ဇွန် ၁၆-၁၇၊ ၂၀၂၁

 

ဇွန်လ ၁၅ ရက်နေ့တွင် မကွေးတိုင်းရှိ ကင်းမရွာအား စစ်ကောင်စီတပ်များက မီးရှို့ခဲ့သော သတင်းသည် လူမှုကွန်ယက်အသုံးပြုသူများနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများစွာအား တုန်လှုပ်ခြောက်ခြားစေခဲ့သည်။ လူ ၁၀၀၀ ခန့်နေထိုင်ပြီး အိမ်ခြေ ၂၃၀ ခန့်ရှိသော ရွာတွင် အိမ်ခြေ ၂၀၀ ခန့် မီးလောင်ကြွမ်းခဲ့ခြင်းဖြစ်ပြီး အသက် ၈၀ ကျော် အဘိုးအဘွားနှစ်ယောက်အပါအဝင် မွေးမြူရေးတိရစ္ဆာန်အများအပြားမီးလောင်ကျွမ်းသေဆုံးခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့် ဗီဒီယိုများ ပြန့်နှံ့လာပြီးနောက် သံရုံးများအပါအဝင် ပြည်သူအများအပြား စစ်ကောင်စီအား အပြင်းအထန်ရှုံ့ချနေကြခြင်းဖြစ်သည်။ စစ်ကောင်စီ၏ သတင်းဌာနကမူ အဆိုပါရွာသည် PDF တပ်ဖွဲ့ဝင်များက ကျောင်းဆောင်တစ်ခုအား မီးစတင်ရှို့ခြင်းမှ စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။ စစ်တပ်အား ထောက်ခံသူများအကြားတွင် ရဲတပ်ဖွဲ့ဝင်များက သက်ကြီးရွယ်အိုများအား ဘေးလွတ်ရာသို့ကူညီရွေးပေးသည့် ဓာတ်ပုံများပြန့်နှံ့နေသည်။ သို့သော် လူမှုကွန်ယက်အသုံးပြုများက အဆိုပါပုံများသည် ယခင်ရခိုင်ပြည်နယ်တိုက်ပွဲများအတွင်းက ဓာတ်ပုံများဖြစ်ကြောင်း မှတ်ချက်ပေးကြသည်။

ဆောက်လုပ်ရေးလုပ်သား ၂၅ ဦးအား KNU လက်အောက်ရှိ KNDO တပ်ဖွဲ့က သတ်ဖြတ်ခဲ့သည်ဆိုသည့် စစ်တပ်၏စွပ်စွဲချက်အား KNU အနေဖြင့် စုံစမ်းရေးကော်မတီဖွဲ့စည်း၍ ဖော်ထုတ်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ဧရာ၀တီတိုင်းတွင် စစ်ကောင်စီတပ်များက ပြည်သူ့စစ်ဖွဲ့စည်းရန်အတွက် လူစတင်စုဆောင်းနေပြီး ဆယ်အိမ်မှူးတစ်ဦးလျှင် အဖွဲ့ဝင် ၂ ဦး စုဆောင်းပေးရမည်ဖြစ်ကြောင်း ပြောဆိုနေသည့် ဗီဒီယိုတစ်ခုအား Khit Thit Media က ဖော်ပြထားသည်။ တစ်ရွာလုံး မဲနှိုက်၍ မဲပေါက်သော လူငယ်များအား ပြည်သူ့စစ်အဖြစ် ခေါ်ယူမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးအာဏာပိုင်များက ရွာသားများကို ပြောဆိုထားကြောင်း သိရသည်။ 

ကရင်နီပြည်နယ် ဒီမောဆိုတွင် ဘာသာရေးခေါင်းဆောင်များနှင့် လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ ကြားဝင်စေ့စပ်ပေးခြင်းကြောင့် ဒေသခံ KNDF လက်နက်ကိုင်တပ်များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား အပစ်ရပ်ထားပြီး IDP ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ လုပ်ကိုင်နေကြောင်း သိရသည်။ ဒီမောဆိုမြို့အနှံ့တွင် လူသေအလောင်း ၇ လောင်းခန့် ပြန့်ကျဲနေကြောင်းလည်း ကယ်ဆယ်ရေးအဖွဲ့များက ထုတ်ပြန်ခဲ့သည်။ အချို့အလောင်းများသည် ချုပ်နှောင်ခံထားရပြီး မီးရှို့ဖျက်ဆီးခံထားရကြောင်းလည်း သိရသည်။

