မေ ၅-၆၊ ၂၀၂၁ #day94 #day95
အာဏာသိမ်းမှုရဲ့အကျိုးဆက်အနေဖြင့် ကုန်သွယ်ရေးလုပ်ငန်းများထိခိုက်လာခြင်းကြောင့် မေလအကုန်တွင် နိုင်ငံခြားသားလုပ်ငန်းရှင်များ၏ စက်ရုံအလုပ်ရုံများ မြန်မာပြည်မှ ထွက်ခွာတော့မည်ဖြစ်ကြောင်း စက်ရုံလုပ်ငန်းရှင်များ၏ ပြောဆိုမှုကို ကိုးကား၍ DVB က ဖော်ပြထားပါသည်။ တရုတ်၊ ဟောင်ကောင်၊ ကိုးရီးယား၊ ဂျပန်နဲ့ ထိုင်ဝမ်နိုင်ငံများက အများဆုံးရင်းနှီးမြှုပ်နှံထားသော စက်မှုဇုန်များမှ လုပ်ငန်းများသည် ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ ပြောင်းရွေ့ရန် ပြင်ဆင်နေကြပြီး မြန်မာလုပ်သားပေါင်း သိန်းချီလုပ်ကိုင်လျက်ရှိနေခြင်းကြောင့် လူသိန်းချီ တစ်ကြိမ်တည်းအလုပ်လက်မဲ့ ဖြစ်လာတော့မည်ဖြစ်သည်။
မတ်လ ၃ ရက်နေ့က ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်တွင် စစ်ကောင်စီ၏ရဲတပ်ဖွဲ့က လူနာတင်ကားတစ်စီးကို အီတလီနိုင်ငံထုတ် Cheddite ကျည်အစစ်များဖြင့် ပစ်ခဲ့ကြောင်း Amnesty International ၏ စုံစမ်းဖော်ထုတ်မှုကို DVB က ဖော်ပြထားသည်။ ဥရောပသမဂ္ဂက မြန်မာပြည်သို့ လက်နက်တင်ပို့မှုများ ပိတ်ပင်ထားသည့်ကြားက အဆိုပါ ကျည်ဆံများသည် တူရကီနိုင်ငံမှတစ်ဆင့် မြန်မာစစ်တပ်၏လက်ဝယ်သို့ရောက်ရှိလာခြင်းကြောင့် လက်နက်ကုန်သွယ်ပိတ်ပင်တားမြစ်မှု၏ အသက်ဝင်မှုကို မေးခွန်းထုတ်နေကြပါသည်။ Sydney Morning Herald ၏ ဖော်ပြချက်အရ သြစတေးလျနိုင်ငံတွင် ရောက်ရှိနေသော အာဏာသိမ်းစစ်တပ်ခေါင်းဆောင်များ၏ ဆွေမျိုးများနှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများအား စုံစမ်းဖော်ထုတ်နေကြောင်း သြစတေးလျနိုင်ငံ လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာနကကြေညာလိုက်ပါသည်။ အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)ဖြင့် အမှုဖွင့်ခံထားရသည့် ဩစတျေးလျနိုင်ငံသား စီးပွားရေးအကြံပေးပညာရှင် ရှောင်တာနယ်လ် (Sean Turnell) သည် ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်အမှုတွင် စစ်ကောင်စီက အဓိကတရားခံအဖြစ် သတ်မှတ်ထားကြောင်း သူမ၏ ရှေ့နေက Myanmar Now ကိုပြောဆိုခဲ့သည်။ ဖမ်းဆီးခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ၏ ဝန်ကြီးဟောင်း သုံးဦးကိုပါ အမှုတွဲအဖြစ် တရားစွဲဆိုထားကြောင်းသိရသည်။
မတ်လ ၅ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်မှုများကို ကာကွယ်တားဆီးနိုင်ရန်အတွက် NUG အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (People's Defence Force) ကို ကာကွယ်ရေးဆိုင်ရာမူဝါဒနှင့်အညီ ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။ PDF သည် ဖက်ဒရယ်တပ်မတော် ဖြစ်ပေါ်လာရေးအတွက် ရှေ့ပြေးအမြုတေဖြစ်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ Shwe Phee Myay News Agency ဖော်ပြချက်အရ အစိုးရရုံးများအခြေစိုက်ရာ မြန်မာပြည်၏မြို့တော် နေပြည်တော်တွင် People’s Defence Force (Naypyitaw) ဖွဲ့စည်းလိုက်ကြောင်း ကြေညာလိုက်သည်။ မန္တလေးမြို့ရှိ စစ်ကောင်စီခန့်အပ်ထားသော မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ဦးသည် ဓားအထိုးခံရပြီးနောက် သေဆုံးသွားတယ်လို့ မျက်မြင်များက DVB ကိုပြောဆိုပါသည်။ စစ်ကောင်စီခန့်အပ်ထားသော အုပ်ချုပ်ရေးမှူများအား လုပ်ကြံသတ်ဖြတ်မှုများ မြန်မာပြည်အနှံ့တွင် ခပ်စိပ်စိပ်ဖြစ်ပွားနေပါသည်။ ၎င်းတို့၏ တောင်းဆိုမှုများအား လိုက်လျောခြင်းမရှိခြင်းကြောင့် ရခိုင်အမျိုးသားပါတီအနေဖြင့် စစ်ကောင်စီနှင့်ပူးပေါင်းလုပ်ဆောင်နေမှုများအား ရပ်ဆိုင်းသွားရန် စဥ်းစားနေပြီဖြစ်ကြောင်း ပါတီဥက္ကဌက Myanmar Now ကို ပြောဆိုခဲ့သည်။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီပေးသော ရာထူးများအား ရယူခဲ့ခြင်းကြောင့် ရခိုင်အမျိုးသားပါတီသည် ဝေဖန်မှုများစွာကိုခံခဲ့ရသည်။
