မေ ၂၆၊ ၂၀၂၁ #day115
ပစ်ခတ်မှုများဖြစ်ပွားနေသော ကချင် ကရင်နီ ကရင် ချင်း စစ်ကိုင်းတိုင်းတို့တွင် စစ်ဘေးရှောင်များ ထောင်သောင်းချီရှိလာနေပြီး မိုးတွင်းကာလ ဝင်ရောက်လာပြီဖြစ်သဖြင့် ၎င်းတို့၏ စားဝတ်နေရေးနှင့် ကျန်းမာရေးအတွက် အလွန်ပင်စိုးရိမ်နေရပြီဖြစ်ကြောင်း ၎င်းတို့အား ကူညီပေးနေသူများက လူမှုကွန်ယက်မီဒီယာများတွင် ရေးသားနေကြသည်။ လွန်ခဲ့သည့် တစ်ပတ်အတွင်း ပစ်ခတ်မှုများဖြစ်ပွားခဲ့သော ကရင်နီပြည်နယ်တွင် စစ်ဘေးရှောင်သူ ၂၀၀၀၀ ကျော်ထိပင် ရှိလာနေပြီဖြစ်ကြောင်း Irrawaddy က ဖော်ပြထားသည်။ တစ်ချိန်တည်းမှာပင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အလှူခံပြုလုပ်နေသူများအား ဖမ်းဆီးခြင်း အလှူခံပစ္စည်းများအား ကြားဖြတ်ဟန့်တားခြင်းများ ပြုလုပ်နေသည်။ ထို့အပြင် ဘဏ်များမှ ငွေကြေးထုတ်ယူမှုများကန့်သတ်ထားသဖြင့် စစ်ဘေးရှောင်များအား ထိထိရောက်ရောက်ကူညီနိုင်ခြင်းမရှိကြကြောင်း လူမှုကွန်ယက်အသုံးပြုသူများက ဝေဖန်နေကြသည်။
အာဏာသိမ်းပြီး သုံးလကျော်ကာလအတွင်း မြန်မာပြည်အနှံ့တွင် ဗုံးခွဲမှု ၃၀၀ ကျော်ဖြစ်ပွားခဲ့ကြောင်း RFA နှင့် ရန်ကုန်အခြေစိုက် နိုင်ငံတကာလုံခြုံရေး ကုမ္ပဏီကြီးတစ်ခု၏ စစ်တမ်းများအရ သိရသည်။ အစိုးရရုံးများနှင့် စစ်ကောင်စီနှင့် ဆက်နွယ်သောနေရာများတွင် လက်လုပ်ဗုံးနဲ့ ပါဆယ်ဗုံးများဖြင့် တိုက်ခိုက်မှုများ အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။ မတ်လအတွင်းတွင် ၁၃ ကြိမ် ဧပြီလအတွင်း ၁၅၈ ကြိမ်နှင့် မေလအတွင်း ၁၄၀ ထက်မနည်း ဗုံးပေါက်ကွဲမှုများ ဖြစ်ခဲ့ကြောင်း သိရသည်။ ဗုံးပေါက်မှုများအတွက် တာဝန်ခံသည့် အဖွဲ့အစည်းများမရှိသေးသော်လည်း ဆန္ဒပြသူများအပါအဝင် စစ်ကောင်စီအားပေးထောက်ခံသူ နှစ်ဖက်လုံးမှပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း ပြောဆိုမှုများရှိနေသည်။ NUG ကမူ ဗုံးပေါက်ကွဲမှုများသည် PDF လက်ချက်မဟုတ်ကြောင်း ငြင်းဆိုထားသည်။ ယနေ့မနက်တွင်လည်း ဖလမ်းမြို့ရှိ စာသင်ကျောင်းနှစ်ကျောင်းတွင် ဗုံးပေါက်ကွဲမှုများဖြစ်ခဲ့ကြောင်း Chin World က ဖော်ပြထားသည်။
NUG ကာကွယ်ရေးဝန်ကြီးက PDF ၏ စစ်ဘက်ဆိုင်ရာကျင့်ဝတ်များအား ထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်ထဲတွင် စစ်သည်တော်ကျင့်ဝတ်များ လက်နက်ချအညံခံသည့် စစ်သုံးပန်းများအပေါ်ပြုကျင့်ရမည့်ကျင့်ဝတ်များနှင့် အရပ်သားများအပေါ်ပြုကျင့်ရမည့် ကျင့်ဝတ်များကို ဖော်ပြထားသည်။ စစ်ကောင်စီအဖွဲ့ဝင်တစ်ချို့အား ဖမ်းဆီးပြီးနောက် ပစ်ခတ်ခဲ့သည့် ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ယက်စာမျက်နှာတွင် ပြန့်နှံ့လာပြီးနောက် လူမှုကွန်ယက် အသုံးပြုသူများအကြားတွင်လည်း စစ်ဘက်ဆိုင်ရာကျင့်ဝတ်များလေးစားလိုက်နာကြပြီး လက်နက်ကိုင်တော်လှန်ရေးလုပ်ဆောင်ကြရန် တိုက်တွန်းမှုများပေါ်ထွက်လာပါသည်။
