မေ ၃၊ ၂၀၂၁ #day92

 

ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် စစ်ကောင်စီ၏ တိုက်ခိုက်ရေးရဟတ်ယာဥ်တစ်စင်းအား KIA မှ ယနေ့မနက် ၁၀ နာရီဝန်းကျင်တွင် ပစ်ချလိုက်ကြောင်း Kachinwaves က ဖော်ပြထားသည်။ ပစ်ချခံရသည့် ရဟတ်ယာဥ်သည် အမေရိကန်ဒေါ်လာ ၃၅ သန်းတန်ဖိုးရှိသည့် ရုရှားထုတ် Mi-35P အမျိုးအစားဖြစ်ကြောင်း သိရသည်။ အဆိုပါရဟတ်ယာဥ်အမျိုးအစားတူ ၁၀ စီးခန့် စစ်တပ်တွင်ရှိကြောင်း သိရသည်။ ယခုဖြစ်ရပ်ကြောင့် အာဏာသိမ်းမှုအပြီး ပထမဆုံးအကြိမ်အဖြစ် ရဟတ်ယာဥ်ပစ်ချခဲ့ရခြင်းဖြစ်ပြီး မည်သည့်လက်နက်အသုံးပြုခဲ့သည်ကို KIA က ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း တရုတ်နိုင်ငံထုတ် FN 6 ပခုံးထမ်းလေယာဥ်ပစ်လက်နက်ဖြစ်နိုင်ကြောင်း သတင်းများထွက်နေပါသည်။ အဆိုပါလက်နက်မျိုး KIA အနေဖြင့် စစ်မြေပြင်တွင် အသုံးပြုနိုင်ပြီဖြစ်ပါက လက်ရှိပြည်တွင်းစစ်ပုံစံသည် တထစ်ချိုးပြောင်းလဲသွားနိုင်ကြောင်းလည်း လူမှုကွန်ယက်တွင် မှတ်ချက်ပြုကြပါသည်။ လက်ရှိ ကချင်နှင့် ကရင်ဒေသရှိတိုက်ပွဲများတွင် စစ်ကောင်စီက လေကြောင်းပစ်ကူကို အလွန်အမင်းအားကိုးနေသည်ခြင်းဖြစ်သည်။ ရဟတ်ယာဥ်ပစ်ချခံရပြီးနောက် စစ်ကောင်စီလက်နက်ကိုင်များသည် လက်နက်ကြီးများဖြင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ ရမ်းသမ်းပစ်ခတ်နေသည့်အတွက် အရပ်သားသုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။ ထို့အပြင် ကချင်ပြည်နယ် မံစီမြို့နယ်ရှိ ရဲစခန်းကို KIA တပ်ဖွဲ့ဝင်များက ယနေ့ည ၈ နာရီခန့်တွင် ရုတ်တရက်တိုက်ခိုက်ခဲ့ကြောင်း Irrawaddy က ဖော်ပြထားသည်။ 

တိုက်ပွဲများတွင် အထိနာလျက်ရှိသော စစ်တပ်အတွင်းမှ လေတပ်အရာရှိနှင့် စစ်သည် ၈၀ ခန့် တပ်သို့ သတင်းမပို့ဘဲ ထွက်ပြေးနေကြကြောင်း Myanmar Now က ဖော်ပြထားသည်။ ၎င်းတို့သည် CDM ဝင်သည်ဟု မကြေညာသော်လည်း အာဏာသိမ်းစစ်တပ်အောက်တွင် အမှုမထမ်းလို၍ ထွက်ပြေးခြင်းဖြစ်ပြီး လေတပ်ကာကွယ်ရေးဦးစီးချုပ်ရုံးက ၎င်းတို့အား တပ်ပြေးအဖြစ်ကြေညာထားကြောင်း သိရသည်။ Chinland Defense Force (Hakha) နှင့် စစ်အုပ်စုတပ်ဖွဲ့များ ကျောဘုတ်ရပ်ကွက် လုံခြုံရေးဂိတ်အနီးပစ်ခတ်မှု ထပ်ဖြစ်ခဲ့ကြောင်း CDF ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။ သေဆုံးထိခိုက်မှုများကို မသိရသေးပါ။ ကလေးဒေသခုခံကာကွယ်ရေးအဖွဲ့အစည်း K.R.D.A က ဟားခါးမြို့သို့ သွားနေသည့် စစ်ကောင်စီ၏ စစ်ကားများကို ယနေ့ည‌နေပိုင်း ၅:၃၀ ၀န်းကျင်တွင် ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။ ည ၇:၃၀ ဝန်းကျင်တွင် စစ်ကောင်စီတပ်များ ကလေးမြို့ဘက်သို့ပြန်လည်ဆုတ်ခွာသွားကြောင်းပီဖြစ်ကြောင်း ရေးသားထားသည်။ ရန်ကုန် သာကေတမြို့နယ် ၇ အနောက်ရပ်ကွက်တွင် ဧည့်စာရင်းတိုင်မည်ဟုဆိုကာ ရပ်ကွက်ရုံးအတွင်းဝင်သွားသူ အမျိုးသား ၃ ဦးက ရပ်ကွက်ဥက္ကဌအား ဓါးဖြင့်ထိုးသတ်မှုဖြစ်ပွားခဲ့သည်။ အဆိုပါ ဥက္ကဌသည် စစ်ကောင်စီကို သတင်းပေးခြင်း အကျင့်ဆိုးတို့ကြောင့် ရပ်ကွက်အတွင်း နာမည်ဆိုးဖြင့် ကျော်ကြားသူဖြစ်ကြောင်း Khit Thit Media က ဖော်ပြထားသည်။ လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဆိုပါ လူ ၃ ဦးအား ရှာဖွေနေကြောင်း သိရသည်။

