မေ ၂၄-၂၅၊ ၂၀၂၁ #day113 #day114
ဖေဖော်ဝါရီလ (၁) ရက်နေ့ကတည်းက နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီက ယမန်နေ့ မေလ ၂၄ ရက်နေ့တွင် နေပြည်တော်ကောင်စီဝန်းအတွင်း သီးသန့်တရားခွင်တွင် ရုံးထုတ်ခဲ့သည်။ သူမနှင့် သမ္မတ ဦးဝင်းမြင့်နှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌဟောင်း ဦးလှသိန်းတို့ပါဝင်ခဲ့သည်။ ရုံးထုတ်နေသည့်ပုံရိပ်အချို့အား စစ်တပ်ပိုင် TV က ထုတ်ပြန်ခဲ့သည်။ လူမှုကွန်ယက်အသုံးပြုသူအများအပြားက ယခုပုံရိပ်များမြင်ရပြီးနောက် ဒေါသထွက်ကြောင်း ဝမ်းနည်းရကြောင်း မှတ်ချက်ပြုရေးသားကြသည်။တရားခွင်မတိုင်ခင် သူမ၏ ရှေ့နေများနှင့် မိနစ် ၃၀ ခန့်တွေ့ဆုံရာတွင် ပြည်သူများရှိသရွေ့ NLD ပါတီရှိနေမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟုဆိုသည်။ စစ်ကောင်စီခန့်အပ်ထားသော ရွေးကောက်ပွဲကော်မရှင်က NLD ပါတီအား ဖြတ်သိမ်းမည်ဖြစ်ကြောင်း ခြိမ်းခြောက်ထားသည်။
ပြည်တွင်းသတင်းဌာနတခုဖြစ်သော Frontier Myanmar မဂ္ဂဇင်း၏ မန်နေဂျင်းအယ်ဒီတာ အမေရိကန်နိုင်ငံသား Danny Fenster အား မြန်မာပြည်မှ ထွက်ခွာရန်ကြိုးပမ်းစဥ် ရန်ကုန်လေဆိပ်တွင် စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း Frontier Myanmar က လူမှုကွန်ယက်စာမျက်နှာတွင် ယမန်နေ့ကရေးသားထားသည်။ ၎င်းသည် ယခင်က မြန်မာပြည်သူများအကြား လူကြိုက်များသည့် Myanmar Now သတင်းဌာနတွင်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်ရှိ မင်္ဂလာဆောင်တစ်ခုမှာ ပါဆယ်ဗုံးပေါက်ခဲ့သဖြင့် သတို့သမီးအပါအဝင် သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။ ဒေသခံတစ်ချို့၏ ပြောဆိုချက်အရ အဆိုပါနေအိမ်ရှိသူများသည် စစ်ကောင်စီသတင်းပေးများဖြစ်ကြောင်း အစွန်းရောက် ဗုဒ္ဓဘာသာအဖွဲ့တစ်ခုအဖြစ်နာမည်ကျော်သည့် ၉၆၉ အဖွဲ့ဝင်များဖြစ်ကြောင်း RFA ကို ပြောဆိုခဲ့သည်။
စစ်ကောင်စီတပ်နှင့် ကရင်နီပြည်နယ်တွင် ပစ်ခတ်မှုများဖြစ်ပွားနေသော KPDF အဖွဲ့က ၎င်းတို့သည် စစ်တပ်၏တင့်ကားတစ်စီးနှင့် ခြေလျင်တပ်သားများအား ငွေတောင်ဆည်လမ်းတွင် မိုင်းခွဲတိုက်ခိုက်ခံရဟု ယမန်နေ့က ထုတ်ပြန်ခဲ့ကြောင်း Kantarawaddy Times ကဖော်ပြထားသည်။ တင့်ကားနှစ်စီးအထိ ဖျက်ဆီးနိုင်ခဲ့ကြောင်း ယနေ့ဖော်ပြမှုများရှိသော်လည်း အတည်ပြုသည့်သတင်းများမရှိသေးပါ။ (၃) ရက်ကြဖြစ်ပွားခဲ့သော ပစ်ခတ်မှုများကြောင့် ကရင်နီပြည်နယ်အတွင်း ကျေးရွာ ၄၀ ကျော်မှ စစ်ဘေးရှောင်သူ တစ်သောင်းခွဲခန့်ရှိပြီဖြစ်ကြောင်း Myanmar Now က ဖော်ပြထားသည်။ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သော မြို့နယ်များသည် မြန်မာနိုင်ငံ၏အုပ်ချုပ်ရေးမြို့ဖြစ်သည့် နေပြည်တော်နှင့် မိုင် ၁၈၀ ခန့်သာ ကွာဝေးသည်။ မေ ၂၄ မနက် ၁ နာရီတွင် စစ်ကောင်စီတပ်များ၏ လက်နက်ကြီးကျည်ကျရောက်သဖြင့် လွိုင်ကော်မြို့ရှိ ကယန်းသာယာရွာဘုရားကျောင်းအတွင်းခိုလှုံလျက်ရှိသော ရွာသား ၄ ဦးသေဆုံးပြီး ၈ ဦး အပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများက Myanmar Now ကိုပြောဆိုသည်။ ယနေ့လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒီးမော့ဆိုမြို့အတွင်းရှိ နေအိမ်များစွာပျက်စီးခဲ့ကြောင်း Khit Thit media က ဖော်ပြထားသည်။
