မေ ၄၊ ၂၀၂၁ #day93
စစ်ကောင်စီသည် မီဒီယာများအား ပစ်မှတ်ထား အရေးယူခြင်း ဖိအားပေးခြင်းများ အဆက်မပြတ်လုပ်ဆောင်လျက်ရှိသည်။ ကချင်ပြည်နယ်အခြေစိုက် မီဒီယာတစ်ခုဖြစ်သော The 74 News Media အား စစ်ကောင်စီက ထုတ်ဝခွင့်ရပ်ဆိုင်းကြောင်း မေလ ၃ ရက်နေ့က စာပေးပို့ခဲ့သည်။ သို့သော် အဆိုပါမီဒီယာဌာနက ၎င်းတို့အနေဖြင့် ညွှန်ကြားချက်ကို နာခံမည်မဟုတ်ဘဲ သတင်းများကိုဆက်လက်တင်ဆက်သွားမည်ဖြစ်ကြောင်း ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။ စစ်ဖြစ်ပွားနေသော ကချင်ပြည်နယ်တွင် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ သတင်းမီဒီယာများကို ဖိနှိပ်လာခြင်း ဖြစ်ကြောင်း ဝေဖန်နေကြပါသည်။ ဧပြီ ၁၈ရက်ညပိုင်းက ရန်ကုန်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော ဂျပန်အလွတ်သတင်းထောက် ယူကီကီတာဇူမီအား သတင်းမှားများဖြန့်ဝေမှုဖြင့် စစ်ကောင်စီက တရားစွဲလိုက်ပြီး ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်ကျခံရနိုင်ကြောင်း BBC က ဖော်ပြထားသည်။ မြန်မာ့အရေးအား အစဥ်တစိုက်ဖော်ပြလျက်ရှိသော တိုကျိုအခြေစိုက် Nikkei Asia သတင်းဌာန၏ သတင်းထောက်ဟောင်းဖြစ်ပြီး အာဏာသိမ်းပြီးနောက် တရားစွဲခံရသည့် ပထမဆုံးနိုင်ငံခြားသားသတင်းထောက်လည်း ဖြစ်လာသည်။ ယနေ့အချိန်အထိ ဖမ်းဆီးခံခဲ့ရသူ သတင်းသမား ၇၃ ဦးအထိရှိနေပြီး ၄၃ ဦးသည် လက်ရှိအချိန်ထိ ထောင်ထဲတွင်ရှိနေပါသည်။
ချင်းပြည်နယ် ဟားခါးမြို့တွင် CDF (Hakha) ၏ ချုံခိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း CDF အဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောဆိုခဲ့သည်။ မေလ ၂ ရက်တွင် စတင်ခဲ့သော ပစ်ခတ်မှုများကြောင့် စုစုပေါင်း စစ်သား ၈ ဦးသေဆုံးပြီး ၁၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ CDF က ဖမ်းဆီးခံထားသည့် ဒေသခံ ၆၀ နီးပါးကို မေ ၂ ညနေ ၄ နာရီ နောက်ဆုံးထား၍ စစ်ကောင်စီက ပြန်လွှတ်ပေးရန် CDF က တောင်းဆိုခဲ့သော်လည်း ပြန်လွတ်ပေးခြင်း မရှိသဖြင့် ပစ်ခတ်မှုများရှိလာခြင်းဖြစ်သည်။ ထို့အပြင် ယမန်နေ့ နေ့လယ်ပိုင်းတွင် ချင်းပြည်နယ်သို့သွားရာ ထီးလင်း − ဂန့်ဂေါကားလမ်းမတွင် စစ်ကား ၈ စီးမှာ လက်လုပ်မိုင်းဖြင့် တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်သေဆုံးမှုများအား သိရခြင်းမရှိသေးပါ။
ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ဖြစ်ပွားသော RCSS/SSA နှင့် စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်များပူးပေါင်းတပ်တို့၏ တိုက်ပွဲတွင် စစ်ကောင်စီဘက်က ရွာသားများကို လူသားဒိုင်းအဖြစ်အသုံးပြုခဲ့ကြောင်း ထိုင်းအခြေစိုက် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အား ကိုးကား၍ DVB က ဖော်ပြထားသည်။ ရွာသားတွေကို ဖမ်းဆီးချုပ်နှောင်ခြင်းနှင့် ပစ္စည်းယူဆောင်သွားခြင်းတို့ ပြုလုပ်ခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ရေးသားထားသည်။ RCSS နှင့် TNLA SSPP ပူးပေါင်းတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားနေသော ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်ရှိ မန်လီကျေးရွာတွင် မေလ (၂) ရက် ညနေပိုင်းက ဒေသခံနေအိမ် (၄၄) အိမ် မီးရှို့ခံရကြောင်း Shan News က ဖော်ပြထားသည်။ မီးရှို့ခံရချိန်တွင် ဒေသခံများ စစ်ဘေးရှောင်နေရသည့်အချိန်ဖြစ်ခြင်းကြောင့် မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်ကြောင်း မသိကြောင်း ဒေသခံများက ပြောဆိုပါသည်။ RCSS နှင့် TNLA တို့မှ တစ်ဖက်နှင့်တစ်ဖက်စွပ်စွဲနေကြသည်ကို တွေ့ရသည်။
