မေ ၁၀၊ ၂၀၂၁ #day99
ရှေ့နေနှင့် တွေ့ဆုံရန် တောင်းဆိုမှုနှစ်ကြိမ်တိုင် ငြင်းပယ်ခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီက နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် မြနန်းဘုံသာလမ်းရှိ သူမ၏ နေအိမ်အနီးတွင် သီးသန့်တရားရုံးဖွင့်ကာ အမှုစစ်ဆေးရန်ပြင်ဆင်နေကြောင်း Myanmar Now က ဖော်ပြထားသည်။ သူမအား ၃ လအကြာ Video conferencing နည်းဖြင့် အွန်လိုင်းမှ ရုံးထုတ်စစ်ဆေးနေခြင်းဖြစ်သည်။ သူမအား ဆက်သွယ်ရေးပုဒ်မနှင့် နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေများအပါအဝင် ပုဒ်မပေါင်း ၅ ခု ကျော်ဖြင့် စစ်ကောင်စီက တရားစွဲဆိုထားခြင်းဖြစ်သည်။ သူမ၏ အမှုတွင် သူမ၏ မိတ်ဆွေ စီးပွားရေးပညာရှင် Sean Turnell က အဓိကတရားခံဖြစ်မည် ဖြစ်ကြောင်း သိရသည်။ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင်ပါဝင်သဖြင့် ပခုက္ကူကျောင်းသားသမဂ္ဂဝင်များဖြစ်သည့် သာထက်အောင်နှင့် ဝေဖြိုးဟိန်းတို့အား စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်နဲ့ ၃လစီချမှတ်လိုက်ကြောင်း DVB က ဖော်ပြထားသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်ရှိ ပြည်သူ့ စစ်အဖွဲ့တွေ ထိန်းချုပ်ထားသည့်ဒေသများတွင် တရားမဝင်မြေရှားသတ္တုတူးဖော်မှုများ မြင့်တက်လာကြောင်း Bangkok Post သတင်းစာကို ကိုးကား၍ DVB က ဖော်ပြထားသည်။ တရုတ်နယ်စပ်အနီး ကချင်ပြည်နယ် ချီဗွေမြို့နယ် ပန်းဝါဒေသတွင် မြေရှားထုတ်လုပ်မှု အရင်ကထက် ထူးဖော်ထုတ်ယူမှု ၅ ဆအထိ မြင့်တက်လာကြောင်း ဒေသခံများက ပြောဆိုသည်။ ကွန်ပျူတာ လက်ကိုင်ဖုန်း လျှပ်စစ်ကားနှင့် အခြားသော အီလစ်ထရောနစ်ပစ္စည်းထုတ်လုပ်မှုအတွက်အရေးပါသော မြေရှားသတ္တုအား တရုတ်နိုင်ငံမှ အဓိကတင်သွင်းနေခြင်းဖြစ်ပြီး တရုတ်ပြည်၏ စုစုပေါင်း တင်သွင်းမှု ပမဏ၏ ၇၄ ရခိုင်နှုန်းသည် မြန်မာပြည်မှဖြစ်သည်။ တရုတ်နိုင်ငံတွင်မှု သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများကြောင့် မြေရှားသတ္တုတရားမဝင်တူးဖော်မှုများလာလို့ ၂၀၁၀ မှာ ပိတ်လိုက်ကြောင်း သိရသည်။
ထိုင်းသတင်းမီဒီယာများကိုကိုးကား၍ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင်ရောက်ရှိနေကြသော ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) မှ သတင်းသမားတချို့အား ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း Irrawaddy က ဖော်ပြထားသည်။ အာဏာသိမ်းပြီးနောက် DVB အား စစ်ကောင်စီက ပြည်တွင်းတွင် ထုတ်ဝေခွင့် ပိတ်ပင်ထားပါသည်။ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန်သော DVB ၏ ကြေညာချက်တွင် ၎င်းတို့၏ အကြီးတန်းသတင်းထောက် ၃ ဦးနှင့် တက်ကြွလှုပ်ရှားသူ ၂ ဦးသည် စစ်တပ်၏ နှိပ်ကွပ်မှုကြောင့် တိမ်းရှောင်လာသူများဖြစ်ကြောင်း မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်း မပြုရန် ထိုင်းအာဏာပိုင်တို့ကို လေးလေးနက်နက်တိုက်တွန်းကြောင်း ဖော်ပြထားသည်။ တင်းကျပ်သော Covid စည်းမျဥ်းစည်းကမ်းများကြောင့် ဖြစ်နိုင်ကြောင်း မှတ်ချက်ပေးမှုများရှိသည်ဟု Myanmar Now ကဖော်ပြထားပါသည်။
