မေ ၇၊ ၂၀၂၁ #day96

အာဏာသိမ်းစစ်တပ်သည် ဆန္ဒပြသူများအား ပစ်ခတ်ရာတွင် အီတလီနိုင်ငံထုတ် ကျည်ဆံအများအပြားအား အသုံးပြုနေကြောင်း အထောက်အထားတွေ့လာပြီးနောက် မြန်မာနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့မှု ပိတ်ပင်ရန် ဖိအားပေးတောင်းဆိုမှုများ ကျယ်လောင်လာပါသည်။ လက်ရှိမြန်မာစစ်တပ်အား အဓိကလက်နက်ထောက်ပံ့နေသော နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး ၎င်းနောက်တွင် ရုရှားနှင့် အိန္ဒိယနိုင်ငံတို့အစဥ်လိုက်ရပ်တည်နေပါသည်။ ယခင်ကလည်း မြောက်ကိုးရီးယားနှင့် အစ္စရေးနိုင်ငံများအပါအဝင် ဥရောပနိုင်ငံများက လက်နက်တင်ပို့မှုများ ပြုလုပ်ခဲ့ကြသည်။ Burma Campaign UK ၏ ထုတ်ပြန်ချက်အားကိုးကား၍ DVB ကဖော်ပြသောသတင်းတွင် ပြီးခဲ့သည့် မေလ ၅ ရက်နေ့ G 7 နိုင်ငံခြားရေးဝန်ကြီးများ၏ ထုတ်ပြန်ချက်တွင် ဂျပန်နိုင်ငံက ၎င်းတို့အနေဖြင့် အာဏာသိမ်းစစ်တပ်ထံ စစ်လက်နက်များနှင့် စစ်ဘက်ပစ္စည်းများ ‌ရောင်းချမှု ရပ်ဆိုင်းရန်ကတိပြုခဲ့သည်။ ဂျပန်နှင့် မြောက်ကိုရီးယားနိုင်ငံများအပါအဝင် လက်နက်တင်ပို့မှုအားပိတ်ဆို့သည့် ၄၃ နိုင်ငံရှိပြီး နိုင်ငံပေါင်း ၁၄၉ နိုင်ငံက ပိတ်ပင်မှုပြုလုပ်ခြင်းမရှိသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လက်နက်ပိတ်ပင်တားဆီးမှုပိုမိုထိရောက်စွာလုပ်ဆောင်နိုင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ညွန့်ပေါင်းအဖွဲ့တစ်ခု ထူထောင်ရန် Burma Campaign UK က အကြံပြုထားသည်။
မြန်မာ့အရေးအားပိုမိုအာရုံစိုက်လုပ်ဆောင်နိုင်ရန်အတွက် အထူးသံတမန်တစ်ဦးအမြန်ဆုံးခန့်အပ်ရန် အမေရိကန်-အာဆီယံစီးပွားရေးကောင်စီက အမေရိကန်အစိုးရအား တောင်းဆိုလိုက်ကြောင်း BBC က ဖော်ပြထားသည်။ အဆိုပါသံတမန်အနေဖြင့် စစ်ကောင်စီအား အရေးယူပြုလုပ်မှုများကို ပိုမိုထိရောက်စွာလုပ်ဆောင်နိုင်ရန်ကူညီမည်ဖြစ်ပြီး အခြားဒေသတွင်းနိုင်ငံများ Quad မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ အာစီယံနိုင်ငံများအနေဖြင့်လည်း မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ခန့်အပ်နိုင်ရေး ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။ 

မြန်မာပြည်ရှိနိုင်ငံခြားကုန်သည်ကြီးများအသင်း ၁၀ ခုက ပူးတွဲကောက်ယူခဲ့သော စစ်တမ်းတစ်ခုအရ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံတွင် ကုမ္ပဏီ ၁၃ ရာခိုင်နှုန်းနီးပါးသည် ၎င်းတို့၏ လုပ်ငန်းများကို ရပ်ဆိုင်းထားခဲ့ရဖော်ပြထားသည်။ ကပ်ရောဂါကြောင့် ယမန်နှစ်တစ်နှစ်လုံး စီးပွားရေးထိခိုက်မှုထက် ယခုသုံးလက ပိုမိုဆိုးရွားခဲ့ကြောင်း အဆိုပါစစ်တမ်းဖော်ပြထားသည်။ စစ်တမ်းတွင် ကုမ္ပဏီ ၃၇၂ ခုပါဝင်ပြီး ၁၈၂ ခုသည် ဂျပန်ကုမ္ပဏီများဖြစ်၍ ၁၁၅ ခုသည် အနောက်နိုင်ငံများမှကုမ္ပဏီများဖြစ်သည်။ ၅၄ ခုမှာ မြန်မာကုမ္ပဏီများ ဖြစ်သည်။ သုံးပုံတစ်ပုံခန့်က ၎င်းတို့၏ လုပ်ငန်းများကို ၇၅ ရာခိုင်နှုန်းနှင့်အထက် လျှော့ချထားရကြောင်း ဖြေဆိုသူ ၇၇ ရာခိုင်နှုန်းက ၎င်းတို့၏ လုပ်ငန်းများ ထိခိုက်ရခြင်း၏ အဓိကအကြောင်းရင်းများမှာ ဘဏ်များမှတစ်ဆင့် ငွေလွှဲပြောင်းမှုများနှင့် ပေးချေမှုများ အလုပ်မဖြစ်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်းဖော်ပြထားသည်။

