မေ ၂၀-၂၁၊ ၂၀၂၁ #day109 #110

 

စစ်မီးများသည် ကယားပြည်နယ်သို့ ပြန့်နှံ့လာခဲ့သည်။ အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်တိုက်ခိုက်မှုများမရှိသေးသော ကယားပြည်နယ်တွင် ယမန်နေ့ မေလ ၂၀ နေ့က စစ်တပ်နှင့် ကယားပြည်နယ်အခြေစိုက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ ဖားဆောင်းနှင့် ဘောလခဲမြို့နယ်အကြားတွင် သုံးနာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Myanmar Now ကဖော်ပြထားသည်။ စစ်တပ်ဘက်က လက်နက်ကြီးများအသုံးပြုခဲ့ပြီး စစ်အင်အားများ ဖြည့်တင်းနေကြောင်းလည်း KNPP တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့သည်။ KNPP နယ်မြေတွင် လူငယ်များအား စစ်သင်တန်းပေးနေခြင်းကြောင့် ထိုးစစ်ဆင်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများရှိပါသည်။ ထို့အပြင် ယနေ့မေလ ၂၁ ရက်နေ့တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း Mizzima က ဖော်ပြထားသည်။ ယမန်နေ့က စစ်သားများက ပြည်သူများကို ပစ်ခတ်ဖမ်းဆီးမှုများပြုလုပ်သဖြင့် ပြန်လည်ခုခံကာကွယ်ရခြင်းဖြစ်ကြောင်း သိရသည်။ ကယားပြည်နယ်အခြေစိုက် PDF တပ်မှ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တစ်ခုအား သိမ်းပိုက်ပြီး မီးရှို့ထားသည့် ဗီဒီယိုဖိုင်များ လူမှုကွန်ယက်တွင် ပြန့်နှံ့လာပါသည်။ လမ်းသွားလမ်းလာတစ်ဦး စစ်တပ်က ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီး အခြားထိခိုက်သေဆုံးမှုများ သိရခြင်းမရှိသေးပေ။

ဖလမ်း-ကလေးလမ်းမပေါ်တွင် CDF-Falam ၏ ပစ်ခတ်မှုကြောင့် ဗိုလ်ကြီးတစ်ဦးအပြင် စစ်ကောင်စီဘက်က ၆ ဦးသေပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း CDF ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။ ၎င်းတို့ဘက်က Salai Cung Nawl Piang လည်း ကျဆုံးခဲ့ကြောင်းသိရသည်။ ကရင်ပြည်နယ်စစ်ကောင်စီ စွပ်စွဲသကဲ့သို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ၏ တပ်ဖွဲ့ဝင်များကို စစ်သင်တန်းပေးနေခြင်းမရှိကြောင်း ကရင်အမျိုးသားအစည်းရုံး (KNU) အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်းက ငြင်းဆိုခဲ့သည်။ ကရင်ပြည်နယ်စစ်ကောင်စီက NUG ၏ PDF အဖွဲ့ဝင်များကို KNU ထိန်းချုပ်နယ်မြေ တပ်မဟာ (၁)၊ (၂)နှင့် (၇) နယ်မြေများတွင် စစ်သင်တန်းပို့ချနေကြောင်း မေ ၁၈ ရက်က KNU ထံသို့ စာပေးပို့ခဲ့ခြင်းဖြစ်သည်။ 

ဆန္ဒပြမှုများနေရာအနှံ့ဖြစ်ပွားနေခြင်းနှင့် ထွက်ပြေးသော စစ်သားများများပြားလာသဖြင့် စစ်ကောင်စီသည် ၎င်းတပ်သားများ၏ မိသားစုဝင်များအား တစ်နေ့လျင် ကျပ်ငွေ ၇၀၀၀ (USD 4.5) ခန့်ပေးပြီး စစ်ယူနီဖောင်းဝတ်၍ မြို့တွင်းလုံခြုံရေးတာဝန်များထမ်းဆောင်ခိုင်းနေကြောင်း DVB က ဖော်ပြထားသည်။ ထို့အပြင် အငြိမ်းစား စစ်သားဟောင်းများကိုလည်း တာဝန်ပြန်ပေးရန် စီစဥ်နေကြောင်း CDM ပြုလုပ်ခဲ့သည့် အရာရှိများက ပြောဆိုသည်။ မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်ရှိ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးခင်မောင်ကြည်အပါအဝင် ဒေသခံ ၆ ဦးအား စစ်တပ်က မေလ ၁၉ ရက်နေ့တွင် ဖမ်းခေါ်သွားပီး နောက်တစ်ရက် မေလ ၂၀ ရက်နေ့တွင် ဦးခင်မောင်ကြည်သည် အပြင်းအထန်နှိပ်စက်ခံရမှုကြောင့် သေဆုံးသွားကြောင်း Myanmar Now က ဖော်ပြထားသည်။ 

