ဇွန် ၁၂-၁၃၊ ၂၀၂၁

 

စစ်ကောင်စီသည် လူသိများသော NLD အမတ်နှင့် ပါတီဝင်အချို့အား အကြမ်းဖက်မှုများနှင့် ချိတ်ဆက်နေကြောင်း ဇွန်လ ၁၁ ရက်နေ့က ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် စွပ်စွဲခဲ့သည်။ ၎င်းတို့သည် လူငယ်များအား စစ်သင်တန်းတက်ရောက်နိုင်ရန် ငွေကြေးပံ့ပိုးပေးခြင်းများနှင့် မြို့များတွင် ဖောက်ခွဲရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကူညီပေးနေကြောင်းဖော်ပြထားသည်။ ချင်းပြည်နယ် စည်ပင်ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်ကိုလည်း NUG ၏ အနောက်ပိုင်းတိုင်း စစ်ဒေသတာဝန်ခံဖြစ်ကြောင်း စွပ်စွဲထားကြောင်း Irrawaddy က ဖော်ပြထားသည်။ စစ်ကောင်စီချုပ်ကိုင်ထားသော သတင်းစာဖော်ပြချက်အရ မီးရှို့သူ ၄၉ ဦး၊ လူသတ်မှုမှ ၆၁ ဦး အပါအဝင် လက်နက်ခဲယမ်းကိုင်ဆောင်သူများနှင့် ဖောက်ခွဲသူ ၅၀၀ ကျော်နှင့် လက်နက်ငယ် ၅၀ လက်ကျော်အား ဖမ်းဆီးထားကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီက KIA KNU နှင့် KNPP အဖွဲ့များသည် လူငယ်များအား စစ်သင်တန်းများပေးနေကြောင်းလည်း စွပ်စွဲခဲ့သည်။ စစ်သင်တန်းကျောင်း တစ်ခုဟု ယူဆရသော KIA တပ်မဟာ (၃) နယ်မြေအတွင်းရှိ အဆောက်အအုံအချို့၏ ကောင်းကင်ပုံရိပ်များကိုလည်း ယမန်နေ့က ဖော်ပြခဲ့သည်။ လူငယ်အချို့၏ ခံဝန်မှုပြုထားသည်ဆိုသော ဗီဒီယိုများကိုလည်း ဖော်ပြခဲ့သည်။ အဆိုပါဗီဒီယိုတွင် ပါဝင်သူတစ်ချို့မှာ လူလိမ်များဖြစ်ကြောင်း ၎င်းတို့၏ ကိုယ်ဟန်အမူအရာများ ကြည့်ပါက အတင်းအကျပ်ဖိအားပေးပြီး လုပ်ကြံထားသည်မှာသိသာနေကြောင်း လူမှုကွန်ယက်အသုံးပြုသူများကတုံ့ပြန်ကြသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တိုင်းရင်းသားနိုင်ငံရေးပါတီများအပါအဝင် နိုင်ငံရေးပါတီတစ်ချို့အား ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ ၎င်းတို့၏ ဝင်ငွေရလမ်းများကို မေးမြန်းခြင်းနှင့် CRPH NUG PDF တို့နှင့် ပတ်သက်ဆက်နွယ်မှုရှိမရှိ မေးမြန်းခြင်းများပြုလုပ်နေကြောင်း Myanmar Now က ဖော်ပြထားသည်။ ထို့အပြင် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိသော NLD လွှတ်တော်ကိုယ်စားလှယ်များကိုလည်း လိုက်ခံဖမ်းဆီးမှုများကို ပြုလုပ်နေသည်။

တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသော ကရင်နီပြည်နယ်ထဲတွင် မွေးကင်းစကလေးငယ်များအပါအဝင် သေဆုံးသူ ၅၀ အထိရှိပြီး ရက်ပိုင်းအတွင်း စစ်ဘေးရှောင် သောင်းနဲ့ချီရှိလာနေပီဖြစ်ကြောင်း လူမူအဖွဲ့အစည်းများက BBC ကို ပြောဆိုသည်။ စစ်ကောင်စီတပ်များသည် ကရင်နီပြည်နယ်တွင် စစ်ဘေးရှောင်များအား ကူညီပေးနေသူများအား ဖမ်းဆီးခြင်းအပြင် ရိက္ခာများအားပျက်စီးခြင်းနှင့် လမ်းပိတ်ဆို့ခြင်းတို့ကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ကလေးမြို့တွင် ကိုးဗစ်ကြောင့် လူနှစ်ဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသု ၃၀ ဝန်းကျင်ခန့်ရှိလာပြီဖြစ်သည်။ ဇွန်လ ၁၁ ရက်နေ့အထိ စာရင်းများအရ ချင်းပြည်နယ် တစ်ခုတည်းတွင်ပင် ကိုးဗစ်ပိုးတွေ့သူ ၄၈၁ ဦးရှိပြီး သေဆုံးသူ ၁၂ ဦးအထိရှိကြောင်း Chin World ကဖော်ပြထားသည်။ ရန်ကုန်မြို့တွင် NLD အစိုးရလက်ထပ်က Fever Clinic ၂၉ ခုရှိခဲ့ပြီး အာဏာသိမ်းပြီးချိန်မှစ၍ အားလုံးယာယီပိတ်ထားကြောင်း BBC က ဖော်ပြထားသည်။ လူမှုကွန်ယက် စာမျက်နှားများတွင် စစ်ကောင်စီက ဆောင်ရွက်လျက်ရှိသော ကိုဗစ်လူနာများအတွက် အရေးပေါ်ကုသရေးစင်တာ၏ အပြင်အဆင်များ အထောက်အပံ့များကို NLD အစိုးရခေတ်က ထောက်ပံ့မှုများနှင့် နှိုင်းယှဥ်ပြီး လှောင်ပြောင်မှုများပြုလုပ်နေကြသည်။ 

တက်ကြွလှုပ်ရှားသူတစ်ချို့က ရိုဟင်ဂျာများအားထောက်ခံသည့်အနေဖြင့် လူမှုကွန်ယက်စာမျက်နှာများတွင် #black4Rohingya ဆိုသည့် ကမ်းပိန်းတစ်ခုကို လုပ်ဆောင်နေကြသည်။ ရိုဟင်ဂျာများ ပြန်လာနိုင်ရေးနှင့် နိုင်ငံသားဖြစ်ရေးအတွက် ပြင်ဆင်နေကြောင်း NUG က ကြေညာထားသော်လည်း အာဏာသိမ်း ခေါင်းဆောင်က ဟောင်ကောင်မီဒီယာနှင့်အင်တာဗျူးတွင် ရိုဟင်ဂျာဆိုသည်မှာ မရှိကြောင်း ငြင်းဆိုထားပြီး ရခိုင်ပြည်နယ်ရှိ ရခိုင်အဖွဲ့အစည်း အများအပြားကလည်း NUG ၏ ရိုဟင်ဂျာဆိုင်ရာ မူဝါဒစာတမ်းကို ကန့်ကွက်ထားကြသည်။

စက်မှုထိပ်သီး ၇ (G-7) နိုင်ငံက ခေါင်းဆောင်များ ယူကေတွင် အစည်းအဝေးလုပ်နေသည့်အချိန်နှင့်တိုက်ဆိုင်ပြီး နိုင်ငံတကာရှိ မြန်မာပြည်သူ အများအပြားသည် ဇွန်လ ၁၁ ရက်နှင့် ဇွန်လ ၁၂ ရက်နေ့တို့တွင် မြို့ကြီးများတွင် ဆန္ဒပြနေကြသည်ကိုတွေ့ရသည်။ G7 ခေါင်းဆောင်များသည် မြန်မာအရေးအား ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသော်လည်း မည်သည့်အကြောင်းအရာဆိုသည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါ။ တချိန်တည်းတွင် မြန်မာစစ်တပ်ထံသို့ စစ်လက်နက်အများအပြားရောင်းချနေသော ရုရှားနိုင်ငံနှင့် စီပွားရေးဆက်ဆံရေးများပါတိုးချဲ့ရန် စစ်ကောင်စီဘက်က ပြင်ဆင်နေကြောင်း သတင်းများလည်း ထွက်နေသည်။

Comments

Popular Posts