မေ ၂၃၊ ၂၀၂၁ #day112


 ရှမ်းပြည်နယ် တောင်ပိုင်းရှိ မိုးဗြဲရဲစခန်းအား ကရင်နီပြည်နယ်ရှိ PDF အဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့် စစ်သားခန့် ၂၀ အနည်းဆုံးသေဆုံးပြီး ၄ ဦးအား အရှင် ဖမ်းမိကြောင်း DVB က ဖော်ပြထားသည်။ KPDF ဘက်က ၁ ဦးသေဆုံးပြီး ၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။ PDF အနေဖြင့် လက်နက်အများအပြားလည်း သိမ်းစီးရမိကြောင်းသိရပြီး ၎င်းတို့ဖက်မှ ထိုင်းမြန်မာနယ်စပ်တွင် လူသားချင်းဆိုင်ရာအကူအညီများထောက်ပံ့ပေးနေသော Free Burma Rangers အဖွဲ့ဝင်များက ပါဝင်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ အဆိုပါတိုက်ပွဲကြောင့် စစ်ကောင်စီဘက်က သံချပ်ကာကားများနှင့် ရဟတ်ယာဥ်များစေလွတ်ပြီး ကျေးရွာများအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံမီဒီယာများကဖော်ပြသည်။ စစ်ဘေးရှောင်နေရသော ဒေသခံ ၁၀၀၀၀ နီးပါးအထိရှိနေပြီဖြစ်ကြောင်း သိရသည်။  


ဖယ်ခုံမြို့နယ်နှင့် ညောင်ရွှေမြို့နယ်အကြားတွင် စစ်ကောင်စီတပ်များနှင့် PDF တို့ဖြစ်ပွားသော တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖက်ကနေ ပအိုဝ့်ဖြူလို့ လူသိများသော PNO တပ်များပါဝင်ခဲ့ကြောင်း မျက်မြင်သက်သေများက Kantarawaddy Times ကိုပြောဆိုသည်။ သို့သော် PNO ဘက်က ၎င်းတို့အနေဖြင့် ပါဝင်ခြင်းမရှိကြောင်း ငြင်းဆိုထားသည်။ တစ်နာရီကျော်ကြာသော အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီနဲ့ PNO ပူးပေါင်းအဖွဲ့မှ နှစ်ဦးသေဆုံးခဲ့ပြီး PDF တပ်ဖွဲ့ဖက်မှလည်း နှစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။ 

ရန်ကုန် အင်းစိန်မြို့နယ်ရှိ ကရင်ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခုကို စစ်တပ်ကဝင်ရောက်ဖျက်ဆီးသွားပြီး မသန်စွမ်း ၁ ဦး ဓမ္မဆရာ ၁ ဦး အပါအဝင် ၃ ဦးကို ရိုက်နှက်နှိုပ်စက်ပြီး ဖမ်းဆီးသွားကြောင်း သိရသည်။ ယမန်နေ့က စစ်သားတစ်ဦးအား ပစ်ခတ်ပြီး လက်နက်လုယူသွားသူတစ်ဦး အဆိုပါဘုရားကျောင်းဘက်သို့ ပြေးသွားသည်ကိုတွေ့ခြင်းကြောင်း ပြုလုပ်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက Khit Thit သို့ပြောဆိုခဲ့သည်။ စစ်အုပ်ချုပ်ရေး ကြေညာထားသော ရန်ကုန် ရွှေပြည်သာမြို့နယ်တွင် လုယက်မှုများ များပြားလာကြောင်း ဒေသခံများက DVB ကိုပြောဆိုသည်။ နယ်မြို့များတွင်လည်း စစ်ကောင်စီတပ်များက လောင်းကစားဝိုင်းအများအပြားအား ပိုက်ဆံကောက်ပြီး တရားဝင်ကဲ့သို့ ဖွင့်လှစ်ခွင့်ပေးထားကြောင်းသိရသည်။ 

စစ်တပ်ထောက်ခံသော အရပ်ဝတ်များက ပျူစောထီးဆိုသည့်အဖွဲ့အား ဖွဲ့စည်းထားပြီး CDM ပြုလုပ်သူများနှင့် NLD လွှတ်တော်ကိုယ်စားလှယ်များအား ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း သိရသည်။ အဆိုပါအဖွဲ့အား ယခင်က နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် စွမ်းအားရှင်နှင့် နှိုင်းယှဥ်မှုများ ပြုကြသည်။ မြို့ရွာများတွင် ဆူပူမှုဖန်တီးရန် အင်အားမလုံလောက်သော စစ်တပ်အတွက် အထောက်အကူပြုရန် စစ်တပ်က အဆိုပါအဖွဲ့များအား ထောက်ပံ့နေခြင်းဖြစ်ကြောင်း ပြည်သူတစ်ဦးက DVB ကိုပြောဆိုသည်။ မန္တလေးမြို့အတွင်းတွင်လည်း အရပ်ဝတ်များဖြင့် လက်နက်ကိုင်အဖွဲ့ဝင်များက မြို့လယ်တွင် သွားလာနေသော မော်တော်ကားများနှင့် ဆိုင်ကယ်များအား စစ်ဆေးနေသည့် ဓာတ်ပုံများ လူမှုကွန်ယက်တွင် ပြန့်နှံ့လာသည်။ 

မေလ ၂၂ ရက်နေ့က ဟောင်ကောင် အခြေစိုက် Phoenix Television နှင့်ပြုလုပ်သော စစ်ကောင်စီ၏ ခေါင်းဆောင် မင်းအောင်လှိုင်၏ အာဏာသိမ်းပြီးနောက် ပထမဆုံးအင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြသည်သည် နေအိမ်တွင် ကျန်းကျန်းမာမာရှိနေကြောင်း မကြာခင် တရားရုံးတွင် လူကိုယ်တိုင် လာရောက်ကြားနာပါလိမ့်မည်ဖြစ်ကြောင်းပြောဆိုခဲ့သည်။ သူမသည် လက်ရှိအချိန်ထိ သူမ၏ ရှေ့နေများနှင့် လူကိုယ်တိုင်တွေ့ဆုံခွင့်မရရှိသေးပေ။ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အလံတော် သစ္စာဓိဌာန် (၄) ချက် ရည်ရွယ်ချက် တာဝန်များနှင့် Chain of Command ပါဝင်သော ဖွဲ့စည်းပုံစာတမ်းတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ 

ရခိုင်ပြည်နယ် ဘူးသီးတောင်တွင်ဖြစ်ပွားခဲ့သော မုဒိမ်းမှုတစ်ခုတွင် ဒေသခံမီဒီယာဖြစ်သည့် Development Media Group က ကျူးလွန်ခဲ့သူအား မွတ်ဆလင်တစ်ဦးဟူ၍ ဖော်ပြခဲ့ခြင်းကြောင်း ဒေသခံများအကြား ပဋိပက္ခဖြစ်ပွားစေရန် လှုံ့ဆော်ရာရောက်ကြောင်း လူမှုကွန်ယက်အသုံးပြုသူများက မှတ်ချက်ပြုရေးသားနေကြသည်။ လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်က ရခိုင်အမျိုးသမီးငယ်တစ်ဦး မုဒိမ်းကျင့်ခံရမှုဖြစ်ပွားခဲ့ပြီးနောက် ရခိုင်နှင့် ရိုဟင်ဂျာများအကြား လူအများအပြားသေဆုံးခဲ့သော ပဋိပက္ခဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မြန်မာပြည်၏ တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သော မူဆယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Khit Thit က ဖော်ပြထားသည်။

Comments

Popular Posts