မန္တလေးတိုင်း မိုးကုတ်မြို့ ကင်းရွာတွင် စစ်ကောင်စီတပ်များက CDM ဆရာမအပါအဝင် ပြည်သူ ၁၀ ဦးကို နေအိမ်မှာလာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများက DVB ကို ပြောဆိုသည်။ လူမှုကွန်ယက်အသုံးပြုသူများက ရပ်ကွက်များအတွင်းရှိ သတင်းပေးများကြောင့် CDM ပြုလုပ်သူနှင့် ဆန္ဒပြသူများဖမ်းဆီးခံနေရသဖြင့် ၎င်းတို့အား ပြန်လည်အရေးယူမှုတစုံတရာပြုလုပ်ကြရန် လှုံ့ဆော်နေကြပါသည်။ ကချင်ပြည်နယ် ဖားကန့်မြို့တွင် စစ်မှုထမ်းဟောင်း ကြံ့ဖွတ်ပါတီဝင် ဆန်းကြွယ်ကျေးရွာအုပ်ချုပ်ရေးမှူးကို လူတစ်စုက ဓါးဖြင့်ထိုးပြီး သေနတ်ဖြင့်ပါ ပစ်သတ်သွား Khit Thit Media ကဖော်ပြထားသည်။ စစ်ကောင်စီတပ်များနှင့် နေ့စဥ်တိုက်ပွဲများဖြစ်ပွားလျက်ရှိသော KIA ကို ပြန်လည်တိုက်ခိုက်နိုင်ရန်နှင့် NLD ပါတီဝင်များကို ဖမ်းဆီးနိုင်ရန် ၎င်းတို့အား လက်နက်တပ်ဆင်ပေးပါရန် ပူတာအိုခရိုင် နောင်မွန်ဒေသရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP က ဌာနေပြည်သူ့စစ်အဖွဲ့ထံ တောင်းဆိုထားကြောင်း Kachin News Group က ဖော်ပြထားသည်။ တစ်အိမ်လျင် လက်နက်တစ်လက်ပေးရန် ရဝမ်လူမျိုးဖြစ်သည့် အဆိုပါပါတီဝင်က တောင်းဆိုထားပြီး လက်ရှိတွင် ကျေးရွာရှိ လူငယ် ၂၀ ဦးခန့် ဌာနေပြည်သူ့စစ်အဖွဲ့တွင် စစ်သင်တန်းတက်ရောက်နေကြောင်း ဖော်ပြထားသည်။ စစ်ကောင်စီ၏ မတရားလုပ်ဆောင်မှုတွေကို တုံ့ပြန်တော်လှန်ဖို့အတွက် ဗမာ့အမျိုးသားတပ်မတော် (Burma National Army) ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့သည်။ အဆိုပါအဖွဲ့ကို ပြည်တွင်းပြည်ပရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံအပြင် အလွှာအသီးသီးက အင်အားစုတွေနဲ့ ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်ကြောင်း DVB က ဖော်ပြထားသည်။
KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက အပစ်ရပ်စာချုပ် NCA မူဘောင်များအတိုင်း တိကျစွာလိုက်နာကျင့်သုံးပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းကြပါရန် တိုက်တွန်းကြောင်း သဘောထားထုတ်ပြန်ခဲ့သည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းကြရန်နှင့် လက်နက်ကိုင်နည်းလမ်းဖြင့် မဖြေရှင်းကြန်ရန် တောင်းဆိုလိုက်သည်။ အဆိုပါထုတ်ပြန်ချက်အား ကရင်လူမျိုးအများအပြားအပါအဝင် လူမှုကွန်ယက်အသုံးပြုသူအများအပြားက ဝေဖန်နေကြပြီး အကြမ်းဖက်စစ်တပ်နှင့် ညှိနှိုင်းရန်မှာမဖြစ်နိုင်ကြောင်းမှတ်ချက်ပြုကြသည်။ ထို့အပြင် KNU နှင့် နီးစပ်သူများက အဆိုပါထုတ်ပြန်ချက်မှာ ၎င်းတစ်ဦးတည်း၏ သဘောဆန္ဒသာဖြစ်ပြီး KNU ၏ ရုံးစာမဟုတ်သလို KNU တစ်ခုလုံးကို ကိုယ်စားပြုမှုမရှိကြောင်း တုံ့ပြန်ကြပါသည်။
စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဖြစ်သည့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF နှင့် KNU/KNLA တပ်မဟာ ၅ တို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Khit Thit Media က ဖော်ပြထားသည်။ အဆိုပါတိုက်ပွဲတွင် KNU စစ်သားများက BGF အလောင်း ၁၁ လောင်းတွေ့ရှိခဲ့ကြောင်း BGF တပ်ဖွဲ့ဝင်များသည် တပ်မဟာ ၅ နယ်မြေထဲသို့ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အင်အား ၅၀၀ ခန့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။ လူမှုကွန်ယက်အသုံးပြုသူများကမူ စစ်ကောင်စီခိုင်းစေမှုအား ပြုလုပ်နေသည့် BGF အဖွဲ့အား အပစ်တင်နေကြပြီး ၎င်းတို့အနေဖြင့် KNU နှင့် ပေါင်းစည်းသင့်ကြောင်း မှတ်ချက်ရေးသားနေကြပါသည်။ BGF ခေါင်းဆောင်ကမူ ၎င်းတို့အနေဖြင့် အဆိုပါဒေသတွင် အခြေစိုက်နေသော ၎င်းတို့၏ တပ်ရင်များအတွက် လုံခြုံရေးယူပေးရန်သာဖြစ်ပြီး တပ်မဟာ ၅ ကို တိုက်ခိုက်လိုခြင်းမရှိကြောင်း ပြောဆိုခဲ့ကြောင်း Karen Information Centre က ဖော်ပြထားသည်။
Comments
Post a Comment