မေ ၂၊ ၂၀၂၁ #day91

 

Global Myanmar Spring Revolution Day အဖြစ် ပြည်ပရောက်မြန်မာလူမျိုးများ စတင်ခဲ့တဲ့လှုံ့ဆော်မှုသည် ပြည်တွင်းမှာပါ သက်ရောက်မှုများရှိခဲ့သည်ကို တွေ့ရပါသည်။ အမေရိကန် တောင်ကိုရီးယား ဂျပန် သြစတေးလျ နော်ဝေး စသည့်မြန်မာလူမျိုးများနေထိုင်မှုများသော နိုင်ငံများရှိ မြို့ကြီးများတွင် စစ်ဆန့်ကျင်ရေးလမ်းလျောက်ချီတက်မှုများကို ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် မြန်မာပြည်အတွင်းရှိမြို့ကြီး မြို့ငယ်များတွင်လည်း အံ့သြလောက်အောင်ပင် လူရာချီပါဝင်သော လမ်းလျောက်ဆန္ဒပြမှုများ တစ်ချိန်တည်တစ်ပြိုင်တည်း ပြန်လည်ပေါ်ပေါက်လာပါသည်။ လူမှုကွန်ယက်အသုံးပြုသူများက အဆိုပါဖြစ်ရပ်အား မြန်မာပြည်၏ ဒုတိယလှိုင်းအဖြစ်တင်စားခေါ်ဝေါ်နေကြပါသည်။ ဆန္ဒပြမှုများ ပြန်လည်ပေါ်ပေါက်လာသည့်နည်းတူ ဖမ်းဆီးခံရသူ ပစ်သတ်ခံရသူများလည်း ပိုမိုများပြားလာခဲ့ပါသည်။ ရန်ကုန် မန္တလေး ရွှေဘို သီပေါ မြို့ ဖားကန့်နှင့် အခြားနေရာအချို့တွင် ဆန္ဒပြသူများအဖမ်းခံခဲ့ရကြောင်း ပြည်တွင်းသတင်းမီဒီယာများက ဖော်ပြထားသည်။ ရှမ်းပြည်နယ်သီပေါမြို့တွင်မူ လူငယ်တစ်ဦးသေဆုံးခဲ့ကြောင်း DVB က ဖော်ပြထားသည်။

ကရင်နီလက်နက်ကိုင်တပ်ဖွဲ့ (KNPP) ထံတွင် အခြေခံစစ်ပညာသွားတက်ပြီး ပြန်လာသော လူငယ် ၇၀ ဦး ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်း ဧပြီ ၃၀ ရက်က အဖမ်းခံခဲ့ရကြောင်း KNPP အရာရှိတစ်ဦးက Burma Associated Press ကို အတည်ပြုပြောဆိုသည်။ ၎င်းတို့စီးနင်းလာသော မြေသယ်ကားနှစ်စီးအား စစ်ကောင်စီက တားမြစ်ခဲ့ပြီး ၎င်းတို့၏ လက်ကိုင်ဖုန်းများထဲတွင် သင်တန်းတက်ရောက်သည့် ဓာတ်ပုံအထောက်အထားများအား တွေ့ရှိခဲ့ကြောင်းသိရသည်။ လူမှုကွန်ယက်အသုံးပြုသူများက လူငယ်များအနေဖြင့် စစ်သင်တန်းနှင့်ပတ်သက်သော အချက်အလက်များကို ဆိုရှယ်မီဒီယာတွင် တင်ခြင်း မီဒီယာများနှင့် အင်တာဗျူးခြင်း လက်ကိုင်ဖုန်းဖြင့် မှတ်တမ်းတင်ထားခြင်းကို ရှောင်ရှားသင့်ကြောင်း မှတ်ချက်ပေးနေကြသည်။

