ဇွန် ၁၈-၁၉၊ ၂၀၂၁
ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ ၇၆ နှစ်မြောက်ပြည့်မြောက် မွေးနေ့တွင် မြန်မာပြည်သူများသည် ပန်းသပိတ်ကို ဆင်နွဲကြပြီး သူမမွေးနေ့ပွဲအား ကျင်းပကြသည်ကိုတွေ့ရသည်။ ခေါင်းတွင် အမြဲပန်းပန်လေ့ရှိပြီး ပန်းစိုက်ခြင်းအားဝါသနာပါသဖြင့် ပန်းသပိတ်အား ပြုလုပ်ရခြင်းဖြစ်ကြောင်း လူမှုကွန်ယက်အသုံးပြုသူများက ဆိုကြသည်။ ၁၃ ရက်နေ့ နိုဝင်ဘာလ ၂၀၁၀ ခုနှစ်က နေအိမ်အကျယ်ချုပ်မှလွတ်မြောက်ခဲ့ပြီးနောက် သူမသည် ဆယ်စုနှစ် နောက်တစ်ခုအကြာတွင် သူမ၏ မွေးနေ့အား နေအိမ်အကျယ်ချုပ်ဖြင့် ပြန်လည်ဖြတ်သန်းနေရခြင်းဖြစ်သည်။ တစ်ကြိမ်တည်းတွင် စစ်ကောင်စီတပ်များက ပန်းသပိတ်တွင်ပါဝင်သူများနှင့် ပြည်သူများအကြား ပန်းဝေသောသူများအား ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။ မန္တလေးတိုင်း ပြင်ဦးလွင်မြို့ရှိ Café 99 ဆိုင်ပိုင်ရှင် အပါအဝင် ဝန်ထမ်းဆယ့်နှစ်ဦးအား ဆိုင်လာရောက်သူများအား နှင်းဆီပန်းများ ပေးအပ်ခြင်းကြောင့် ဖမ်းဆီးခံခဲ့ရကြောင်း Mizzima က ဖော်ပြထားသည်။ မန္တလေးမြို့တွင်လည်း လူငယ်နှစ်ဦး နှင်းဆီပန်းများနှင့်အတူ အဖမ်းခံခဲ့ရသည်။
ရန်ကုန်မြို့ ကုလသမဂ္ဂရုံးအနီး ကန်တော်ကြီးပတ်လမ်းတွင် အိမ်စီးကားတစ်စီး ယနေ့ညနေ ငါးနာရီခွဲခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူတစ်ဦး ထိခိုင်ဒဏ်ရာရရှိ ခဲ့ကြောင်း BBC က ဖော်ပြထားသည်။ ယမန်နေ့ ဇွန် ၁၈ ရက်နေ့ ညနေပိုင်းတွင်လည်း တာမွေမြို့နယ်အတွင်းတွင် ဗုံးသုံးကြိမ် မိနစ်ပိုင်းစီသာခြား၍ ပေါက်ကွဲခဲ့ပြီး ရဲအရာရှိအပါအဝင် ၂ ဦးသေဆုံး၍ ၇ ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းသိရသည်။ ရပ်ထားသော စစ်ကားတစ်စီးပေါ်သို့ လက်ပစ်ဗုံးပစ်သွင်းခဲ့ခြင်းဖြစ်သောကြောင့် ရဲနှင့်စစ်သားများသေဆုံးရခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောဆိုသည်။ အဆိုပါတိုက်ခိုက်မှုသည် ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်များ တိုက်ရိုက်တိုက်ခိုက်ခံရသော ရှားရှားပါးပါးဖြစ်ရပ်ဖြစ်သည်။
ဇွန်လ ၁၈ ရက်နေ့က မြင်းခြံမြို့နယ်တွင် ယာဉ်ထိန်းရဲတစ်ဦးအား သေနတ်သမားတစ်ဦးက ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း Myanmar Now က ဖော်ပြထားသည်။ ယာဉ်ထိန်းရဲများသည် စစ်သားများနှင့် ပူးပေါင်းပီး ယာဥ်ပိုင်ရှင်များထံမှ ငွေညှစ်တောင်းယူမှုများဖြစ်ပေါ်နေကြောင်းလည်း လူမှုကွန်ယက်အသုံးပြုသူများက