NUG သည် ၎င်းတို့၏ အစိုးရအဖွဲ့တွင် လူ့အခွင့်အရေးဝန်ကြီးဌာန အလုပ်သမားရေးရာဝန်ကြီးဌာန တို့တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ဝန်ကြီးနှစ်ဦး ဒုဝန်ကြီးလေးဦးကို ထပ်တိုးခန့်အပ်ခဲ့သည်။ ထူးခြားမှုအနေဖြင့် ပထမဆုံးအကြိမ်အဖြစ် လူ့အခွင့်အရေးဝန်ကြီးဌာနအားဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး အဆိုပါဌာန၏ ဝန်ကြီးနေရာကိုလည်း ပြည်တွင်းတွင် လူ့အခွင့်အရေးအစဥ်တစိုက်လှုပ်ရှားနေသူ LGBT တစ်ဦးဖြစ်သည့် ဦးအောင်မျိုးမင်းအား ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါခန့်အပ်မှုအား လူမှုကွန်ယက်အသုံးပြုသူ အများအပြားက ကြိုဆိုနေကြသည်ကို တွေ့ရသည်။ မန္တလေးတီဘီဆေးရုံမှ CDM ပြုလုပ်သည့် သူနာပြုဆရာမများ ဆရာဝန်များနှင့် ဓါတ်ခွဲမှူးများကို စစ်အုပ်စုက ဖမ်းဆီးပြီး ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်လိုက်ကြောင်း Khit Thit Media က ဖော်ပြထားသည်။ ယနေ့နံနက်ပိုင်းတွင် ၎င်းတို့နေထိုင်ရာ ဝန်ထမ်းအိမ်ရာများမှ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သူနာပြုတက္ကသိုလ်ကျောင်းသားသမဂ္ဂက ဆိုသည်။ NUG ကလည်း CDM ဝန်ထမ်းများကို ဖိအားပေးခြိမ်းခြောက်နေသော စစ်ကောင်စီလက်အောင်ရှိ ဌာနဆိုင်ရာ အကြီးအကဲဝန်ထမ်း ၂၇ ဦးကို နာမည်ပျက်စာရင်းကြေညာကြောင်း ထုတ်ပြန်ခဲ့သည်။ 

နှစ်လနီးပါးကြာပြီးနောက် MPT ဆက်သွယ်ရေးအော်ပရေတာအသုံးပြုသူများ မိုဘိုင်းအင်တာနက်ရရှိပြီဖြစ်ကြောင်း လူမှုကွန်ယက်များတွင် ရေးသားနေကြသည်ကိုတွေ့ရသည်။ အခြားသော မိုဘိုင်းအော်ပရေတာ ၃ ခု အင်တာနက်ရမရ သိရှိရသေးခြင်းမရှိပါ။ ပါဆယ်ဗုံးပေါက်ကွဲမှုကြောင့် NLDလွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင် အပါအဝင် CDM ပြုလုပ်နေသော ရဲ ၃ ဦးနှင့် အရပ်သား ၁ ဦး စုစုပေါင်း ၅ ဦးသေဆုံး သွားကြောင်း Pyu Regional News မှတစ်ဆင့်သိရကြောင်း Khit Thit Media ကဖော်ပြထားသည်။ ညနေ ၅ ခန့်တွင် ပဲခူးတိုင်း ပြည်မြို့နယ် ကမ္ဘီလာရွာတွင် ခေတ္တပုန်းရှောင်နေသော အဆိုပါ လူ ၅ ဦးနေအိမ်တွင်ရှိစဥ် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပုပ်ရဟန်းမင်းကြီးဖရန်စစ်က မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ယခုလတစ်လလုံး အထူးဆုတောင်းကြရန် ကက်သလစ် ခရစ်ယာန်ဘာသာဝင်များကို တိုက်တွန်းလိုက်သည်။ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံက သတင်းစာလွတ်လပ်ခွင့်ပေးရန်နှင့် သတင်းသမားများအား ခြွင်းချက်မရှိ လွတ်ပေးရန် တောင်းဆိုလိုက်သည်။

Comments

Popular Posts