ဇွန် ၁၄-၁၅၊ ၂၀၂၁
ကရင်လက်နက်ကိုင်အဖွဲ့အစည်း (၅) ခု၏ ထိပ်သီးအစည်းအဝေးတစ်ရပ်အား ယနေ့ ဇွန်လ ၁၅ ရက်နေ့တွင် KNU ဌာနချုပ်ရှိရာ လော်ခီးလာတွင် ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် “ကရင်လက်နက်ကိုင်များအကြားဖြစ်ပွားနေသည့် ပစ်ခတ်တိုက်ခိုက်မှုများ ချုပ်ငြိမ်းပပျောက်ရေး” အတွက် ဦးတည်ဆွေးနွေးမည် ဖြစ်ကြောင်း Irrawaddy က ဖော်ပြထားသည်။ အာဏာသိမ်းပြီးနောက် DKBA အဖွဲ့မှခွဲထွက်၍ နယ်ခြားစောင့်တပ် ပြောင်းလဲခဲ့သော ကရင် BGF နှင့် အခြားသော ကရင်လက်နက်ကိုင်အဖွဲ့အစည်းများအကြား ကရင်ပြည်နယ်အတွင်းတွင်တိုက်ပွဲများဖြစ်ပွားခဲ့သည်။
ကရင်ပြည်နယ် မြဝတီခရိုင်တွင် တံတားဆောက်လုပ်ရေးလုပ်ကိုင်နေသော အရပ်သား ၄၇ ဦးအား KNU လက်အောက်ရှိ KNDO မေလ ၃၁ ရက်နေ့တွင် ဖမ်းဆီးလိုက်ပြီးနောက် အမျိုးသား ၂၅ ဦးအား သတ်ဖြတ်လိုက်ကြောင်း စစ်ကောင်စီ၏ မြန်မာ့အလင်းသတင်းစာက က ဇွန်လ ၁၄ ရက်နေ့က ဖော်ပြခဲ့သည်။ KNDO ဘက်ကမူ ၎င်းတို့အနေဖြင့် အမျိုးသမီးနှင့် ကလေးများအားလုံးအား လွတ်ပေးလိုက်ကြောင်း ၎င်းတို့ပစ်သတ်လိုက်သူများမှာ လမ်းလုပ်သားများ မဟုတ်ဘဲ ထောက်လှမ်းရေးလုပ်နေသော စစ်သားများဖြစ်ကြောင်း စစ်သားများ၏ ယူနီဖောင်းများနှင့် စက်ပစ္စည်းများကိုလည်း ဖမ်းဆီးရမိထားကြောင်း Irrawaddy သို့ပြောဆိုခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများအား ကချင်လွတ်လပ်ရေးတပ်မတော် KIA အပါအဝင် မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်များက စစ်ကောင်စီနှင့် အဆက်အသွယ်ဖြတ်ပြီး ရာထူးမှနှုတ်ထွက်ရန် ဖိအားပေးနေကြောင်း Myanmar Now က ဖော်ပြထားသည်။ ဇွန် ၁၁ ရက် ကလည်း တအာင်း(ပလောင်) လူမျိုးအများစုနေထိုင်သော ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် (၇) မြို့နယ်တွင် အဖွဲ့ပေါင်း (၇၀) ကျော်ခန့်က ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းခဲ့ပြီး အစိုးရဝန်ထမ်းများအား CDM ပြုလုပ်ရန်နှင့် CDM ပြုလုပ်ခြင်းမရှိပါက အဆိုပါမြို့နယ်များက ထွက်ခွာကြရန် စာထုတ်ပြန်ခဲ့သည်။
ချင်းပြည်နယ် ကန်ပက်လက်၊ မင်းတပ်၊ မတူပီနဲ့ ထန်တလန်မြို့နယ်များနှင့် နယ်နမိတ်ချင်းထိစပ်နေသော မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တချို့တွင် စစ်ကောင်စီတပ်များနှင့် CDF တို့အကြား တိုက်ပွဲများကြောင့် လုံခြုံရေးအခြေအနေသည် စိုးရိမ်ဖွယ်ရာဖြစ်နေကြောင်း United Nations OCHA Myanmar