NUG ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက လူငယ်ဗဟိုပြုလုပ်ငန်းများပူးပေါင်းလုပ်ဆောင်နိုင်ရန်အတွက် နိုင်ငံအတွင်းရှိ လူငယ်အဖွဲ့အစည်းများအားဖိတ်ခေါ်လိုက်သည်။ ဌာနအနေဖြင့် အာဏာရှင်တော်လှန်ရေးအခန်းကဏ္ဍများ လူငယ်ရပိုင်ခွင့်နှင့်အခွင့်အရေးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ နိုင်ငံတည်ဆောက်ရာတွင်ပါဝင်နိုင်ရေးများ စသည်တို့ပြုလုပ်ရန် ရည်ရွယ်ထားကြောင်း ဖော်ပြထားသည်။ DVB က ဖော်ပြချက်အရ CDM ပါဝင်သူ မန္တလေးတက္ကသိုလ်မှ ပါမောက္ခ၊ တွဲဖက်ပါမောက္ခအဆင့်များအပါအဝင် ၃၉၃ ဦးအား စစ်ကောင်စီက တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း မေလ ၆ ရက်နေ့က ကြေညာခဲ့ကြောင်းသိရသည်။ ထို့အပြင် စလေ ဓာတ်မြေသြဇာစက်ရုံက ဝန်ထမ်း ၂၄၇ ယောက်အား စစ်ကောင်စီက အလုပ်ထုတ်ပစ်လိုက်ကြောင်းသိရသည်။

မြင်းခြံမြို့နယ်တွင် လက်လုပ်ဗုံးပေါက်သည့်ကိစ္စနှင့် ပတ်သက်၍ အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး စစ်သားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီး ၎င်း၏ အသက် ၆၇ နှစ်အရွယ် အဖိုးအပါအဝင် ရွာသား ၅ ဦးကို ဗုံးပြုလုပ်သူများအဖြစ်စွပ်စွဲပြီး ဖမ်းဆီးလိုက်ကြောင်း Myanmar Now က ဖော်ပြထားသည်။ ယနေ့တစ်နေ့ထဲ မန္တလေးမြို့တွင် နေရာ ၁၀ ခန့်တွင် လက်လုပ်ဗုံးများပေါက်ကွဲခဲ့ကြောင်း DVB ကဖော်ပြထားသည်။ စစ်ကောင်စီ၏ ရုံးများ ရဲစခန်းများအနီးတွင် အများဆုံးပေါက်ကွဲခြင်းဖြစ်ပြီး ဒဏ်ရာရသူမရှိကြောင်းလည်းသိရပါတယ်။

ရန်ကုန်မြို့တွင် ဖမ်းဆီးခံရသောမိန်းကလေးငယ်များအား စစ်ကောင်စီ၏ စစ်ကြောရေးစခန်းများတွင် အိန္ဒြေပျက်အရှက်ရအောင် ဆဲဆိုခြင်း ထိကပါးရိကပါးပြောဆိုခြင်းနှင့် ခုံပေါ်တက်မတ်တပ်ရပ်ခိုင်းပြီး စစ်သားအများအပြားက စစ်ဆေးမေးမြန်းခြောက်လှန့်ခြင်းများ ပြုလုပ်နေကြောင်း ပြန်လည်လွတ်မြောက်လာသော မိန်းကလေးများနှင့် ၎င်းတို့ကို ကူညီပေးနေသောရှေ့နေများက DVB ကို ပြောဆိုပါသည်။ ရှေ့နေများကို ရိုက်နှက်ခြင်း လိင်ပိုင်းဆိုင်ရာအရှက်ရအောင်အနိုင်ကျင့်ဖိအားပေးခြင်းများ ပြုလုပ်နေကြောင်းလည်းသိရသည်။ ဖမ်းဆီးခံရသူများအား အင်းစိန်ထောင်မပို့ခင် ကျိုက္ကဆံစစ်ကြောရေးနဲ့ ရွှေပြည်သာစစ်ကြောရေးကို ပို့ဆောင်ကာ စစ်ဆေးမေးမြန်းခြင်းဖြစ်ကြောင်း သိရသည်။

ဖာပွန်မြို့နယ်အတွင်းရှိ စစ်တပ်စခန်းတစ်ခုအား KNU တပ်ဖွဲ့ဝင်များက ထပ်မံသိမ်းပိုက်လိုက်ကြောင်း Mizzima က ဖော်ပြထားသည်။ အဆိုပါတိုက်ပွဲတွင် KNU နယ်မြေတွင် အခြေစိုက်သော ရခိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ANC ၏ တပ်ဖွဲ့ဝင်များပါဝင်ကြောင်းလည်း သိရသည်။ စစ်သားများသည် တိုက်ပွဲများမဖြစ်မှီ ၎င်းတို့၏ တပ်စခန်းများအား စွန့်ခွာမှုများပြုလုပ်နေကြကြောင်း Irrawaddy က ဖော်ပြထားသည်။ ယမန်နေ့ ည ၈ နာရီဝန်းကျင်တွင် ဧရာဝတီမြစ်ကြောင်းအတွင်းသွားလာနေသော စစ်ရေယာဥ်အား KIA တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် တပ်သား ၃၀ ကျော်သေဆုံးခဲ့ကြောင့် Khit Thit Media က ဖော်ပြထားသည်။ 
 

Comments

Popular Posts