လူတစ်သန်းကျော် follow လုပ်ထားသည့် ကချင်ပြည်နယ်၏ အကြီးဆုံးသတင်းဌာနတစ်ခုဖြစ်သည့် မြစ်ကြီးနားသတင်းဂျာနယ်အား စစ်ကောင်စီက တရား၀င်ထုတ်ဝေခွင့် လိုင်စင်အား ပိတ်သိမ်းလိုက်ကြောင်း ယနေ့ ထုတ်ပြန်လိုက်သည်။ ၇ နှစ်ကျော် သတင်းတင်ဆက်မှုအား ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း သတင်းဌာနက ၎င်း၏စာဖတ်ပရိသတ်ကြီး လူမှုကွန်ယက်မှုတစ်ဆင့် အသိပေးအကြောင်းကြားခဲ့သည်။ ယနေ့အထိ ဖမ်းဆီးခံရသော သတင်းထောက် ၇၀ ဝန်းကျင်ခဲ့ရှိပြီး သတင်းဌာနာ ၅ ခုကျော် ထုတ်ဝေမှု ပိတ်ခံထားရသည်။ NLD AIDS Center မှ AIDS ရောဂါဝေဒနာရှင် ၁၂ ယောက်ကို စစ်ကောင်စီဖမ်းဆီးက ယနေ့ ဖမ်းဆီးလိုက်ကြောင်း Mizzima က ဖော်ပြထားသည်။ ဖမ်းဆီးခံရသူများထဲတွင် ကလေးသုံးဦးပါဝင်ပြီး ၎င်းတို့အားလုံးသည် ART ဆေး (HIV ပိုးကူးစက်ခံထားရသူတွေသောက်သုံးရတဲ့ဆေး) သောက်နေရသူများဖြစ်ကြောင်း သိရသည်။ 

ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် Chinland Defense Force (Hakha) တပ်ဖွဲ့ဝင်များ ပစ်ခတ်မှုဖြစ်ပွားနေကြောင်း ဒေသခံမီဒီယာများက ဖော်ပြထားပါသည်။ စစ်ကောင်စီအနေဖြင့် ဖမ်းဆီးထားသူအားလုံးကို ယနေ့ညနေ ၄ နာရီနောက်ဆုံးထား၍ လွှတ်ပေးရန် CDF က တောင်းဆိုခဲ့ပြီး တောင်းဆိုမှုကို မလိုက်နာသဖြင့် ညနေ ၇ နာရီဝန်းကျင်တွင် မြို့အနီးတဝိုက်တွင် ပစ်ခတ်မှုများဖြစ်ခြင်းဖြစ်ကြောင်း နောက်ဆုံးရရှိသောသတင်းများအရ စစ်ကောင်စီတပ်ဖွဲ့ ၅ ဦးသေဆုံးပြီး CDF ဘက်မှ ထိခိုက်မှုမရှိကြောင်း Chin World Media က ဖော်ပြထားသည်။ စစ်အာဏာရှင်စနစ်ကို နယ်ခြားစောင့်တပ်များအပါအဝင် ကရင်လက်နက်ကိုင်အဖွဲ့များအားလုံး အတူတကွ တိုက်ဖျက်ချေမှုန်းကြရန် KNU/KNLA ဒုစစ်ဦးစီးချုပ် စောဘောကျော်ဟဲ ကရင်ဘာသာဖြင့်စာတစ်စောင်ထုတ်ပြန်ခဲ့သည်။ လက်ရှိတွင် ကရင်လူမျိုးအပေါ်အခြေခံထားသည့် လက်နက်ကိုင်လေးဖွဲ့ KNLA DKBA KNU/KNLA-PC နှင့် BGF တပ်ဖွဲ့များရှိနေပြီး ယခုကဲ့သို့ အခွင့်ကောင်းအခါကောင်းမျိုးကို လက်မလွတ်ကြရန် တိုက်တွန်းကြောင်း လေကြောင်းမှ တိုက်ခိုက်မှုများက စစ်ကောင်စီ၏ မြေပြင်တပ်ဖွဲ့များအားနည်းနေမှုကိုဖော်ပြနေကြောင်း Karen Information Centre က ဘာသာပြန်ဖော်ပြထားသည်။ လက်ရှိကရင်ပြည်နယ်တွင် စစ်ကောင်စီက BGF အဖွဲ့များကို အသုံးချ၍ တိုက်ပွဲဖော်ဆောင်ရန် ကြိုးပမ်းနေကြောင်း သတင်းများထွက်နေသည်။

ရန်ကုန်မြို့သို့ တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ၅ သိန်း ယနေ့ရောက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ အာဏာသိမ်းမှုမတိုင်ခင်က အိန္ဒိယနိုင်ငံက ကာကွယ်ဆေး ၁ သန်းကျော် မြန်မာပြည်အတွက် လှူဒါန်းခဲ့ဘူးသည်။ သို့သော် အာဏာသိမ်းမှုဖြစ်လာခဲ့ပြီးနောက် ကာကွယ်ဆေးထိုးမှုများ ထိထိရောက်ရောက်ပြုလုပ်နိုင်ခြင်းမရှိတော့ဘဲ အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင် ဖြစ်ပွားနေသော ကိုဗစ်ပြန့်နှံ့နေမှုများ မြန်မာပြည်သို့ရောက်ရှိလာမည်ကို စိုးရိမ်ကြောင်း လူမှုကွန်ယက်များတွင် မှတ်ချက်ပေးနေကြပါသည်။

Comments