မေ ၈၊ ၂၀၂၁ #day97

 

အာဏာသိမ်းစစ်ကောင်စီနှင့်တွေ့ဆုံညှိနှိုင်းရေးပြုလုပ်မည်မဟုတ်ဘဲ သေဆုံးသွားသော ဖမ်းဆီးနှိပ်စက်ခံရသော ပြည်သူများအတွက် NUG အစိုးရအနေဖြင့် တရားမျှတမှုရရှိအောင် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း NUG ဒုတိယသမ္မတက ယနေ့မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။ အာဏာသိမ်းအစိုးရအား တခဲနက်ဆန့်ကျင်ကြသော ပြည်သူများအား ကျေးဇူးတင်ရှိကြောင်း လေးစားကြောင်း လူထု၏သူရဲကောင်းများအဖြစ် ထာဝရအသိအမှတ်ပြုသွားမည် ဖြစ်ကြောင်း ASEAN ၏ ကြိုးပမ်းမှုအား ကျေးဇူးတင်ရှိကြောင်း သို့သော် အကြမ်းဖက်စစ်တပ်နှင့် တွေ့ဆုံညှိနှိုင်းရေးသည် ပြည်သူများလိုလားချက်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ မော်လမြိုင်နည်းပညာတက္ကသိုလ်နဲ့ မော်လမြိုင်တက္ကသိုလ်က ဆရာ ၁၃၆ ဦးနှင့် မန္တလေးမြို့ ရတနာပုံတက္ကသိုလ်ရှိ ဆရာ ၆၁၉ ဦးတို့အား တာဝန်က ယာယီရပ်ဆိုင်းလိုက်ကြောင်း စစ်ကောင်စီက အမိန့်ထုတ်ပြန်ခဲ့သည်။ တက္ကသိုလ်များက ဆရာများသည် ကျန်းမာရေးဝန်ထမ်းများနည်းတူ CDM တွင် တက်တက်ကြွကြွပါဝင်သော ပညာရှင်အုပ်စုများဖြစ်ပြီး ယခုအခါတွင် နိုင်ငံအနှံ့ အလုပ်ထုတ်ခံရသည့် ဆရာ ထောင်ကျော်ရှိနေပြီဖြစ်သည်။ 

တပ်မ ၉၉ တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး CDM ပြုလုပ်ခဲ့သည့် ဗိုလ်မှုးဟိန်းသော်ဦးသည် နယ်စပ်တစ်နေရာတွင် အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်ရင်ဆိုင်တိုက်ခိုက်ရန်အတွက် လူငယ်များအား စစ်ပညာသင်တန်းတစ်ခုဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်ကြောင်း Myanmar Now က ဖော်ပြခဲ့သည်။ တရားသောစစ်ကို ဆင်နွှဲရန်အတွက် လက်နက်ကိုင်ရန် မဖြစ်မနေလိုအပ်နေကြောင်း တရားသည့်ဘက်တွင် ရပ်တည်သည်ဟု ယုံကြည်ပါက ပြင်းပြင်းထန်ထန် ကြိုးစားရန်လိုအပ်ပြီး စစ်ကောင်စီနှင့် ရင်ဆိုင်တိုက်ပွဲများမှာ အချိန်မရွေးပေါ်ပေါက်လာနိုင်သည်ဟု ၎င်းက ပြောဆိုခဲ့သည်။ သင်တန်းတက်ရောက်နေသော လူငယ်အရေအတွက်ကို ပြောဆိုခြင်းမရှိသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် လူငယ်အများအပြားသည် မြန်မာထိုင်းနယ်စပ်သို့သွားရောက်ပြီး အခြေခံစစ်သင်တန်းများတက်ရောက်နေကြကြောင်း သိရပါသည်။

ယနေ့မနက် ၁၁ နာရီဝန်းကျင် ချင်းပြည်နယ် ဟားခါးမြို့နယ် Surkhua မြို့ရှိ တပ်စခန်းတစ်ခုကို CDF-Hakha မှ သိမ်းပိုက်ခဲ့ပြီး စခန်းအားမီးရှို့လိုက်ကြောင်း Chinland Defence Force (Hakha) က ကြေညာလိုက်သည်။ စခန်းရှိ တပ်ဖွဲ့ဝင် ၁၅ ဦးခန့်ထွက်ပြေးသွားကြောင်း စာရွက်စာတမ်းများကို ဖျက်ဆီးခြင်းအပါအဝင် လက်နက်များအား သိမ်းယူခဲ့ကြောင်းလည်း သိရသည်။ ၎င်းတို့ဖော်ပြထားသော ဓာတ်ပုံများအရ ဦးဆောင်တိုက်ခိုက်သူများမှာ အမဲလိုက်သေနတ်များ ကိုင်ဆောင်ထားသည့် အရပ်ဝတ်လူငယ်များဖြစ်ပြီး အမျိုးသမီးအဖွဲ့ဝင်ပါရှိသည်ကိုလည်း တွေ့ရသည်။ မေလ ၂ ရက်နေ့ကစတင်ဖြစ်ပွားခဲ့သော ဟားခါးမြို့အနီးတဝိုက် ပစ်ခတ်မှုများအရ စစ်သား ၁၀ ဦးခန့်သေဆုံးခဲ့ကြောင်းသိရသည်။ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ရှိ CDF က အကြမ်းဖက်စစ်ကောင်စီအနေဖြင့် လက်နက်များကိုင်ဆောင်၍ မြို့အတွင်းသွားလာမှုမပြုလုပ်ရန် ပြည်သူများအားစစ်ဆေးမေးမြန်းခြင်းနှင့် စောင့်ကြည့်ခြင်းများမပြုလုပ်ရန် CDM ဝန်ထမ်းများကို မခြိမ်းခြောက်ရန် သတိပေးချက်ထုတ်ပြန်လိုက်သည်။ မလိုက်နာပါက CDF (Kanpalet) အနေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်းရှိ ကျေးရွာများအား စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် အပြင်းအထန်တိုက်ခိုက်နေသဖြင့် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း Myanmar Now က ဖော်ပြထားသည်။ ၎င်းတို့စားဝတ်နေရေးအတွက် အရေးပေါ်အထောက်အပံများ လိုအပ်နေပြီဖြစ်ကြောင်းလည်း သိရသည်။ မေလ ၇ ရက်နေ့ စစ်ကိုင်တိုင်း ကန့်ဘလူမြို့နယ်ရှိ နေအိမ်များအား စစ်ကောင်စီတပ်များက ဖျက်ဆီးခဲ့ပြီး ရွှေ ငွေ လက်ကိုင်ဖုန်းများအား လုယူသွားကြောင်း ဒေသခံများက Khit Thit Media သို့ အတည်ပြုပြောဆိုခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြည်သူများဆီက မတရားလုယူထားသည့် လက်ကိုင်ဖုန်းအသစ်များ မော်တော်ဆိုက်ကယ်အသစ်များအား ကိုင်ဆောင်၍ သွားလာနေကြကြောင်း လူမှုကွန်ယက်အသုံးပြုသူများက ပြောဆိုဝေဖန်နေကြပါသည်။

