ဇွန် ၂၂-၂၃၊ ၂၀၂၁

ဇွန် ၂၂ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးမြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ချို့တည်ရှိရာ အဆောက်အအုံတစ်ခုအား စစ်ကောင်စီတပ်များက  အင်အားအလုံးအရင်းဖြင့် ဝိုင်းဝန်းပိတ်ဆို့ စီးနင်းခြင်းပြုလုပ်ခဲ့ပြီးနောက် နှစ်ဖက်ပစ်ခတ်မှုများ ၂ နာရီခန့် ဖြစ်ပွားခဲ့သည်။ မန္တလေး PDF ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထွန်းတောက်နိုင်က Myanmar Now အား ၎င်းတို့ဘက်က ၂ ကျဆုံးပြီး ၆ ယောက်အဖမ်းခံရပြီး ၎င်းတို့အား လာရောက်ကူညီသူ DRPA အဖွဲ့မှလည်း ၃ ဦး သေဆုံးကြောင်း ပြောဆိုခဲ့သည်။ စစ်ကောင်စီကမူ PDF တပ်ဖွဲ့ဝင် ၈ ဦးသေဆုံးကာ ၈ ဦးဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ သို့သော် သေဆုံးသူ (၄) ဦးသည် PDF နှင့် ဆက်စပ်သူများမဟုတ်ဘဲ စစ်ကောင်စီတပ်များ၏ လိုက်လံပစ်ခတ်ခြင်းကြောင့် ကားအက်စီဒန့်ဖြစ်၍ သေဆုံးခဲ့သော ပလောင်လူငယ်များဖြစ်သည်ဟု RFA က ဖော်ပြထားသည်။ စစ်ကောင်စီဖက်က သေဆုံးသူများတွင် စစ်တက္ကသိုလ်အပတ်စဉ် (၄၁) မှ ဒုဗိုလ်မှူးကြီးအဆင့်ရှိသူအပါအဝင် စစ်သား (၃) ဦး သေဆုံးခဲ့ကြောင်း Irrawaddy က ဖော်ပြထားသည်။ စစ်ကောင်စီဖက်က RPG ကဲ့သို့ လက်နက်ကြီးအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ဗီဒီယိုမှတ်တမ်းတစ်ခုက ဖော်ပြနေသည်။ ပစ်ခတ်မှုများ ဖြစ်ပွားစဥ်အတွင်း လူမှုကွန်ယက်တွင် ဓာတ်ပုံနှင့် ဗီဒီယိုများမျှဝေခဲ့သူများကိုလည်း လူမှုကွန်ယက်အသုံးပြုသူများက ပြင်းပြင်းထန်ထန် အပြစ်တင်နေကြပြီး အဆိုပါလုပ်ရပ်များသည် PDF များ၏ ပြောက်ကျားလှုပ်ရှားမှုများအား ထိခိုက်စေကြောင်း ထောက်ပြကြသည်။ မြို့ပြတိုက်ပွဲများဖြစ်ပေါ်လာတော့မည်ကို စိုးရိမ်ပူပန်မှုများလည်း ရှိနေသည်။


အဆိုပါတိုက်ခိုက်မှုပြီးနောက် ပဲခူး ကျောက်ဆည် ပြင်ဦးလွင်အပါအဝင် မန္တလေးနှင့်အနီးတဝိုက်မြို့များရှိ ပြည်သူ့ကာကွယ်ရေးတပ်များက စစ်ကောင်စီတပ်များအား ပြင်းပြင်းထန်ထန်လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ကြပြီး အချို့သောနေရာများတွင် ပစ်ခတ်မှုများနှင့် ဗုံးခွဲတိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်။ မန္တလေး ရန်ကုန်အပါအဝင်အချို့သော မြို့ကြီးများတွင် မန္တလေးမြို့ PDF အား အားပေးထောက်ခံသည့် ဆန္ဒပြမှုများလည်း ပေါ်ပေါက်လာသည်။ 


