မေ ၂၂၊ ၂၀၂၁ #day111
ယနေ့သည် မြန်မာပြည်အနှံ လူပေါင်း သန်းချီပါဝင်ခဲ့ကြသည့် ၂၂၂၂၂ လူထုဆန္ဒပြပွဲ ပြုလုပ်ခဲ့သည့် ၃ လပြည့်မြောက်သောနေ့ဖြစ်သည်။ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် အဆိုပါသုံးလတာကာလအတွင်း ဆန္ဒပြမှုပုံစံများသည် သိသိသာသာသာကွဲပြားလာပြီး အကြမ်းဖက်မှုပိုဆန်လာသည်ကိုတွေ့နေရသည်။ နယ်စပ်ဒေသများရှိ ပစ်ခတ််တိုက်ခိုက်မှု၊ မြို့များပေါ်မှ ဗုံးပေါက်ကွဲမှု၊ ဥပဒေမဲ့ သတ်ဖြတ်မှုနှင့် ပျေက်ဆုံးမှုများသည် လူမှုကွန်ယက်တွင် မကြာခဏတွေ့မြင်လာရသော သတင်းများဖြစ်လာသည်။ စစ်ကိုင်းတိုင်း ခန္တီးမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ရဲကင်းတပ်စခန်း နှစ်ခုအား ကေအိုင်အေတပ်ဖွဲ့ဝင်များက ယနေ့မနက် ၄ နာရီခန့်တွင် တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း Kachinwaves က ဖော်ပြထားသည်။ စစ်ကောင်စီက တိုက်လေယာဥ်လေးစီးဖြင့် ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ အဆိုပါစခန်းများသည့် စစ်တပ်ပိုင်မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ၏ ကျောက်စိမ်းလုပ်ကွက်များအနီးတွင် တည်ရှိကြောင်းသိရသည်။
ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏပန်းခြံအနီးရှိ အထက်တန်းကျောင်းတစ်ခုတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များအား နေ့လည် ၂ နာရီဝန်းကျင်တွင် အမည်မသိသူများက အိမ်စီးကားတစ်စီးဖြင့် လာရောက်ပစ်ခတ်သွားခြင်းကြောင့် စစ်သား ၁ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း Mizzima က ဖော်ပြထားသည်။ ယခင်နေ့များက ပစ်ခတ်မှုများပြင်းထန်ခဲ့သော စစ်ကိုင်းတိုင်းရှိ ကနီ-မင်းကင်းကားလမ်းအနား တောတွင်းတစ်နေရာမှာ စစ်သားများနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ပစ်ခတ်မှုများဖြစ်ပွားခဲ့သဖြင့် စစ်ကား ခြောက်စီးထက်မနည်း ပျက်စီးသွားကြောင်း ဒေသခံတစ်ဦးက Mizzima ကို ပြောဆိုခဲ့သည်။ ကရင်နီပြည်နယ် ဒီမော့ဆိုမြို့နယ်ရှိ ဒေါတဝီဂိတ်တွင် စခန်းချနေသော စစ်သားများအား ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်ပြီး သိမ်းယူလိုက်ကြောင်း Khit Thit Media က ဖော်ပြထားသည်။ ဒေါတဝီရွာထဲ့သို့ ရိက္ခာပြန်လာယူသော ရွာသားနှစ်ဦးလည်း စစ်တပ်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။ စစ်ကောင်စီသည် ရှမ်းပြည်နယ်ရှိ ပအိုဝ့်ပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Pa-oh National Organization (PNO) အား တပ်ကူအဖြစ် ဒီမောဆိုသို့ လာရောက်ရန် အမိန့်ပေးထားကြောင်း သတင်းများလည်း ပြန့်နှံနေပါသည်။
ယမန်နေ့က မင်းတပ်မြို့နယ် ဘူးကွန်ရွာအနီးတွင် CDF-Mindat နှင့် စစ်တပ်တို့အကြား ဖြစ်ပွားခဲ့သော ပစ်ခတ်မှုများကြောင့် စစ်ကောင်စီဘက်မှ ၅ ဦးခန့်ကြောင်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါစစ်သားများ၏ အလောင်းများအား လမ်းဘေးတွင်ပင် မြုပ်ထားကြောင်း စစ်သားများသည် စစ်မတိုက်ခင် မူးယစ်ဆေးဝါးများအသုံးပြုထားကြောင်း ၎င်းတို့အသုံးပြုခဲ့သော ဆေးထိုးအပ်များနှင့် ဆေးခြောက်များအား ရွာအနီးတွင် တွေ့ရှိခဲ့ဟု မျက်မြင်သက်သေများက ပြောဆိုခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ရေးသားထားသည်။ CDF လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြချက်အရ ကန်ပက်လက်ရဲစခန်းမှ တပ်ကြပ်ကြီးအပါအဝင် ရဲ ၁၂ ဦး CDM ပြုလုပ်ခဲ့ကြောင်း ၎င်းတို့၏ လုံခြုံရေးကို CDF က တာဝန်ယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ မေလ ၁၉ ရက်နေ့တွင် ပြည်မြို့တွင် ဖမ်းဆီးခံခဲ့ရသော လူငယ် ၄ ဦးအနက်တစ်ဦးဖြစ်သည့် ထွန်းလတ်သည် ၄ ရက်အကြာတွင် သေဆုံးခဲ့ကြောင့် မိသားစုဝင်များက Khit Thit Media ကို ပြောဆိုခဲ့သည်။ ၎င်းတို့အား လက်လုပ်မိုင်းဖောက်ခွဲသည်ဟုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးထားခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြည်သူများ နိုင်ငံရေးတွင် စိတ်ဝင်စားမှုမရှိစေရန်အတွက် ကျေးလက်တောရွာများတွင် လောင်းကစားဝိုင်းများအား ကျေးရွာရံပုံငွေဆိုသည့်အကြောင်းပြချက်ဖြင့် တရားဝင်ကဲ့သို့ လုပ်ဆောင်ခွင့်ပေးနေကြောင်း သိရသည်။ ထို့အပြင် တပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများသည် အဆိုပါ လောင်းကစားဝိုင်းများမှ ငွေကြေးအမြောက်အမြား ပုံမှန်ကောက်ခံနေကြောင်း Khit Thit Media က ဖော်ပြထားသည်။ ပဲခူးတိုင်း ဆွာမြို့အနီးရှိ လောင်းကစားဝိုင်းများသည် တစ်ရက်လျင် လည်ပတ်ငွေ ငါးသိန်းအထက်တွင်ရှိနေကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ ထီလက်မှတ်ရောင်းချရမှု စံချိန်တင်ထိုးဆင်းခဲ့ပြီးနောက် စစ်ကောင်စီက အောင်ဘာလေထီလက်မှတ်များကို တက္ကသိုလ်များ ကျောင်းများတွင် လစဥ်ရောင်းချရန် ပြင်ဆင်နေကြောင်း ပေါက်ကြားလာသော စစ်ကောင်စီအမိန့်စာတစ်စောင်အား ရည်ညွှန်း၍ Mizzima က ဖော်ပြထားသည်။ လူမှုကွန်ယက်အသုံးပြုသူ အများအပြားက အဆိုပါအမိန့်အား လှောင်ပြောင်နေကြပြီး ကျောင်းဆရာများအနေဖြင့် CDM မပြုလုပ်သဖြင့် စာမသင်ရဘဲ ထီရောင်းနေရခြင်းဖြစ်ကြောင်း သရော်နေကြပါသည်။
Comments
Post a Comment