KNU တပ်မဟာ ၅ နယ်မြေဖြစ်သည့် ဖာပွန်မြို့နယ်တွင် မတ်လ ၂၇ ရက်မှစ၍ စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲပေါင်း ၄၀၇ ကြိမ်အတွင်း စစ်ကောင်စီ၏ ဗိုလ်မှူးကြီးအဆင့်အပါအဝင် စစ်သား ၁၉၄ သေဆုံးပြီး ၂၂၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU အရာရှိတစ်ဦးက Karen Information Centre သို့ပြောဆိုခဲ့သည်။ KNU ဘက်မှလည်း ၉ ဦးသေဆုံးကာ ၁၀ ဦးဒဏ်ရာရှိခဲ့ပြီး လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၄ ဦးသေဆုံးပြီး ၂၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လည်းသိရသည်။ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်တွင် မေလ ၅ ရက်နေ့က စစ်ကောင်စီနှင့် TNLA MNDAA ပူးပေါင်းအဖွဲ့များအကြား ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် ခြေမြန်တပ်ရင်း ၉ ဖက်မှ ဗိုလ်ကြီး (၁) ဦးအပါအဝင် တပ်သားအယောက် (၃၀) ကျော် သေဆုံးသွားပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့ကြောင်း MNDAA က ဓာတ်ပုံများနှင့်တကွ လူမှုကွန်ယက်တွင် ဖော်ပြထားပါသည်။ ကျဆုံးသွားပြီးအများအပြားဒဏ်ရရှိခဲ့ပါတယ်။ ကချင်ပြည်နယ် ဗန်းမော်ခရိုင်တွင် KIA နှင့် တိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား ယနေ့ဖြစ်ပွားသောတိုက်ပွဲများကြောင့် စစ်ကောင်စီတပ်ဘက်မှ ၃၀ နီးပါးသေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများထွက်ပေါ်နေပြီး Khit Thit Media က အတည်ပြုရန်ကြိုးပမ်းနေကြောင်း ရေးသားထားသည်။
စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများပြန်လည်ဖြစ်ပွားနေကြောင်း Khit Thit Media က ဖော်ပြထားသည်။ စစ်သားအများအပြားသေဆုံးပြီး ကနီပြည်သူ့ဆေးရုံတွင် စစ်သားအများအပြားဆေးကုသမှုခံယူနေကြောင်း သိရသည်။ ချင်းပြည်နယ် မီးသတ်ဌာနတွင် CDM ပြုလုပ်သည့် ဝန်ထမ်း ၁၁၂ ဦးအား စစ်ကောင်စီက အလုပ်မှုထုတ်ပယ်လိုက်ကြောင်း Chin World က ဖော်ပြထားသည်။ စစ်ကောင်စီက ယမန်နေ့ မတ်လ ၅ ရက်နေ့တွင် တက္ကသိုလ်များရှိ မဟာတန်းများနှင့် တက္ကသိုလ်နောက်ဆုံးနှစ်များအား ဖွင့်လှစ်ရန် အတင်းအကြပ်ဖိအားပေးခဲ့သော်လည်း ကျောင်းသား ၉၀ ရာခိုင်နှုန်း ကျော် တက်ရောက်ခဲ့ခြင်းမရှိကြောင့် DVB က ဖော်ပြထားသည်။
ကျောင်းများအနီးတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ရန်ကုန်မြို့ ဒဂုံတက္ကသိုလ်သို့သွားသော YBS 30 ဘတ်စ်ကားတစ်စီးပေါ်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပေါက်ကွဲမှုဖြစ်ပွားမှုကြောင့် လူထိခိုက်မှုမရှိဘူးကြောင်းသိရသည်။ တက္ကသိုလ်များအထဲတွင်မူ လုံခြုံရေးများအလွန်တင်းကြပ်ထားကြောင်း လူမှုကွန်ယက်ပေါ်တွင် မှတ်ချက်ပေးနေကြပါသည်။ ထို့အပြင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကန်တော်ကြီးအနီးတွင် ယမန်နေ့ ည ၁၀ နာရီဝန်းကျင်တွင် ဗုံး ၃ လုံးဆက်တိုက်ပေါက်ခဲ့ကြောင်း Mizzima က ဖော်ပြထားသည်။ BBC ၏ ဖော်ပြချက်အရ အဆိုပါပေါက်ကွဲမှုကြောင့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့သူ MMA လက်ဝှေ့သမား ဖိုးသော်အား ၎င်းသည် လက်လုပ်မိုင်းပြုလုပ်နေစဥ် ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ကြောင်း စစ်ကောင်စီစွပ်စွဲခဲ့ပါသည်။ ၎င်းသည်လက်ရှိအချိန်တွင် စစ်ဆေးရုံတွင်ဆေးကုသမှုခံယူနေကြောင်း မိသားစုဝင်များက ပြောဆိုပါသည်။
See Less
Comments
Post a Comment