် H&M က ၎င်းတို့၏ မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများမှ အပ်ထည်အသစ်များ ပြန်လည်မှာယူတော့မည်ဟု ရိုက်တာသတင်းဌာနအား ပြောဆိုခဲ့ကြောင်း Eleven Media ကဖော်ပြထားသည်။ အထည်ချုပ်စက်ရုံများ ပိတ်သိမ်းလိုက်ရပါက သောင်းနဲ့ချီသော အထည်ချုပ်လုပ်သားများ အလုပ်အကိုင်ဆုံးရှုံးသွားနိုင်သော အခြေအနေကို မရောက်စေလို၍ဖြစ်ကြောင်း ၎င်းကုမ္ပဏီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ အဆိုပါသတင်းအပေါ် လူမှုကွန်ယက်အသုံးပြုသူအများစုက စစ်တပ်နှင့်ပြန်လည်ဆက်ဆံလိုသည့်သဘောသက်ရောက်သဖြင့် ကန့်ကွက်ဆန့်ကျင်နေကြပြီး အချို့ကမူ အလုပ်သမားများ၏ စားဝတ်နေရေးအတွက် စာနာကြောင်း ဖော်ပြကြသည်။ စစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူရန်အစီအစဥ်မရှိသေးကြောင်း သြစတေးလျအစိုးရပြောဆိုခဲ့ပြီးနောက်တွင် မြန်မာပြည်ရှိ အရပ်ဘက်အဖွဲ့အစည်း ၃၉၀ ဖွဲ့ က ယခုအထိအရေးယူဆောင်ရွက်မှု တစုံတရာမပြုလုပ်သေးခြင်းအပေါ် အလွန်အမင်းစိတ်ပျက်မိကြောင်းနှင့် အရေးယူမှုများ အလျင်အမြန်ဆောင်ရွက်ပေးရန် ဩစတြေးလျနိုင်ငံနိုင်ငံခြားရေးဝန်ကြီးထံသို့ တောင်းဆိုလိုက်သည်။

Comments

Popular Posts