ရှမ်းပြည်နယ် ကွတ်ခိုင်မြို့အနီးတွင် စစ်ကောင်စီတပ်များနှင့် TNLA MNDAA KIA တို့ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ အာဏာသိမ်းပြီးနောက် ၎င်းတို့အကြား ဒုတိယအကြိမ်ဖြစ်ပွားသော တိုက်ပွဲလည်းဖြစ်သည်။ စစ်ကောင်စီတပ်၏ ကွတ်ခိုင်ဗျူဟာက လက်နက်ကြီးများဖြင့် ပစ်ကူပေးကြောင်း ဒေသခံတစ်ဦးက BBC ကိုပြောဆိုသည်။ အဆိုပါတိုင်းရင်းသားလက်နက်ကိုင်များက ယခုဖြစ်စဥ်အပေါ် မှတ်ချက်ပေးမှုမရှိသေးကြောင်းသိရသည်။ KIA လေယာဉ်ပစ်အဖွဲ့များမှ အာဏာသိမ်းစစ်တပ်၏ စစ်လေယာဉ် (၁) စင်း ပစ်ချနိုင်သည့် မည်သည့် KIA တပ်သားမဆို KIO မှ ဆုတော်ငွေ ကျပ်သိန်း (၅၀) ချီးမြှင့်မည်ဟု သတင်းများထွက်ပေါ်နေကြောင်း လူမှုကွန်ယက်တွင် ပြန့်နှံ့နေပါသည်။ ယမန်နေ့က စစ်ကောင်စီ၏ တိုက်ခိုက်ရေးရဟတ်ယာဥ်အား KIA က ပစ်ချလိုက်ခြင်းကြောင့် စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။ ထို့အပြင် ယမန်နေ့ မံစီမြို့ရှိ ရဲစခန်းအား ပစ်ခတ်မှုကြောင့် ရဲမှူးတစ်ဦး သေဆုံးပြီး တစ်ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း Khit Thit Media က ရေးသားထားသည်။ အဆိုပါပစ်ခတ်မှုကြောင့် ရဲတချို့ ထွက်ပြေးသွားကြောင်း မြို့ခံများလည်း စိုးရိမ်၍ နေရပ်စွန့်ခွာနေကြကြောင်း သိရသည်။ စစ်ကောင်စီတပ်များနှင့် တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားနေသော KNU တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီလက်အောက်ရှိ နယ်ခြားစောင့်တပ်များ အလုံးအရင်းဝင်ရောက်လာနေကြောင်း Karen Information Centre က ဖော်ပြထားသည်။ စစ်ကောင်စီအနေဖြင့် တပ်အင်အားမလုံလောက်မှုများ ရိက္ခာလမ်းကြောင်း ဖြတ်တောက်ခံထားရမှုများကြောင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များအား အသုံးပြုနေခြင်းဖြစ်ကြောင်းသိရသည်။ BGF သည် ယခင်က KNU မှ ခွဲထွက်သွားသော DKBA တပ်ဖွဲ့ဝင်ဟောင်းများဖြင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။
စစ်ကောင်စီက ညမထွက်ရအမိန့်အား ည ၈ နာရီမှ မနက် ၄ နာရီသတ်မှတ်ထားခြင်းအား ည ၁၀ နာရီမှ မနက် ၄ အဖြစ်ပြင်ဆင်လိုက်ကြောင်း စာထုတ်ပြန်လိုက်သည်။ Telenor မိုဘိုင်းအော်ပရေတာက ပြီးခဲ့သည့် ဇန်နဝါရီလ မှ မတ်လ သုံးလတာကာလအတွင်း ဒေါ်လာ သန်း ၄၇၀ ခန့် ဆုံးရှုံးခဲ့ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ သို့သော် ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံက လုပ်ငန်းတွေကို ရုပ်သိမ်းသွားမှာမဟုတ်ဘဲ ဝန်ထမ်း ၇၅၀ ခန့်ရဲ့ လုံခြုံရေးနဲ့ တယ်လီနောသုံးစွဲသူတွေ အင်တာနက်ပြန်လည်ရရှိရေးကို အာရုံစိုက်လုပ်ဆောင်သွားမယ်လို့ ပြောဆိုခဲ့ကြောင်း Jakarta Post ကို ကိုးကားပြီး Eleven Media က ဖော်ပြထားပါသည်။
Comments
Post a Comment