ဒီမော့ဆိုမြို့နယ်တွင် စစ်ကောင်စီ၏ ရဲစခန်းတစ်ခုအား မေလ ၂၃ ရက်နေ့က သိမ်းယူခဲ့သော KPDF အဖွဲ့က တိုက်ပွဲအတွင်း ၎င်းတို့အသုံးပြုသည့် လက်နက်များအား လူမှုကွန်ယက်တွင် ပြသခဲ့သည်။ အဆိုပါလက်နက်များတွင် လက်လုပ်သေနတ်များသာမက AK 47 နှင့် M 16 ကဲ့သို့ မောင်းပြန်သေနတ်များနှင့် လက်ဖြောင့်သေနတ်များပင် ပါဝင်နေသဖြင့် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သော ပြည်သူ့အခြေပြုအဖွဲ့များအနက် ၎င်းတို့သည် လက်နက်တပ်ဆင်မှုအကောင်းဆုံးဖြစ်ကြောင်း လူမှုကွန်ယက်တွင် မှတ်ချက်ပေးနေကြပါသည်။ ထို့အပြင် ၎င်းတို့သည် ရှမ်းပြည်နယ်နယ်စပ်မှ ကယားပြည်နယ်မြို့တော် လွိုင်ကော်မြို့အထိ တိုက်ပွဲများဖော်ဆောင်နိုင်ခြင်းကြောင့် စစ်ဗျူဟာအရလည်း စနစ်တကျဖွဲ့စည်းမှုရှိပြီး အားကောင်းသည့် အဖွဲ့များဖြစ်ကြောင်း ဖော်ပြနေပါသည်။
ချက်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး Jakup Kulhánek သည် NUG နိုင်ငံခြားရေးဝန်ကြီး ဇင်မာအောင်နှင့် ယနေ့တွင် အွန်လိုင်းမှတစ်ဆင့် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း ဇင်မာအောင်၏ လှုမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။ ထို့အတွက်ကြောင့် ချက်နိုင်ငံသည် NUG နှင့် အစိုးရအဖွဲ့အချင်းချင်း တရားဝင်တွေ့ဆုံသော ပထမဆုံးနိုင်ငံဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံ ၈၈၈၈ အရေးအခင်းဖြစ်ပွားခဲ့သည့်နောက်တစ်နှစ် ၁၉၈၉ ခုနှစ်တွင် ချက်နိုင်ငံသည် ကတ္တီပါလူထုတော်လှန်ရေးကို ဖြတ်သန်းခဲ့သောနိုင်ငံဖြစ်ပြီး ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံဖြစ်လာခြင်းဖြစ်သည်။ ထို့အပြင် ချက်သမ္မတ Milos Zeman သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ပုဂ္ဂိုလ်ရေးအရရင်းနှီးသူတစ်ဦးလည်းဖြစ်သည်။
စစ်ကောင်စီအား နိုင်ငံတကာတရားရုံးများတွင် တရားစွဲဆိုရန်အတွက် ပြင်ဆင်မှု ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း NUG ၏ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက DVB သို့ပြောဆိုခဲ့သည်။ ဧပြီလအတွင်း ကရင်ပြည်နယ်တွင် စစ်ကောင်စီ၏ တိုက်လေယာဥ်များအသုံးပြုသော အမြောက်ဆံမှ ရုရှားနိုင်ငံမှထုတ်လုပ်ထားသော ဖျက်အားပြင်း AP-T 23 mm အရွယ်ကျည်ဆံဖြစ်ပြီး အပြစ်မဲ့ပြည်သူများအား တိုက်ခိုက်ရာတွင် အသုံးပြုခြင်းမှာ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း Justice for Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Comments
Post a Comment