မေ ၁၊ ၂၀၂၁ #day90
အာဏာသိမ်းမှု ရက် ၉၀ ပြည့်သောနေ့တွင် မြို့ပြဒေသများက ဗုံးပေါက်ကွဲမှုသတင်းများနှင့် တိုင်းရင်းသားဒေသများက လေကြောင်းတိုက်ခိုက်မှုသတင်းများက လွှမ်းမိုးနေပါသည်။ ယနေ့ရန်ကုန်မြို့၏ စီးပွားရေးအချက်အချာကျသော ရန်ကင်းမြို့တွင် ဗုံးပေါက်ကွဲမှု ခြောက်ကြိမ်ခန့်ဖြစ်ပွားခဲ့ကြောင်း BBC က ဖော်ပြထားသည်။ Myanma Plaza စျေးဝယ်စင်တာအနီး စက်မှု ၁ လမ်းပေါ်တွင် ငါးကြိမ် အမှတ် ၂ အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ၁ ကြိမ်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ထို့အပြင် တောင်ဥက္ကလာ ဗုံးနှစ်လုံး ယနေ့မနက်ပေါက်ကွဲခဲ့ကြောင်း ဗဟန်းမြို့နယ် SSC ဆေးရုံအနီးတွင်လည်း ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဗုံးပေါက်ကွဲမှုများကြောင့် ထိခိုက်သေဆုံးမှုများ မရှိဘဲ လက်ရှိအချိန်အထိ ဖမ်းဆီးရမိသူမရှိကြောင်းလည်းသိရသည်။ ယခင်ရက်များကလည်း ရန်ကုန်မြို့တွင် အသံဗုံးဟုယူဆရသည့် ဗုံးပေါက်ကွဲမှုများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ လူမှုကွန်ယက်အသုံးပြုသူများက အဆိုပါပေါက်ကွဲမှုများသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့၏ ဝါဒဖြန့်ချိရေးအတွက် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း မှတ်ချက်ပြုကြပါသည်။ မြန်မာပြည်၏ အချက်အချာကျသော စီးပွားရေးမြို့တော် ရန်ကုန်မြို့အနှံ့တွင် လုံခြုံရေးများတင်းကျပ်နေပြီး သွားလာသူများအား ရှာဖွေစစ်ဆေးမူများ နေ့စဥ်ရက်ဆက်ပြုလုပ်နေပါသည်။ ပြည်သူများ၏ လက်ကိုင်ဖုန်းများကိုလည်း စစ်ဆေးနေပြီး ဆန္ဒပြသည့်အထောက်အထားများပါပါက ဖမ်းဆီးခံရပြီး စုံစမ်းစစ်ဆေးရေးစင်တာများသို့ ပို့ဆောင်ခြင်းများ ပြုလုပ်နေပါသည်။
ပြည်သူများအကြားတွင် အပြင်သွားပါက စမတ်ဖုံးများသယ်ဆောင်သွားခြင်းမပြုရန် သတိပေးနေကြပြီး ဓာတ်ပုံများ အချက်အလက်များလျို့ဝှက်သိမ်းဆည်းထား နိုင်သည့် နည်းလမ်းများနှင့် ဖုန်းထဲမှ အလျင်အမြန်ဖျက်ဆီးနိုင်သည့် နည်းလမ်းများ မျှဝေနေကြပါသည်။ ထို့အပြင် မြန်မာပြည်သူများအကြား မြန်မာစာလက်ကွက်အတွက် အသုံးများသည့် မြန်မာကုမ္ပဏီကလုပ်ထားသည်ဆိုသော Bagan Keyboard အား ဖုန်းအတွင်းမှ ဖျက်ပစ်ကြရန် လှုံ့ဆော်နေကြပါသည်။ အဆိုပါ app ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာစည်းကမ်းများအရ အသုံးပြုသူ၏ ဖုန်းနံပါတ်၊ တည်နေရာ၊ မိုဘိုင်းဖုန်း၏ အမှတ်အသားများအပါအဝင် အချက်အလက်များစွာကို သိမ်းဆည်းထားသဖြင့် ဆန္ဒပြသူများအတွက် လုံခြုံမှုမရှိကြောင်း ပြောဆိုနေကြပါသည်။ ဖြစ်နိုင်ပါက မြန်မာကုမ္ပဏီများက ထုတ်လုပ်ထားသော app များအား ဖျက်ထားကြရန်လည်း အကြံပေးနေကြသည်ကိုတွေ့ရသည်။
VOA နှင့် ပြုလုပ်သော ယနေ့အင်တာဗျူးတွင် NUG ၏ နိုင်ငံခြားရေးဝန်ကြီးဖြစ်သည့် ဒေါ်ဇင်မာအောင်က ၎င်းတို့ပြုလုပ်ထားသည့်အရာများနှင့် သဘောတူညီချက်များ အား ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တချိန်ချိန်တွင် ဝေဖန်ကန့်ကွက်လာနိုင်စရာမရှိကြောင်း အာမခံပြောကြားခဲ့သည်။ အာဏာသိမ်းပြီးချိန်မှစ၍ CRPH နှင့် NUG တို့၏ လုပ်ဆောင်ချက်များအား NLD ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နားလည်လက်ခံမည်လား ကန့်ကွက်မည်လားဆိုသည်မှာ ပြည်သူများနှင့် အထူးသဖြင့် တိုင်းရင်းသားအင်အားစုများအကြား