မေ ၃၀၊ ၂၀၂၁ #day119
စစ်တပ်မှအာဏာသိမ်းပြီးနောက် လေးလအတွင်း မြန်မာနိုင်ငံအတွင်းတွင် စစ်ဘေးရှောင်ပြည်သူ ၁၂၀,၀၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း UNHCR ၏ မေလ ၂၉ ရက်နေ့ထုတ်ပြန်ချက်ကို DVB ကဖော်ပြထားသည်။ အာရှနဲ့ ပစိဖိတ်ဒေသက ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး (OCHA) ၏ နောက်ဆုံးထုတ်ပြန်ချက်အရ မေလအတွင်း မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် လူပေါင်း ၄၆၀၀၀ လောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ကယားပြည်နယ် တိုက်ပွဲများကြောင့် မေလနှောင်းပိုင်းမှာ လူပေါင်း ၃၇၀၀၀ လောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်းသိရသည်။ ၎င်းတို့အတွက် အစားအစာနဲ့ သောက်သုံးရေများ ရှားပါးလာသည့် အန္တရာယ်ကိုရင်ဆိုင်နေရကြောင်း သိရသည်။ ၎င်းတို့အား ကူညီနေသူများ၏ လှုမှုကွန်ယက်စာမျက်နှာများအရ စစ်ဘေးရှောင်အများအပြားသည် တောထဲတောင်ထဲတွင် အကာအကွယ်မဲ့အိပ်စက်နေရကြောင်း အချို့သောစစ်ဘေးရှောင်စခန်းများ မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံသည့် အန္တရာယ်များကိုလည်း ကြုံတွေ့နေရကြောင်း ဖော်ပြထားကြသည်။
စစ်ကောင်စီနှင့်ပူးပေါင်းပြီး ကရင်နီပြည်နယ်ရှိ KNPP နှင့် PDF အဖွဲ့များအား ကူညီတိုက်ခိုက်ပေးနေသော ပအိုဝ်းပြည်သူ့စစ် PNO အပေါ် ပအိုဝ်းအရပ်ဘက် အဖွဲ့အစည်းများနှင့် လူငယ်များ၏ ဝေဖန်မှုများ မြင့်တက်လာသည်။ ပြည်တွင်းပြည်ပရှိ ပအိုဝ်းအရပ်ဖက်အဖွဲ့အစည်း ၁၁ ဖွဲ့က PNO ၏ လုပ်ရပ်များကို ကန့်ကွက်ကြောင်း PNO သည် နိုင်ငံရေးပါတီတခုအဖြစ်ရပ်တည်လျက်ရှိသဖြင့် ပအိုဝ်းအမျိုးသားတရပ်လုံးကို ကိုယ်စားပြုခြင်းမရှိကြောင်း မေလ ၃၀ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ချင်းပြည်နယ် မင်းတပ်မြို့နှင့် မိုင်းအနည်းငယ်သာကွာဝေးသော ကန်ပက်လက်မြို့တွင် စစ်ကောင်စီနှင့် CDF-Kanpetlet တို့အကြား သုံးရက်ဆက်တိုက် ပစ်ခတ်မှုများဖြစ်ပွားနေကြောင်း သိရသည်။ Chin World ၏ ဖော်ပြချက်အရ လူ ၅၀၀၀ ခန့်ရှိသော ကန်ပက်လက်မြို့တွင် လူတစ်ဝက်နီးပါးခန့် နေအိမ်များကို စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်နေကြပြီဖြစ်ကြောင်းလည်းသိရသည်။
စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် ဒေသခံများဖြင့်ဖွဲ့စည်းထားသည့် PDF နှင့် စစ်ကောင်စီတို့အကြားတိုက်ပွဲများဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲများတွင် PDF ဘက်မှ KIA တပ်ဖွဲ့ဝင်များက ကူညီတိုက်ခိုက်ပေးခဲ့သဖြင့် ကျေးဇူးတင်ရှိကြောင်း PDF-Katha က ထုတ်ပြန်ကြေညာခဲ့သည်။ ယမန်နေ့က တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၄ ဦးသေပြီး ၄ ဦးဒဏ်ရာရခဲ့ပြီး PDF ဘက်က ၅ ဦး ဒဏ်ရာရရှိကြောင်း Khit Thit Media က ဖော်ပြထားသည်။ တိုင်းရင်းသားလက်ကိုင်အဖွဲ့အစည်းတစ်ခုမှ PDF အဖွဲ့အား စစ်ရေးအရ ပေါ်ပေါ်ထင်ထင်အကူအညီပေးခြင်းသည် ယခုတစ်ကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သဖြင့် လူမှုကွန်ယက်အသုံးပြုသူများက ကြိုဆိုကြောင်း မှတ်ချက်ပေး နေကြသည်ကိုတွေ့ရသည်။
KNU ၏ ထုတ်ပြန်ချက်အရ ထိုင်းအစိုးရတပ်များသည် နယ်စပ်ရှိ မြန်မာစစ်စခန်းသို့ သံလွင်မြစ်မှတစ်ဆင့် ရိက္ခာပို့ဆောင်ပေးနေကြောင်း သိရသည်။ မေလ ၂၄ ရက်နေ့ မှ ၂၈ ရက်နေ့အထိ ထိုင်းစစ်တပ်က စက်လှေအကြီးများဖြင့် အကြိမ်ရေ ၂၀ ခန့် ရိက္ခာများကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခံထားရသည့် အမရိကန်နိုင်ငံသား Frontier Myanmar အယ်ဒီတာ Danny Fenster အား အမေရိကန်ကောင်စစ်ဝန်အရာရှိများက လက်ရှိအချိန်အထိ တွေ့ဆုံခွင့်မရရှိသေကြောင်း DVB က ဖော်ပြထားသည်။ ၎င်းအား ဖမ်းဆီးထားသည့် အကြောင်းအရာကိုလည်း ယခုအချိန်အထိသိရှိခြင်းမရှိသေးကြောင်းလည်း သိရသည်။
ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး International Court of Justice နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးကြိုးပမ်းနေကြောင်း NUG က ထုတ်ပြန်ကြေညာခဲ့သည်။ မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်သဖြင့် တရားရှေ့မှောက်တွင် ကိုယ်စားပြုခွင့်ဆက်လက်ရရှိနိုင်ဖို့ကြိုးပမ်းနေကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့သော ရိုဟင်ဂျာပြည်သူများ၏ ခက်ခဲကြမ်းတမ်းသောအခြေအနေများအပေါ် ၎င်းတို့အနေဖြင့် လွန်စွာစိုးရိမ်ပူပန်လျက်ရှိကြောင်း ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။ ရိုဟင်ဂျာဟူသည့် အသုံးအနှုန်းအား အစိုးရအဆက်ဆက်က အသုံးပြုခြင်းရန် ငြင်းဆန်ခဲ့ကြသော်လည်း NUG အနေဖြင့် အဆိုပါအသုံးအနှုန်းအား တရားဝင်ထုတ်ပြန်ချက်တွင် ပထမဆုံးအကြိမ်အသုံးပြုခဲ့ခြင်းဖြစ်ခြင်းကြောင့် တက်ကြွလှုပ်ရှားသူများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများက ကြိုဆိုကြောင်း မှတ်ချက်ပြုရေးသားနေသည်ကိုတွေ့ရသည်။
Comments
Post a Comment