မေ ၂၈-၂၉၊ ၂၀၂၁ #day117 #day118
စစ်ကောင်စီလက်အောက်ရှိနေသ၍ ကျောင်းတက်ရောက်မည်မဟုတ်ကြောင်း သပိတ်မှောက်ထားသည့် ကျောင်းသားများအတွက် NUG မှ အွန်လိုင်း သင်တန်းကျောင်းများ ပြုလုပ်နေသည်။ နောက်ဆုံးနှစ် ဆေးတက္ကသလိုလ်ကျောင်းသားများအတွက် ယနေ့ စတင်ပို့ချသော အွန်လိုင်းသင်တန်အား ကျောင်းသား ၁၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်း Mizzima က ဖော်ပြထားသည်။ အဆိုပါအစီအစဥ်အား အင်္ဂလန်နိုင်ငံရောက် မြန်မာ Consultant များနှင့် International Myanmar Medical Diaspora မှ ဦးဆောင်ကာကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့အပြင် Virtual Federal University ကိုလည်း စတင်ဆောင်ရွက်နေကြောင်း NUG က ကြေညာထားသည်။ ဆန္ဒပြသူများကိုယ်တိုင် ဦးဆောင်ပြုလုပ်သည့် နွေဦးတက္ကသိုလ် (Spring University Myanmar) ကို စတင်ကြောင်း မေလ ၂၅ ရက်နေ့က ကြေညာထားသည်။ သင်တန်းများသည် ၅ ပတ်သို့မဟုတ် ၆ ပတ် ကြာမည်ဖြစ်ပြီး ဥပဒေပညာ လူမှုရေးသိပ္ပံ ကွန်ပျူတာနည်းပညာအပါအဝင် အကြောင်းအရာများစွာအား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အိန္ဒိယ-မြန်မာနယ်စပ်တွင်အခြေစိုက်သော ချင်းအမျိုးသားတပ်ဦး (CNF) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့သည် မေလ ၂၉ ရက်တွင် မဟာမိတ်အဖြစ် ပူးပေါင်းကြောင်း နှစ်ဖက်သဘောတူညီစာချုပ် လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါစာချုပ်တွင် နှစ်ဖက်ကြား အပြန်အလှန်အသိအမှတ်ပြုမှု အပြန်အလှန်လေးစားမှု တို့ပါဝင်ပြီး အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ကျင့်သုံးရေးတို့ အတွက် လက်တွဲဆောင်ရွက်သွားမည့်အချက်များ ပါဝင်ကြောင်း NUG အွန်လိုင်းစာမျက်နှာတွင်ဖော်ပြထားသည်။ CNF သည် NUG နှင့် တရားဝင်အသိအမှတ်ပြု စာချုပ်ချုပ်ဆိုသော တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်လာသည်။ ချင်းပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ကောင်စီနှင့် ဒေသခံများတိုက်ခိုက်မှုတွင် CNF နောက်ကွယ်မှ ပါဝင်ပတ်သက်နေသည်ဟု သတင်းများထွက်နေကြောင်း Burma Associated Press က ဖော်ပြထားသည်။
NUG က ၎င်းတို့ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အမှတ်စဥ် (၁) စစ်သင်တန်းပြီးစီးကြောင်း ဗီဒီယိုတစ်ခုထုတ်ပြန်ခဲ့သည်။ အဆိုပါဗီဒီယိုအရ သင်တန်းတက်ရောက်သူ အယောက် ၁၅၀ ခန့်ပါဝင်သည်ကိုတွေ့ရသည်။ သို့သော် အမှန်တကယ်သင်တန်းပြီးမြှောက်သူဦးရေမှာ ထိုပမာဏထက်များပြားနိုင်ကြောင်း လူမှုကွန်ယက်တွင် မှတ်ချက်ပေးမှုများရှိသည်။ ၎င်းတို့၏ ဘီးလင်းမြို့နယ် ပါတီဥက္ကဋ္ဌ မေလ ၂၇ ရက်နေ့က သေနတ်ဖြင့်ပစ်သတ်လုပ်ကြံခံရပြီးနောက် ကြံ့ခိုင်ရေးပါတီအနေဖြင့် ဥပဒေအကာအကွယ်ကို အပြည့်အဝ အားမကိုးနိုင်ပါက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်ကို အပြည့်အဝကျင့်သုံးသွားမည်ဖြစ်ကြောင်း မေလ ၂၈ နေ့စွဲဖြင့် စာထုတ်ပြန်ခဲ့သည်။ လူမှုကွန်ယက် အသုံးပြုသူများက ကြံခိုင်ရေးပါတီသည် စစ်ကောင်စီ၏ ကျောထောက်နောက်ခံပေးထားသောပါတီဖြစ်ပြီး စွမ်းအားရှင်များ အစွန်းရောက်အမျိုးသားရေးလှုပ်ရှားသူများ နှင့် ပတ်သက်နေသည့်ပါတီဖြစ်သည့်အတွက် အကြမ်းဖက်မှုများ အမြဲကျူးလွန်နေသည့်ပါတီဖြစ်သည်ဟု လှောင်ပြောင်နေကြသည်။
ရန်ကုန်မြို့ သာကေတမြို့နယ်တွင် ယမန်နေ့ညက အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့နှင့် စစ်ကောင်စီတပ်များ ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း သိရသည်။ ဘုရားဝင်းအတွင်း စခန်းချထားသောစစ်ကောင်စီတပ်အား အဖွဲ့တစ်ဖွဲ့မှ ညနေ ၇ နာရီခွဲခန့်က ပစ်ခတ်ခြင်း ဗုံးဖြင့်တိုက်ခိုက်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီတပ်များ အသေအပျောက်ရှိကြောင်း ဒေသခံများက Khit Thit Media သို့ပြောဆိုခဲ့သည်။ ကရင်နီ PDF တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များ အဆက်မဖြတ်ပစ်ခတ်မှု ဖြစ်ပွားနေသော လွိုင်ကော်မြို့တွင် မေလ ၂၉ ရက်နေ့က နာနတ်တောရပ်ကွက်၏ ဆယ်အိမ်မှူးတစ်ဦး ပစ်သတ်ခံရကြောင်း Khit Thit Media က ဖော်ပြထားသည်။ စစ်ကောင်စီက လွိုင်ကော် အဝင်ကားလမ်းများအား ယမန်နေ့မှစ၍ ပိတ်ထားလိုက်ပြီဖြစ်ကြောင်း BBC က ဖော်ပြထားသည်။ စစ်အုပ်ချုပ်ရေးကြေညာထားသော ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်အသီးသီးတွင် ကင်းလှည့်နေသော စစ်ကားတစီးထဲသို့ ဗုံးပစ်ခတ်မှုနှင့် မော်တော်ပီကေရုံးအတွင်း ဗုံးပစ်ထည့်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက BBC ကိုပြောဆိုသည်။
လက်ချက်စတိန်းနိုင်ငံမှ ကုလသမဂ္ဂညီလာခံတွင် ဆွေးနွေးဆုံးဖြတ်ရန် တင်သွင်းခဲ့သည့် မြန်မာနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့မှုပိတ်ဆို့ခြင်း ဆုံးဖြတ်ချက်မူကြမ်းအား အာစီယံ ၉ နိုင်ငံက ပယ်ဖျက်နိုင်ရန် ကြိုးပမ်းနေကြောင်း ရိုက်တာသတင်းဌာနကဖော်ပြထားသည်။ အဆိုပါဆုံးဖြတ်ချက်သည် ဥပဒေအရသက်ရောက်မှုမရှိသော်လည်း နိုင်ငံရေးဖိအားပေးနိုင်မည်ဖြစ်သည်။ အာစီယံ၏ လုပ်ဆောင်မှုအပေါ် မြန်မာပြည်သူအများအပြားက ကန့်ကွက်ရှုတ်ချနေကြပြီး မြန်မာ့အရေးအပေါ် အာစီယံမှမည်သည့်အကူအညီမှမပေးနိုင်သည်ကိုလည်း ဝေဖန်နေကြသည်။
Comments
Post a Comment