စစ်ကိုင်းတိုင်းရှိ ဗမာကျေးရွာများတွင် ပြည်သူများ၏ လက်နက်ကိုင်တော်လှန်မှုများ နေ့စဥ်ရက်ဆက်လိုဖြစ်ပေါ်နေသည်။ ယနေ့တွင် စစ်ကိုင်းတိုင်း မြောင်မြို့နယ် ချောင်းဆင်းရွာတွင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Khit Thit က ဖော်ပြထားသည်။ စစ်ကောင်စီဘက်က စစ်အင်အားတိုးချဲ့မှုများပြုလုပ်နေကြောင်း အနီးနားရှိ ကျေးရွာများမှ ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ ပစ်ခတ်မှုများနေ့စဥ်ရက်ဆက်ဖြစ်ပွားနေသော စစ်ကိုင်းတိုင်းတွင် စစ်ရှောင်သူ ထောင်ပေါင်းများစွာရှိနိုင်ပြီး စားဝတ်နေရေးအတွက် အခက်အခဲများစွာ ကြုံတွေ့နေရပြီကြောင်း မှတ်ချက်ပြုကြသည်။ ပစ်ခတ်မှုပြင်းထန်စွာဖြစ်ပွားခဲ့သော မင်းတပ်မြို့တွင် စစ်ကောင်စီတပ်သားများက လူနေအိမ်များနှင့် စျေးဆိုင်များရှိ အဖိုးတန်ပစ္စည်းများအား လုယူနေသည့် CCTV မှတ်တမ်းအချို့အား Chin World က ဖော်ပြထားသည်။ ဒေသခံများ၏ ပြောဆိုချက်အရ စစ်သားများသည် ပစ္စည်းခိုးယူမှုများသာမက မွေးမြူထားသော ဝက်များကြက်များအား နေ့စဥ်ရက်ဆက် လုယူစားသောက်နေကြကြောင်း သိရသည်။
NUG နှင့် CRPH အား ဥပဒေရှုထောင့်မှနေ၍ ဝေဖန်ထောက်ပြမှုများအမြဲပြုလုပ်လေ့ရှိသည့် Legal Aid Network က စစ်ကောင်စီ၏ ထိန်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ခေါင်းဆောင်များသည် CDM ပြုလုပ်သင့်ကြောင်း တိုက်တွန်းလိုက်သည်။ ၎င်းတို့အနေဖြင့် မတရားသဖြင့် ရုံးထုတ်ခံနေရခြင်း တရားစွဲခံနေခြင်းများကြုံတွေ့နေရသဖြင့် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကဲ့သို့ ရဲဝံ့စွာရင်ဆိုင်အံတုသင့်ကြောင်း ထောက်ပြခဲ့သည်။ ချင်းအမျိုးသား ဆလိုင်းတင်မောင်ဦးသည် အာဏာဖိဆန်သောဆန္ဒပြမှုများကို ဦးဆောင်ခဲ့မှုကြောင့် ယခင်စစ်အစိုးရက နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ၎င်းအား သေဒဏ်ချမှတ်ခဲ့သည်။ သို့သော် တရားမျှတသော စစ်ဆေးစီရင်မှုမဟုတ်သဖြင့် ၎င်းသည် အယူခံဝင်ရန်ငြင်းပယ်လိုက်ခြင်းကြောင့် ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကြိုးပေးကွပ်မျက်ခြင်းခံခဲ့ရသည်။



Comments
Post a Comment