စစ်ကောင်စီခန့်အပ်ထားသော ရွေးကောက်ပွဲကော်မရှင်က ယနေ့ နိုင်ငံရေးပါတီ ၆၂ ပါတီနှင့်တွေဆုံသော အစည်းအဝေးတွင် NLD ကို မဲလိမ်လည်မှုနှင့် နိုင်ငံတော်သစ္စာဖောက်မှုများကြောင့် ဖျက်သိမ်းမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ NLD အစိုးရလက်ထက်က COVID ရောဂါကာကွယ်ရေး ရန်ပုံငွေအတွက် လှူဒါန်းငွေများအား စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာက စစ်ကောင်စီလက်ထက်တွင် အလှူငွေများရရှိနေသည့်ဟန် ကြေညာနေသဖြင့် အမှန်တကယ်လှူဒါန်းထားသူများက အဆိုပါလုပ်ရက်သည် အရှက်မရှိသော လုပ်ရပ်အဖြစ် ရှုတ်ချနေကြကြောင်း Khit Thit Media က ဖော်ပြသည်။ 

NUG က ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေးအတွက် ၎င်း၏ အစိုးရအဖွဲ့ဝင်များဖြင့် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေရေးရာကော်မရှင်ကို မေလ ၂၀ ရက်နေ့က ဖွဲ့စည်းခဲ့သည်။ လူမှုကွန်ယက်အသုံးပြုသူအချို့က လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကတည်းကရှိခဲ့သည့် FPNCC မူကြမ်း အား ပြန်လည်အသုံးပြုခြင်းမရှိခြင်းနှင့် ရှမ်းနှင့် ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ်များပါဝင်လာခြင်းမရှိသည်ကို ဝေဖန်နေကြသည်။ ထို့အပြင် တိုင်းရင်းသားအစုံအလင်ပါသည်ဟု ယူဆရသော NUG ၏ အတိုင်ပင်ခံကောင်စီဖြစ်သော NUCC အပေါ်အခြေခံ၍ ဖွဲ့စည်းခြင်းမရှိသည်ကိုလည်း ထောက်ပြနေကြသည်။ 

အကြမ်းဖက်လုပ်ရပ်များရပ်တန့်ခြင်းမရှိပါက ၎င်း၏ တရား၀င်ဖွံ့ဖြိုးရေးအကူအညီ (ODA) များအား ရပ်တန့်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေး၀န်ကြီး တိုရှီမစ်ဆုမိုတဲဂီက Nikkei ကို ပြောခဲ့သည်။ ဂျပန်သည် မြန်မာပြည်အား ဖွံ့ဖြိုးရေးအကူအညီအများဆုံးထောက်ပံ့ထားသည့် နိုင်ငံဖြစ်ပြီး ၂၀၁၉ ဘဏ္ဍာနှစ် တစ်နှစ်တည်းတွင် ထောက်ပံ့ငွေ ဒေါ်လာ ၁ ဒသမ ၇၄ ဘီလီယံ ဝန်းကျင်အထိရှိကြောင်းသိရသည်။ စစ်တပ်စခန်းတစ်ခု၏ ပစ်ခတ်မှုကြောင့် ထိုင်းနိုင်ငံဘက်သို့ လက်နက်ကြီးကျည် ၃ လုံး ကျရောက်ခဲ့သည့်အပေါ် ထိုင်းစစ်တပ်က သတိပေးစာပေးပို့သွားမည်မှု ဘန်ကောက်ပို့စ်သတင်းကရေးသားထားသည်။ အဆိုပါနယ်စပ်အနီးတဝိုက်တွင် စစ်ကောင်စီတပ်များနှင့် KNU တပ်မဟာ ၅ တို့ စစ်ရေးတင်းမာလျက်ရှိသည်။ CDM ပြုလုပ်နေကြသော နိုင်ငံပေါင်း ၂၀ ကျော်ရှိ မြန်မာသံတမန် ၁၀၀ ကျော်အား မြန်မာပြည်သို့ ပြန်လာကြရန် စစ်ကောင်စီက အမိန့်ထုတ်ပြန်လိုက်ကြောင်း DVB က ဖော်ပြထားသည်။

Comments

Popular Posts