မေ ၂၇၊ ၂၀၂၁ #day116

 

အမည်မသိအဖွဲ့အစည်းများ၏ ခြိမ်းခြောက်မှုများနှင့် လုပ်ကြံမှုများကြောင့် စစ်ကောင်စီလက်ဝေခံ ရက်ကွပ်အုပ်ချုပ်ရေးမှူးများနှင့် တပ်ဖွဲ့ဝင်များ ကြောက်လန့်နေကြပြီ ဖြစ်သည်။ ရန်ကုန်တိုင်း သာကေတမြို့နယ်တစ်ခုတည်း၌ပင် ယမန်နေ့က ဗုံးရှစ်လုံးပေါက်ကွဲခဲ့ပြီး ရာအိမ်မှူးတစ်ဦး သေနတ်ပစ်ခံရပြီး လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း Myanmar Now က ဖော်ပြထားသည်။ စစ်ကောင်စီသတင်းပေးအဖြစ်နာမည်ကျော်ကြားသည့် သေဆုံးသူ ဦးဘုန်းငွေဆိုသူအား အမျိုးသားသုံးယောက်ပါအဖွဲ့က ၎င်း၏ နေအိမ်အနီးတွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်မှုအတွက် တာဝန်ရှိကြောင်း ဖော်ပြသည့် အဖွဲ့မရှိသလို စစ်ကောင်စီကလည်း ဖမ်းဆီးမှုတစ်စုံတစ်ရာ ပြုလုပ်နိုင်ခြင်းမရှိသေးပါ။ Myanmar Now ၏ ဖော်ပြချက်အရ လုပ်ကြံသတ်ဖြတ်ခံရသည့် အုပ်ချုပ်ရေးမှူး အနည်းဆုံး ၁၀ ဦးအထိ ရှိနေပြီဖြစ်ပြီး ၎င်းတို့၏ အုပ်ချုပ်ရေးရုံများတွင် လုံခြုံရေးများ တင်းကြပ်စွာချထားခြင်းနှင့် ရုံးသို့မလာရဲဘဲ နေအိမ်မှအလုပ်လုပ်ခြင်းများ ပြုလုပ်နေကြကြောင်း သိရသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ရှဒူးဇွပ်ကျေးရွာတွင် ပြည်သူ့စစ်ခေါင်းဆောင်မင်းဇင်သန့်၏ နေအိမ်အား KIA တပ်ဖွဲ့ဝင်တချို့က မေလ ၂၆ ရက် ညနေ ၃နာရီခွဲခန့်တွင် စီးနင်းဝင်ရောက်ပြီး ပစ်ခတ်ခဲ့သော်လည်းဘဲ အောင်မြင်မှုမရှိဘဲ KIA တပ်ဖွဲ့ဝင် ၄ ယောက်ကျဆုံးသွားကြောင်း DVB ကဖော်ပြထားသည်။ ဒေသခံများ၏အဆိုအရ အဆိုပါပြည်သူ့စစ်ခေါင်းဆောင်သည် စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးဖြစ်ပြီး စိတ်ကြွဆေးဖြန့်ခြင်းများနှင့် တရားမဝင်ရွှေလုပ်ငန်းလုပ်ကိုင်သူတွေဆီမှ ငွေကြေးကောက်ခံခြင်းများ ပြုလုပ်နေကြောင်း သတင်းများထွက်နေသူဖြစ်သည်။ မေလအတွင်း KNU နှင့်စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲ ၁၉၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း KNU က ထုတ်ပြန်ခဲ့သည်။ အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ၁၂၈ ဦးသေဆုံး၍ ၁၈၀ ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းတို့ဘက်က ၂ ဦး သေဆုံးပြီး ၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း အရပ်သား ၁ ဦး သေဆုံး၍ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။  

NUG လူ့အခွင့်အရေးဝန်ကြီးဌာနက၏ ဖော်ပြချက်အရ စစ်တပ်၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အသက် ၁၈ နှစ်အောက်ကလေးငယ် ၇၃ ဦးရှိပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ သေဆုံးသူများတွင် ယောကျ်ားလေး ၆၃ ဦး မိန်းကလေး ၉ ဦးနဲ့ ကျားမ မသေချာသူ ၁ ဦးပါဝင်ကြောင်း သိရသည်။ ခွဲစိတ်ဆရာဝန် ချင်းလူမျိုး Dr Za Chhinga သည် မေလ ၂၆ ရက်နေ့က ၎င်းတာဝန်ကျရာ မကွေးမြို့ သင်ကြားရေးဆေးရုံမှ ဝန်ထမ်းအိမ်ရာသို့ ကားမောင်းပြီးပြန်လာစဥ် စစ်ကောင်စီတပ်သားများ၏ ပစ်ခတ်မှုကြောင့် ညာဘက်မျက်လုံး တစ်ဖက်ဆုံးရှုံးခဲ့ကြောင်း Chin World ကဖော်ပြထားသည်။ မေလ ၂၇ ရက်နေ့တွင် စစ်ကောင်စီတပ်များက အကြောင်းမဲ့ ပစ်သတ်ခဲ့ကြောင်း ကရင်နီပြည်နယ် ဒီးမောဆိုမြို့မှ စစ်ဘေးရှောင်များအတွက် အကူအညီပေးနေသော လူငယ် ၂ ဦးဖြစ်သည့် Alfred Luudu and Patrick Boe Reh တို့ သေဆုံးခဲ့ကြောင်းသိရသည်။ ၎င်းတို့သည် စစ်ဘေးရှောင်များအတွက် ရိက္ခာသယ်ယူပေးနေစဥ် လမ်းတွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း Khit Thit Media က ဖော်ပြထားသည်။  