မှတ်ချက်ပြုကြသည်။ စစ်ကိုင်းတိုင်း ကနီမြို့နယ် ကင်းရွာတွင် အမျိုးသမီးနှင့်သက်ကြီးရွယ်အိုများအပါအဝင် လူ ၉ ဦးကို သေလုသည်အထိ ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း Khit Thit က ဖော်ပြထားသည်။ ဒေသအတွင်းရှိ PDF နှင့် စစ်ကောင်စီတို့တိုက်ပွဲများကြောင့် ပြည်သူ တစ်သောင်းကျော် စစ်ဘေးရှောင်နေရပြီး အရပ်သား ၂၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Myanmar Now က ဖော်ပြထားသည်။
NCA စာချုပ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် စာချုပ်အတိုင်းရပ်တည်ရန် ထိုင်းအစိုးဘက်က လိုလားနေကြောင်း BBC က ဖော်ပြထားသည်။ ထိုင်းအစိုးရ၏ ဖိတ်ကြားမှုကြောင့် NCA ရေးထိုးထားသောအဖွဲ့များနှင့် ထိုင်းအစိုးရတို့ ထိုင်းနိုင်ငံတွင်တွေ့ဆုံခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ ရခိုင် ALP နှင့် ချင်း CNF အဖွဲ့များတက်ရောက်ခြင်းမရှိကြောင်း သိရသည်။
ဇွန်လ ၁၅ ရက်နေ့ကျင်းပခဲ့သော ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) ၏ Credentials Committee ကိုယ်စားလှယ်ခန့်အပ်လွှာစစ်ဆေးရေးကော်မတီအစည်းအဝေးတွင် စစ်ကောင်စီက တင်ပြလာသော ကိုယ်စားလှယ်အဖွဲ့ခန့်အပ်လွှာအား ပယ်ချလိုက်ကြောင်း RFA က ဖော်ပြထားသည်။ အလားတူပင် ယခင်ကလည်း စစ်ကောင်စီ ကိုယ်စားလှယ်များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နှင့် နိုင်ငံတကာအလုပ်သမားအဖွဲ့ ILO တို့က အသိအမှတ်မပြုဘဲ ပယ်ချခဲ့ဘူးသည်။
ကုလသမဂ္ဂအထွေထွေညီလာခံတွင် လိုင်ချက်စတိုင်း (Liechtenstein) နိုင်ငံနဲ့ အခြား (၅၃) နိုင်ငံတို့ပူးတွဲပြီးတင်သွင်းခဲ့သော မြန်မာနိုင်ငံဆိုင်ရာ မူကြမ်းဆုံးဖြတ်ချက်ကို ဇွန်လ (၁၈) ရက်နေ့က ညီလာခံတွင် ချမှတ်အတည်ပြုခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်တွင် မြန်မာပြည်အာဏာသိမ်းမှုအား ရှုံ့ချကြောင်းအပါအဝင် မြန်မာ့စစ်တပ်ထံသို့ လက်နက်တင်ပို့မှုအား တာဆီးရန်နှင့် ဖမ်းဆီးထားသူများအား လွတ်ပေးရန် တောင်းဆိုမှုတို့ပါဝင်သည်။ နိုင်ငံပေါင်း (၁၉၃) နိုင်ငံအနက် ထောက်ခံမဲ (၁၁၉) မဲ ကြားနေ (၃၆) မဲနှင့် ဘယ်လာရုစ်၏ ကန့်ကွက်မဲတစ်မဲ (၁) မဲရှိခဲ့သည်။ ကြားနေမဲပေးသောနိုင်ငံများတွင် မြန်မာပြည်၏ အိမ်နီးချင်း (၅) နိုင်ငံ တရုတ် အိန္ဒိယ လာအို ဘင်ဂလားဒေရှ့် ထိုင်းနှင့် ဘရူနိုင်းနှင့် ကမ္ဘောဒီးယား အာဆီယံ (၂) နိုင်ငံပါဝင်သည်။
Comments
Post a Comment