မေ ၉၊ ၂၀၂၁ #day98
စစ်အုပ်ချုပ်ရေးလက်အောက်တွင် ပညာမသင်လိုသူများအတွက် ကြားကာလပညာရေးအစီအမံတစ်ခုကို ဖော်ဆောင်နေပြီး မကြာမီထုတ်ပြန်ပေးမည်ဖြစ်ကြောင်း NUG ၏ ပညာရေးဒုတိယဝန်ကြီး ဂျာထွယ်ပန်က Myanmar Now ကို ပြောဆိုခဲ့သည်။ အဆိုပါအစီအစဥ်တွင် အခြေခံ အဆင့်မြင့်နှင့် ပညာရပ်ဆိုင်ရာ တက္ကသိုလ်တက်နေသူများအားလုံးအတွက် အကျုံးဝင်မည်ဖြစ်ကြောင်း မိဘများကိုယ်တိုင် သားသမီးများကို ပြန်လည်သင်ကြားခြင်း (Home schooling) နည်းလမ်းများလည်း အသုံးပြုနိုင်ရန်စီစဥ်နေကြောင်း သိရသည်။ တက္ကသိုလ်အသီးသီး၌ နောက်ဆုံးနှစ်တက်ရောက်နေသူများနှင့် မဟာဘွဲ့ယူရန် မဟာကျမ်းပြုစုကာ တင်ရမည့် ကျောင်းသူ၊ ကျောင်းသားများအတွက် ဦးစားပေးစီစဥ်နေကြောင်း သိရသည်။ လားရှိုးမြို့ ပညာရေးကောလိပ်မှ ပါမောက္ခနှင့် ကထိကအပါအဝင် (၂၅)ဦးနှင့် စစ်ကိုင်းမြို့ စစ်ကိုင်းပညာရေးတက္ကသိုလ်က ပါမောက္ခတွေ နည်းပြ/သရုပ်ပြ ဆရာ စုစုပေါင်း ၁၅၆ ဦးကို တာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်ကြောင်း စစ်ကောင်စီက ကြေညာလိုက်ကြောင်း သတင်းမီဒီယာများက ဖော်ပြကြသည်။
စစ်ကိုင်းတိုင်း ပုလဲမြို့သပိတ်ဦးဆောင်သူတစ်ဦးဖြစ်သည့် ကဗျာဆရာ ကိုဇော်ထွန်း(ခ)ကိုခက်သီသည် မေလ ၈ ရက်နေ့ညက ဖမ်းဆီးခံရပြီးနောက် နှိပ်စက်မှုများကြောင့် နောက်တစ်နေ့မနက်တွင် သေဆုံးသွားကြောင်းသိရသည်။ ၎င်းသည် လူသိများထင်ရှားသော ကဗျာဆရာတစ်ဦးဖြစ်ပြီး ၎င်းပြောဆိုခဲ့သည့် “သူတို့က ခေါင်းကိုပစ်တယ် တော်လှန်ရေးက နှလုံးသားမှာရှိတာ သူတို့မသိကြဘူး” ကဗျာတိုကို အွန်လိုင်းအသုံးပြုသူများက အမှတ်တရရေးသားနေကြပါသည်။ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ သံဃာများဦးဆောင်သည့် သပိတ်စစ်ကြောင်းတွင် ပါဝင်သူ မသန်စွမ်းတစ်ဦးဖြစ်သည့် စိုင်းလှမင်းဆိုသူအား စစ်ကောင်စီက ဖမ်းဆီးလိုက်သည်။ မျက်မြင်သက်သေများအဆိုအရ အရပ်ဝတ်များဝတ်ထားသော စစ်သားများက အိမ်စီးကားဖြင့် လာရောက်ဖမ်းခေါ်သွားခြင်းဖြစ်ကြောင်း DVB က ဖော်ပြထားသည်။ ရန်ကုန်မြို့ သန်လျင်မြို့နယ်ရှိ Star City တိုက်အမှတ် B5 ကို စစ်ကောင်စီတပ်များကဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူ ၁၄ ဦးကို မျက်လုံးပိတ် လက်ထိပ်ခတ်၍ ဖမ်းဆီးလိုက်ကြောင်းသိရသည်။ ထို့အပြင် ပြည်သူတစ်ဦးသည် ၁ ဦး တိုက်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ကြောင်း Khit Thit Media က ဖော်ပြထားသည်။ အဆိုပါဖြစ်စဥ်အနီးရှိ လူတစ်ဦး၏ အဆိုအရ ထိုလူထွက်ပြေးစဥ် စစ်သားများက တွန်းချလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီက NUG နှင့် ၎င်းတို့ဖွဲ့စည်းသည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်လိုက်ကြောင်း ကြေညာလိုက်သည်။ ထိုအဖွဲ့များသည် ဗုံးခွဲမှု လူသတ်မှုနှင့် မီးရှို့ဖျက်ဆီးမှုများပြုလုပ်ကြောင်း