စစ်ကောင်စီက ဘဏ်များကို ယုံယုံကြည်ကြည်ဖြင့် ငွေကြေးများအပ်နှံကြရန် အပ်နှံငွေများ ထိခိုက်ပျောက်ဆုံးမှုရှိမည်မဟုတ်ကြောင်း အာမခံချက်များပေးနေပါသည်။ သို့သော် ပြည်သူများသည် နေ့စဥ် ဘဏ်အပ်ငွေများကို ထုတ်ယူနိုင်ရန် နေ့စဥ်ကြိုးပမ်းနေကြပါသည်။ လက်ရှိအချိန်အထိ ငွေကြေးများကိုအကန့်အသတ်ဖြင့်သာထုတ်ယူခွင့်ပေးပြီး လူတစ်ဦးအနေဖြင့် တစ်နေ့လျင် ကျပ်ငွေ ၂ သိန်းသာထုတ်ယူခွင့်ပေးမည်ဖြစ်ကြောင်း KBZ ဘဏ်ကကြေညာခဲ့ပါသည်။ စစ်ကောင်စီလက်အောက်ရှိ ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များတွင် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက် (Minimum Reserve Requirement) ကို ၅ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းသို့ လျှော့ချပြောင်းလဲလိုက်ကြောင်း မေလ ၇ ရက်နေ့က ကြေညာခဲ့သည်။ ထိုကဲ့သို့ပြောင်းလဲခြင်းသည် ဘဏ်များတွင် မြန်မာကျပ်ငွေအလွန်နည်းပါးနေမှု အခြေအနေကိုပြသနေခြင်းဖြစ်ကြောင်း စီးပွားရေးလောကအတွင်း သုံးသပ်မှုများကို ရည်ညွှမ်း၍ Khit Thit Media က ရေးသားထားသည်။ ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လူယုံဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သဖြင့် စီးပွားရေးလုပ်ငန်းရှင်များက ဘဏ်များပြိုလဲမည် စီးပွားရေးပိုမိုပျက်ယွင်းတော့မည်ကို အလွန်စိုးရိမ်နေကြကြောင်း Irrawaddy ကဖော်ပြထားသည်။  

ကရင်ပြည်နယ်အခြေစိုက် နယ်ခြားစောင့်တပ် (Border Guard Force) ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူက BGF အနေဖြင့် ကရင်အချင်းချင်းတိုက်ခိုက်မှုပြုလုပ်မည်မဟုတ်သဖြင့် KNU တပ်မဟာ ၅ အားတိုက်ခိုက်မည်မဟုတ်ကြောင်း မေလ ၆ ရက်နေ့က ပြောဆိုခဲ့သည်။ တပ်မဟာ ၅ နယ်မြေတွင် BGF အင်အား ၅၀၀ ကျော်ဝင်ရောက်လာခြင်းကြောင့် စစ်ရေးတင်းမာလျက်ရှိကြောင်း KNU ဘက်က ပြောဆိုခဲ့သည်။ BGF သည် ယခင် KNU မှ ခွဲထွက်ခဲ့ပြီး စစ်တပ်အောက်တွင် နယ်ခြားစောင့်အဖြစ် အသွင်ပြောင်းခဲ့သော အဖွဲ့ဖြစ်သည်။ ကချင်ပြည်နယ်ရှိ ရှေ့တန်းစစ်မျက်နှာတွင် စစ်ကောင်စီတပ်ဘက်က လေကြောင်းမှ ဗုံးကြဲရာတွင် ဓာတုလက်နက်များအသုံးပြုနေကြောင်း လူမှုကွန်ယက်တွင် သတင်းများပြန့်နှံ့နေပါသည်။ အဆိုပါသတင်းနှင့် ပတ်သက်၍ KIA အနေဖြင့် စုံစမ်းစစ်ဆေးနေကြောင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကိုပြောဆိုသည်။

Comments

Popular Posts