က ယနေ့ထုတ်ပြန်ခဲ့သည်။ ထန်တလန်မြို့နယ်ရှိ လူဦးရေ (၈၂၀) ခန့်အပါအဝင် တိုက်ပွဲများကြောင့် လူပေါင်း (၁၈,၀၀၀) ခန့်သည် ယာယီစခန်း (၇၄) ခုတွင် နေထိုင် နေရကြောင်း သိရသည်။ ထို့အပြင် ၂၀၁၉ ခုနှစ် ဇန်နဝါရီ မှ ၂၀၂၀ နိုဝင်ဘာလအတွင်းဖြစ်ပွားခဲ့သော စစ်တပ်နှင့် ရခိုင့်တပ်တော်တို့အကြား တိုက်ပွဲများကြောင့် ပလက်ဝမြို့တွင် အိုးအိမ်စွန့်ခွာပြေးရသူလူဦးရေ (၉,၈၅၀) သည် ယာယီစခန်း (၂၇) ခုတွင် လက်ရှိအချိန်ထိနေထိုင်နေရကြောင်း ဖော်ပြထားသည်။ မကွေးတိုင်း ဒေသကြီး ပေါက်မြို့နယ် ကင်းမရွာရှိ အိမ်များအား ဇွန် ၁၅ ရက်နေ့တွင် စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း အရပ်သားတစ်ဦက Myanmar Now ကို ပြောဆိုခဲ့သည်။
NLD ရုံးများအား ဖျက်ဆီးခြင်းများနှင့် ဗုံးဖောက်ခွဲခြင်းများကို အမည်မသိအဖွဲ့များက လုပ်ဆောင်နေကြောင်း မီဒီယာများက ဖော်ပြထားသည်။ ဇွန်လ၁၃ရက် ညပိုင်းက ချိတ်ပိတ်ခံထားရသော NLD မန္တလေးတိုင်းရုံးအား ဝင်ရောက်ဖျက်ဆီးခြင်းနှင့် ချမ်းမြသာစည်မြို့နယ်ရှိ NLD မြို့နယ်ရုံးအား ဗုံးခွဲတိုက်ခိုက်ခြင်းတို့ ပြုလုပ်ခံရသည်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက NLD ရုံးများအားလုံးကို ချိတ်ပိတ်ထားလိုက်ပြီး ပါတီခေါင်းဆောင်များအား ဖမ်းဆီးထားခြင်းဖြစ်သည်။
Rohingya Solidarity Organization မှ ဗိုလ်မှူးကျော်မြင့်ထွန်းက စစ်ကောင်စီအား တိုက်ခိုက်မည်ဖြစ်ကြောင်း တရားဝင်ကြေညာထားသည့် ဗီဒီယိုဖိုင်အား Khit Thit က ယမန်နေ့က ဖော်ပြထားသည်။ အဆိုပါပြောဆိုမှုအေပါ် လူမှုကွန်ယက်အသုံးပြုသူအများအပြားက ထောက်ခံကြောင်း မှတ်ချက်ပြုပြောဆိုနေကြသည်ကိုလည်း တွေ့ရသည်။ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် တရားစွဲဆိုခံထားရပြီး (၃) လ ကျော်ကြာဖမ်းဆီးခံထားရေသာ ကမာရွတ်မီဒီယာအယ်ဒီတာချုပ် နေသန်မောင်အား စစ်ကောင်စီက ဇွန်လ (၁၄) ရက်နေ့တွင် အမှုရုပ်သိမ်း၍ အမေရိကန်နိုင်ငံသို့ ပြန်လည်ပို့လိုက်ပီဖြစ်ကြောင်း Myanmar Now က ဖော်ပြထားသည်။ ၎င်းသည် မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသားဖြစ်ပြီး ၎င်းနှင့်အတူဖမ်းဆီးခံရသော ကမာရွတ်မီဒီယာပူးတွဲတည်ထောင်သူ မြန်မာနိုင်ငံသား ဟံသာငြိမ်းကိုမူ လွတ်ပေးခြင်း မရှိသေးပေ။
Comments
Post a Comment