ဇွန်လ ၁၆ ရက်တွင် ရန်ကုန်မြို့ လိူင်သာယာမြိုနယ်ရှိ (၁၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ၎င်း၏ အိမ်အနီးတွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး ၎င်းသေဆုံးနေသည့် ပုံအား ဓာတ်ပုံရိုက်၍ လူမှုကွန်ယက်ပေါ်ဖြန့်ခဲ့သော ဒုတိယနှစ်ကျောင်းသူနှင့် အဆိုပါ ဓာတ်ပုံအားပြန်လည်မျှဝေသော သူမ၏ သူငယ်ချင်း ၆ ဦးအား စစ်ကောင်စီတပ်များက ဖမ်းဆီးခဲ့သည်။ လှိုင်သာယာမြို့နယ်အား စစ်အုပ်ချုပ်ရေးကြေညာထားသည့်အတွက် ၎င်းတို့အား စစ်ခုံရုံးနှင့် စစ်ဆေးမည်ဖြစ်ကြောင်း BBC က ဖော်ပြထားသည်။ ရန်ကုန်မြို့ ကျောက်တန်းမြို့နယ်တွင်လည်း စစ်ကောင်စီကခန့်အပ်ထားသော မြို့နယ်ပညာရေးမှူးတစ်ဦး ဇွန်လ ၁၆ ရက်နေ့တွင် လုပ်ကြံခံခဲ့ရသည်။ ၎င်းသည် CDM ပြုလုပ်သော ဝန်ထမ်းများအား တိုင်တန်းသူအဖြစ် အမည်တွက်နေကြောင်း RFA က ဖော်ပြထားသည်။ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ သံတံတားရပ်ကွက် အုပ်ချုပ်ရေးမှူးသည်လည်း ဇွန်လ ၁၇ ရက်နေ့က သေနတ်ဖြင့် အပစ်ခံခဲ့ရသော်လည်း မသေဆုံးခဲ့ကြောင်း Irrawaddy က ဖော်ပြထားသည်။ ရန်ကုန်မြို့တစ်မြို့ထဲတွင်ပင် လုပ်ကြံသတ်ဖြတ်ခံရသော အုပ်ချုပ်ရေးမှူးပေါင်း အနည်းဆုံး ၈ ဦးထိရှိလာပီဖြစ်သည်။

စစ်ကောင်စီခန့်ထားသော ဝန်ကြီးဒေါ်သက်သက်ခိုင်၏ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဆောက်လက်စကွန်ဒိုတစ်ခု ယမန်နေ့က ဖောက်ခွဲခံခဲ့ရကြောင်း Myanmar Now က ဖော်ပြထားသည်။ အဆိုပါ 68 Residence အဆင့်မြင့်ကွန်ဒိုအား ၎င်းတို့က C4 ခေါ် အင်အားပြင်းလက်လုပ်ဗုံး ၃ လုံးအသုံးပြု၍ ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ဖောက်ခွဲမှုအတွက် တစ်လခန့်ပြင်ဆင်ခဲ့ကြောင်း ရန်ကုန်ပြည်သူ့ကာကွယ်ရေးတပ်က အတည်ပြုထားသည်။ ဇွန်လ ၁၆ ရက်နေ့ ည ၉ နာရီခွဲခန့်အချိန်တွင် ရန်ကုန်မြို့ရှိ NLD ရုံးချုပ်ရှေ့အား လူတစ်ဦးက ဗုံးဖြင့်လာရောက်ပစ်ခတ်ခဲ့သည့် CCTV မှတ်တမ်းတစ်ခုသည် အင်တာနက်တွင် ပြန့်နှံ့နေသည်။

ရခိုင်ပြည်နယ်တွင် စစ်တပ်နှင့် အပစ်ရပ်ထားသော Arakan Army က ၎င်းတို့ဖမ်းဆီးထားသော စစ်သုံ့ပန်း ၆ ဦးအား စစ်တပ်သို့ ဇွန်လ ၁၇ ရက်နေ့က လွဲပေးလိုကြောင်း Narinjara သတင်းက ဖော်ပြထားသည်။ ထိုနေ့တွင်ပင် ဘူးသီးတောင်မြို့နယ်တွင် ဖမ်းဆီးထားသော စစ်သုံ့ပန်း ၁၇ ဦးကိုလည်း ပြန်လည်လွဲပေးခဲ့ကြောင်း Irrawaddy က ဖော်ပြထားသည်။ ဇွန်လ ၉ ရက်နေ့က AA ၏ တပ်ချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီနှင့် ညီမအပါအဝင် AA နှင့် ဆက်နွယ်သူ ၁၀ ဦးအား စစ်ကောင်စီက တရားစွဲဆိုမှုရုပ်သိမ်းပြီး ပြန်လွတ်ပေးခဲ့ခြင်းဖြစ်သည်။ 

Comments

Popular Posts