စစ်ကောင်စီက စွပ်စွဲထားသည်။ ယနေ့အထိ စစ်ကောင်စီကြောင့် သေဆုံးသူ အရပ်သား ၈၀၀ နီးပါးရှိပြီး ဖမ်းဆီးခံထားရသူ ၈၀၀၀ နီးပါးရှိပြီဖြစ်ကြောင်း VOA ကဖော်ပြထားသည်။ စစ်ကောင်စီနဲ့ ပူးပေါင်းမှုကြောင့် ဝေဖန်မှုများအပြင်းအထန်ခံနေရသည့် ရခိုင်ပြည်နယ်၏ အင်အားကြီး ရခိုင်အမျိုးသားပါတီ (ANP) သည် ပါတီတွင်း အကွဲအပြဲများဖြစ်ရန် နီးစပ်နေကြောင်း Irrawaddy က ရေးသားထားသည်။ ANP ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်သူ ဒေါ်အေးနုစိန်သည် စစ်ကောင်စီထဲတွင် ပါဝင်နေသော်လည်း မေလ ၄ ရက်နေ့က စစ်တွေရှိ ပါတီဌာနချုပ်တွင် ပြုလုပ်သော ANP ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) အစည်းအဝေးတွင် စစ်ကောင်စီနှင့် ပူးပေါင်းမှုကို ရပ်စဲရန် ဆုံးဖြတ်လိုက်ကြကြောင်း သိရသည်။
စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် အရပ်သား ၁၀၀ ကျော်သေဆုံးခဲ့သော ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင် စစ်ကောင်စီခန့်အပ်ထားသော ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကြည်ဝင်းသည် ယမန်နေ့ညက ဓားခုတ်ခံရပြီး သေဆုံးခဲ့ကြောင်း Khit Thit Media က ဖော်ပြထားသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းတွင် စစ်ကောင်စီက ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူးအများအပြား လုပ်ကြံသတ်ဖြတ်ခံနေရပါသည်။ ဆိုရှယ်မီဒီယာအသုံးပြုသူများက အဆိုပါဖြစ်စဥ်များအား ရခိုင်ပြည်နယ်တွင် Arakan Army က ယခင်နှစ်များအတွင်း စစ်တပ်နှင့် နီးစပ်သည့် အုပ်ချုပ်ရေးမှူများအား ဦးတည်တိုက်ခိုက်သည့်နည်းလမ်းနှင့် နှိုင်းယှဥ်နေကြပါသည်။ တိုင်းရင်းသားညီနောင်သုံးဖွဲ့ (AA, TNLA, MNDAA) နှင့် စစ်ကောင်စီတပ်များအကြား ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း VOA က ဖော်ပြထားသည်။ စစ်ကောင်စီက မေလကုန်အထိ အပစ်အခတ် ရပ်စဲထားသော်လည်း တိုင်းရင်းသားနယ်မြေများတွင် ထိုးစစ်များဆောင်ရွက်နေကြောင်း သိရသည်။ မေလ ၄ရက်နေ့ ၎င်းတို့အကြား ပစ်ခတ်မှုများကြောင့် ဒေသခံအနည်းဆုံး ၄ ဦးထိခိုက်ခဲ့ပြီး စစ်ရေးတင်းမာမှုများကြောင့် ရွာသား ၁,၀၀၀ ဝန်းကျင် စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။
စီးပွားရေးလုပ်ငန်းများစွာထွက်ခွာရန် ပြင်ဆင်နေသည့်အချိန်တွင် အမေရိကန်ဒေါ်လာ ၂.၈ ဘီလီလျံတန်ဖိုးရှိ ရင်းနှီးမြှပ်နှံမှုများအား စစ်ကောင်စီက ခွင့်ပြုခဲ့ကြောင်း Reuters သတင်းကဖော်ပြသည်။ အဆိုပါရင်းနှီးမြှပ်နှံမှုများတွင် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးလုပ်ငန်းတစ်ခုလည်းပါဝင်ကြောင်းသိရသော်လည်း မည်သည့်နိုင်ငံ မည်သည့်အဖွဲ့အစည်းများ၏ ရင်းနှီးမှုဆိုသည်ကို ဖော်ပြထားခြင်းမရှိကြောင်းသိရသည်။



Comments
Post a Comment