အမေးများဆုံးမေးခွန်းတစ်ခုဖြစ်သည်။ အများသဘောတူပြီးသားကိစ္စများအား သူတစ်ဦးတည်း၏ သဘောထားဖြင့် ကန့်ကွက်မည့် ခေါင်းဆောင်မဟုတ်ကြောင်း သူမက ပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နေပြည်တော်နေအိမ်တွင် ဖမ်းဆီးခံထားရပြီး သူမအနေဖြင့် ပြင်ပတွင် ဖြစ်ပျက်နေသော အကြောင်းအရာများအား သိဟန်မရှိကြောင်း သူမ၏ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြီးခဲ့သည့် တနင်္လာနေ့တွင် VOA သို့ပြောဆိုခဲ့သည်။ NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက CDM ပြုလုပ်သူများအား ဖိအားပေး ခြိမ်းခြောက်သူ လူပုဂ္ဂိုလ် ၁၀ ဦးအား အလုပ်မှထုတ်လိုက်ကြောင်း စာထုတ်ပြန်လိုက်သည်။ NUG အနေဖြင့် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ၎င်းတို့၏ ညီညွတ်စွာခုံခံတိုက်ခိုက်မှုများ အထူးလေးစားကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ကချင်ပြည်နည် မြစ်ကြီးနားမြို့တွင် စားဝတ်နေရေးခက်ခဲနေသူများအတွက် "ပိုသူလှူ လိုသူယူ" အစီအစဥ်ပြုလုပ်နေသည့် လူငယ် ၁၁ဦးအား စစ်ကောင်စီက သံချပ်ကာကားအပါအဝင် အင်အားအများအပြားဖြင့် လာရောက်ဖမ်းဆီးခဲ့ကြောင်း Kachinwaves က ဖော်ပြထားသည်။ ရန်ကုန်မြို့တွင်လည်း ယခင်က အလားတူဖြစ်ရပ်မျိုးဖြစ်ပွားခဲ့သည်။ ဆန္ဒပြနေခြင်းမဟုတ်ဘဲ ပြည်သူများအတွက် အလှူအဒါန်းပြုလုပ်နေသူများကိုလည်း စစ်ကောင်စီက ပစ်မှတ်ထားဖမ်းဆီးနေပါသည်။
KIA ၏ ဌာနချုပ်တည်ရှိသည့်နေရာအဖြစ် လူသိများသည့် မြန်မာတရုတ်နယ်စပ်တွင်တည်ရှိသော လိုင်ဇာမြို့ဝန်းကျင်ရှိ စစ်စခန်းများအား စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲနေကြောင်း Kachinwaves က ဖော်ပြထားသည်။ လိုင်ဇာအနီးရှိ KIA တပ်ရင်း (၁၉) နှင့် (၂၄) များကို ယနေ့ည ၇နာရီဝန်းကျင်တွင် တိုက်လေယာဥ်များဖြင့် ၄ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း KIA ၏ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုခဲ့သည်။ လိုင်ဇာအဝင်နားရှိ အလောဘွမ်တောင်ကုန်းအနီးတွင်လည်း တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။ KNU နှင့်တိုက်ပွဲများတွင် တပ်ဖွဲ့ဝင်များသေဆုံးမှုများပြားလာခြင်းကြောင့် စစ်ကောင်စီသည် လက်နက်မဲ့ အရပ်သားများကို ပစ်သတ်ခြင်း၊ ဖမ်းဆီးခြင်းနှင့် အစားအသောက်များ လုယူခြင်းတို့ကို လုပ်ဆောင်နေကြောင်း KNU သတင်းနှင့်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။ ယနေ့မနက် ၁ နာရီဝန်းကျင်တွင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေတွင် လေယာဉ်ဖြင့် ဗုံး ၅ လုံးကြဲခဲ့ပြီး လေယာဉ်စက်သေနတ်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ထို့အပြင် လူသောမြို့နယ်တွင် ပြည်သူများ၏ လုပ်ငန်းခွင်နေရာများသို့ လက်နက်ကြီးဖြင့် ၁၇ ကြိမ်ပစ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီသည် ယမန်နေ့က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ဖက်သတ်အပစ်ခတ်ရပ်စဲရေး တစ်လသက်တမ်းတိုးကြောင်း ကြေညာခဲ့သည်။ RFA နှင့် အင်တာဗျုးတွင် CDM ပြုလုပ်သော ဗိုလ်မှူးတစ်ဦးက တိုက်ပွဲတွင် လက်နက်ကြီးများအသုံးပြုရန်အတွက် ဒုတိယကာကွယ်ရေးဦးစီးချုပ်အဆင့်အထိက ခွင့်ပြုမိန့်ပေးမှသာ ပြုလုပ်နိုင်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ NCA လက်မှတ်ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီ NMSP နှင့် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPC တို့ ယနေ့ နေပြည်တော် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း Mon News Agency က ဖော်ပြထားသည်။ တွေ့ဆုံသည့် အကြောင်းအရာများ မထုတ်ပြန်ရန် နှစ်ဖက်သဘောတူညီထားကြောင်း သိရသည်။ ဧပြီလ ၂၆ ရက်နေ့တွင် NCA လက်မှတ်ရေးထိုးထားသော PPST အဖွဲ့ဝင် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA နှင့် ကရင်အမျိုးသားအစည်း အရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)- KNU/KNLA (PC) တို့ နေပြည်တော်တွင် NSPC နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
အလုပ်အကိုင်ရှားပါးလာမှုကြောင်း မြန်မာနိုင်ငံသားများ အိမ်နီးချင်းထိုင်းနိုင်ငံသို့ အလုံးအရင်းဖြင့် ထွက်ပြေးနေကြကြောင်း VOA က ဖော်ပြထားသည်။ ထိုင်းနိုင်ငံတောင်ပိုင်း ကန်ချနဘူရီပြည်နယ်တွင် ဧပြီလ ၂၉ ရက်နေ့က တရားမဝင်ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၇၂ ဦးအား ဖမ်းဆီးမိကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားခဲ့သည်။ ယခုရက်ပိုင်းအတွင်း အဆိုပါဒေသတဝိုက်တွင် ဖမ်းမိသူ ၂၀၀ ကျော်ရှိပြီဖြစ်ကြောင်းလည်း ထိုင်းနယ်ခြားစောင့်ရဲမှူးက ပြောဆိုခဲ့သည်။ မဲဆောက်မြို့နယတွင်လည်း မြန်မာနိုင်ငံသား ၄၀ ခန့်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ၎င်းတို့သည် ပွဲစားများဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး အစာရေစာ ပြတ်လတ်နေသည်မှာ သုံးလေးရက်ခန့်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။ လာမည့် ၆ လအတွင်း လူပေါင်း ၃.၄ သန်းခန့် အစားအသောက်မလုံလောက်မှု ဖြစ်လာနိုင်ပြီး မြို့ပြဒေသမှု လူထုသည်ပိုမိုခံစားရမည်ဖြစ်ကြောင်း WFP က သတိပေးထားသည်။ သောကြာနေ့တွင်ကျင်းပသော ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာပြည်ဆိုင်ရာ ကြေညာချက်ထုတ်ပြန်ရန်အတွက် တရုတ်နှင့် ရုရှားတို့၏ ကန့်ကွက်မှုကြောင့် အထမမြောက်ခဲ့ကြောင့် AFP က တင်ပြခဲ့သည်။ AAPP ၏ စာရင်းများအရ စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် သေဆုံးသူအရပ်သား ၇၆၀ နီးပါးရှိပြီဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံအစိုးရက မြန်မာ့နိုင်ငံသား စစ်ဘေးရှောင်များအတွက် ထိုင်း-မြန်မာနယ်စပ် မြဝတီနှင့် မဲဆောက်အနီးတွင် Korea Safe Zone များအား အမေရိကန်ဒေါ်လာ ဘီလီယျံချီအသုံးပြုကာ တည်ဆောက်သွားရန် အစီအစဥ်ရှိကြောင်း တောင်ကိုရီယားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ကြောင်း Mizzima က ဖော်ပြထားသည်။ ဆီးရီးယားအရေးတွင် တူရကီနိုင်ငံအတွင်း တောင်ကိုရီးယားနိုင်ငံက ပြလုပ်ခဲ့သည့် ပုံစံအတိုင်း ရွှေ့ပြောင်းသွားလာနိုင်သည့် ကွန်တိန်နာများကို အသုံးပြုပြီး ရပ်ကွက်ပုံသဏ္ဍာန်ပြုလုပ်ကာ စစ်ရှောင်မိသားစုများ နေထိုင်နိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာပြည်ဖွံ့ဖြိုးရေးအတွက် နှစ်စဥ်ပေးအပ်သော အလှူငွေများကို အဆိုပါ KSZ project အတွက် အသုံးပြုသွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်
ကလည်း အဆိုပါအစီအစဥ်ကို သဘောတူကြောင်း သိရသည်။
Comments
Post a Comment