မင်းတပ် PDF နှင့် စစ်ကောင်စီတပ်တို့သည် အချက် (၅) ချက်ပါသော အပစ်ရပ်သဘောတူညီချက်ကို ယနေ့ထုတ်ပြန်ခဲ့သည်။ အဆိုပါအချက်များတွင် မင်းတပ်မြို့တွင် လက်နက်ကိုင်ပြီး စစ်ဆေးပစ်ခတ်မှုများမပြုလုပ်ရန် CDM ဝန်ထမ်းများအား ဖိအားပေး၍ လုပ်ငန်းခွင်ပြန်ဝင်ခိုင်းခြင်းမပြုရန် စစ်ဘေးရှောင်များအတွက် ရိက္ခာသယ်သောကားများကိုသာ ဖြတ်သန်းသွားလာခွင့်ပေးရန်တို့ပါဝင်သည်။ 


ရန်ကုန်မြို့ လှိုင်မြို့နယ် ၁၃ ရပ်ကွက်တွင် သတင်းပေးအဖြစ်သတင်းထွက်နေပြီး အမျိုးသားရေးအစွန်းရောက်လှုပ်ရှားမှုများတွင် ပါဝင်လေ့ရှိသူ တစ်ဦး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ ဇွန်လ ၂၁ ရက်နေ့က မွန်ပြည်နယ် သထုံမြို့နယ်တွင် စစ်ကောင်စီခန့်ထားသည့် အုပ်ချုပ်ရေးမှူးတစ်ဦး၊ ဇွန်လ ၂၃ ရက်နေ့က ကရင်ပြည်နယ် မြဝတီမြို့တွင် အုပ်ချုပ်ရေးမှူးတစ်ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး လုပ်ကြံသတ်ဖြတ်ခံသော အုပ်ချုပ်ရေးမှူးစုစုပေါင်း ၂၅ ဦးကျော်ထိရှိနေပြီဖြစ်ကြောင်း RFA က ဖော်ပြထားသည်။


အာဏာသိမ်းစစ်ခေါင်းဆောင်သည် ၎င်း၏ရုရှားနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံဆိပ်ကမ်းများတွင် စစ်သင်္ဘောများဆိုက်ကပ်ကာ ဝင်ထွက်သွားလာရေးဆိုင်ရာ သဘောတူညီချက်အပြင် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုပြုလုပ်နိုင်ရန် ဆွေးနွေးမှုများပြုလုပ်နေကြောင်း Myanmar Now က ဖော်ပြထားသည်။ ၎င်းအား ရုရှားသမ္မတက မတွေ့ဆုံခဲ့ခြင်းနှင့် မော်စကိုလေဆိပ်တွင် နိုင်ငံတော်အကြီးအကဲတစ်ယောက်ကဲ့သို့ အကြိုဆိုမခံခဲ့ရခြင်းကို လူမှုကွန်ယက်အသုံးပြုသူများက လှောင်ပြောင်ကဲ့ရဲ့နေကြသည်။ 


မြန်မာလူငယ်များအကြားတွင် နာမည်ကြီးသည့် ရော့ခ်တေးသံရှင် ရေမွန်သည် ကရင်ပြည်နယ်ရှိ တောတွင်းတစ်နေရာတွင် ယနေ့မနက်က သေဆုံးခဲ့ကြောင်း သိရသည်။ ၎င်းသည် ငှက်ဖျားရောဂါကြောင့် သေဆုံးသည်ဟု သတင်းများထွက်ပေါ်လာခဲ့သော်လည်း ၎င်း၏မိတ်ဆွေတစ်ဦးက အစာအိမ်သွေးကြောပေါက်၍ သေဆုံးခြင်းဖြစ်ကြောင်း လူမှုကွန်ယက်တွင်ရေးသားခဲ့သည်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဗလမင်းထင် တံတားအနီးတွင် ယနေ့ည ၇ နာရီ ၃၀ မိနစ် ဝန်းကျင်မှစ၍ ပစ်ခတ်မှုများဖြစ်ပွားနေပြီး ရဟတ်ယာဉ်သံများနှင့် လက်နက်ကြီးသံများအား ကြားနေရကြောင်း ဒေသခံတစ်ချို့က Khit Thit ကို ပြောဆိုခဲ့သည်။

Comments

Popular Posts