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့တွင် မြန်မာပြည်သို့ ပို့ဆောင်မည့် လက်နက်ခဲယမ်းများစွာ ဖမ်းဆီးရမိသည်ဟု ထိုင်းရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း Irrawaddy က ဖော်ပြထားသည်။ မှန်လုံကားတစ်စီးပေါ်မှ ဖမ်းဆီးရမိသည့် ပစ္စည်းများတွင် ပြောင်းရှည်သေနတ် ၁၄ လက် ပစ္စတိုသေနတ် ၁၃ လက်အပါအဝင် ကျည်ဆံပေါင်း ၄၆၃၇၅ ထောင့်ပါဝင်ကြောင်းသိရသည်။ အဆိုပါလက်နက်များသည် တရုတ်-မြန်မာနယ်စပ်အနီးရှိ ရွှေတြိဂံဒေသမှ မူးယစ်ဂိုဏ်းများနှင့် ဆက်စပ်နိုင်ကြောင်း ခန်းမှန်းပြောဆိုမှုများရှိသော်လည်း လူမှုကွန်ယက်အသုံးကြုသူ မြန်မာအချို့က ထိုင်းနိုင်ငံအနေဖြင့် ဖမ်းဆီးခြင်းမပြုသင့်ကြောင်း တော်လှန်ရေးအဖွဲ့များသို့ ပေးပို့သင့်ကြောင်း မှတ်ချက်ပြုရေးသားကြသည်။ အချို့ကမူ ထိုင်းရဲများသည် အလွန်ခြစားကြသဖြင့် တမင်တကာ အမိပြသော လက်နက်များဖြစ်နိုင်ကြောင်းလည်း အမှန်တကယ်မှောင်ခိုအရောင်းအဝယ်ပြုလုပ်နေသည့် လက်နက်များ၏ ၁၀ ရာခိုင်နှုန်းခန့်ပင် မရှိနိုင်ကြောင်း မှတ်ချက်ပြုကြသည်။ 

ကုလသမဂ္ဂလက်အောက်ခံ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ၇၄ ကြိမ်မြောက် ညီလာခံသို့ NUG ရော စစ်ကောင်စီပါ တက်ရောက်ခွင့်မရဘဲ ရွှေ့ဆိုင်းလိုက်ကြောင်း Irrawaddy က ဖော်ပြထားသည်။ နှစ်ဖွဲ့လုံးက ညီလာခံတွင် မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်ခွင့်ရရှိရန် အဆိုပြုလွှာကို အပြိုင်တင်သွင်းခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီအား တက်ရောက်ခွင့်မပေးသည့် ဆုံးဖြတ်ချက်အား ကြိုဆိုကြောင်း NUG ဘက်က ထုတ်ဖော်ပြောဆိုလိုက်သည်။ အင်တာနက်ဖြတ်တောက်မှုကြောင့် ဆုံးရှုံးရတဲ့ မြန်မာ့စီးပွားရေးသည် နေ့စဉ် ဒေါ်လာ ၂၄ သန်းမက ဆုံးရှုံးနေကြောင်း အင်တာနက်နည်းပညာရယူသုံးစွဲမူတွေကိုစောင့်ကြည့်နေသည့် Netblocks အဖွဲ့အစည်း၏ ထုတ်ပြန်မှုကို DVB က ဖော်ပြထားသည်။ Nikkei Asia ၏ ဖော်ပြမှုအရ စစ်ကောင်စီသည် အွန်လိုင်းစာမျက်နှာ ၁၂၀၀ ကျော်သာပါဝင်သည့် Whitelist အား ထုတ်ပြန်ခဲ့ကြောင်း မြန်မာပြည်တွင် အသုံးများသော Facebook နှင့် Twitter အပါအဝင် စာမျက်နှာပေါင်းများစွာအား ပိတ်ပင်တော့မည်ဖြစ်ကြောင်း သိရသည်။

Comments

Popular Posts