ဇွန် ၂၄-၂၅၊ ၂၀၂၁
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) ၏ နောက်ဆုံးအစီရင်ခံစာအရ အာဏာသိမ်းပီးနောက် မြန်မာပြည်အနှံ့တွင် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသော ပြည်သူစုစုပေါင်း ၂၃၀,၀၀၀ ခန့်ရှိကြောင်း ခန့်မှန်းထားပါသည်။ ၎င်းတို့သည် အကြမ်းဖက်မှုများ တိုက်ပွဲများနှင့် လုံခြုံမှုမရှိသော အခြေအနေများကြောင့် ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ပြီး စစ်ဘေးရှောင်ရသူအများစုသည် ကရင်နီပြည်နယ် ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ရှိနေကြသည်။ ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ကိုင်နေသော ဒေသခံအဖွဲ့အစည်းများ၏ ယခင်ဖော်ပြချက်အရ ကရင်နီပြည်နယ်တစ်ခုတည်းတွင်ပင် စစ်ဘေးရှောင်ရသူ ၁ သိန်းကျော်ရှိနေပြီး ချင်းပြည်နယ်တွင် ၄ သောင်း ကျော်ရှိနေခြင်းဖြစ်သည်။
တိုက်ပွဲများ ပိုမိုကျယ်ပြန့်လာနိုင်ကြောင်း လက်ရှိ စစ်ကောင်စီနှင့် တိုက်ပွဲများ အကြီးအကျယ်ဖြစ်ပွားနေသော KIA နှင့် KNU ခေါင်းဆောင်များက ပြောဆိုလိုက်သည်။ နေရာအနှံ့တွင် အချိန်မရွေး တိုက်ပွဲများပေါ်လာနိုင်သဖြင့် ပြည်သူများအနေဖြင့် ပြင်ဆင်ထားကြရန် KIA ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကိုပြောဆိုခဲ့သည်။ ထို့အပြင် KNU အနေဖြင့် တိုင်းရင်းသားနယ်များတွင်သာမက မြို့ကြီးများတွင် တိုက်ပွဲပုံဖော်မှုများကြောင့် ပြည်သူများထိခိုက်ဆုံးရှုံးမှုဖြစ်ပွားသည့် အပေါ်လွန်စွာစိုးရိမ်မိကြောင်း လူထုအား တက်နိုင်သည့်ဘက်က ကူညီသွားမည်ဖြစ်ကြောင်း ဇွန်လ ၂၄ ရက်နေ့က စာထုတ်ပြန်ခဲ့သည်။
မန္တလေး မကွေးနှင့် စစ်ကိုင်းတို့တွင် အခြေစိုက်လှုပ်ရှားနေကြသော PDF အဖွဲ့ (၆) ဖွဲ့က စစ်အာဏာရှင်အမြစ်ပြတ်တိုက်ခိုက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ မန္တလေးမြို့ရှိ PDF အခြေစိုက်ရာ အဆောက်အအုံတစ်ခု တိုက်ခိုက်ခံရပြီးနောက် အဆိုပါအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ထွန်းတောက်နိုင်အား စစ်ကောင်စီတပ်များက ဖမ်းဆီးလိုက်ပီဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့သော်လည်း MPDF က မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။ အဆိုပါသတင်းနှင့်ဆက်စပ်၍ မန္တလေးမြို့တွင် ဇွန်လ ၂၄ ရက်နေ့က လက်နက်ခဲယမ်းအများအပြားအား မန္တလေးတိုင်းအတွင်း ဖမ်းဆီးရမိသည့် ဓာတ်ပုံများ လူမှုကွန်ယက်တွင် ပြန့်နှံ့လာခဲ့သည်။
ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်တွင် စစ်တပ်သတင်းပေးတစ်ဦးအား ဇွန်လ ၂၁ ရက်နေ့တွင်လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီသတင်းပေးနှင့် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး၊ ရန်ကုန်တိုင်း သံလျင်မြို့နယ်တွင် စစ်ကောင်စီ ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူးတို့အား ဇွန်လ ၂၅ ရက်နေ့တွင်လည်းကောင်း အမည်မသိလက်နက်ကိုင်များက လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း Khit Thit Media က ဖော်ပြထားသည်။ မန္တလေးမြို့ရှိ ကြံ့ခိုင်ရေးပါတီ၏ စည်းရုံးရေးမှူးတစ်ဦးသည် လုပ်ကြံမှုကြောင့် သေနတ်ဒဏ်ရာရရှိခဲ့ကြောင်း Myanmar Now က ဖော်ပြထားသည်။ မွန်ပြည်နယ် သထုံမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးသည် နုတ်ထွက်စာတင်ခဲ့ကြောင်း Myanmar Now က ဖော်ပြထားသည်။ ဇွန်၂၁ က သထုံမြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးသည် ဇွန်လ ၂၁ ရက်နေ့က လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။
ဇွန်လ ၂၄ ရက်နေ့က စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် ဒေသခံ PDF တို့အကြား နေရာနှစ်နေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF က ၁ ဦးကျဆုံးပြီး စစ်ကောင်စီဘက်က ၁၉ ဦးကျဆုံးကြောင်း DVB က ဖော်ပြထားသည်။ ကြံ့ခိုင်ရေးပါတီဝင်များသည် စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ငန်းများတွင် ပါဝင်နေသဖြင့် ၎င်းတို့ကိုလည်း ဦးတည်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မင်းကင်း PDF က ဇွန်လ ၁၂ ရက်နေ့က ကြေညာခဲ့ဘူးသည်။
စစ်ကောင်စီနှင့် မင်းတပ် PDF တို့ အပစ်ရပ်သဘောတူညီချက်ရေးထိုးပြီးနောက် မြို့ခံများသည် ၎င်းတို့၏ နေအိမ်များသို့ ပြန်နေကြကြောင်း Myanmar Now က ဖော်ပြထားသည်။ သို့သော် ဇွန်လ ၂၃ ရက်နေ့က မင်းတပ်မြို့အနီးရှိ ရွာတရွာတွင် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးသည် စစ်ကောင်စီများ ထောင်ထားသော မြေမြှပ်မိုင်းနင်းမိ၍ သေဆုံးခဲ့ကြောင်း သိရသည်။ မင်းတပ်မြို့အနီးရှိ ကန်ပလက်မြို့တွင်မူ စစ်ဘေးရှောင် ၇၀ ရာခိုင်နှုန်းခန့်သည် စိုးရိမ်မှုများကြောင့် ၎င်းတို့၏ နေရပ်သို့ မပြန်ကြသေးကြောင်း Chin World က ဖော်ပြထားသည်။ အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးထားသော နိုင်ငံရေးအကျဥ်းသားများအား စစ်ကောင်စီက မနက်ဖြန် ဇွန်လ ၂၆ ရက်နေ့တွင် ပြန်လွတ်ပေးမည်ဟု သတင်းများထွက်နေကြောင်း Mizzima က ဖော်ပြထားသည်။



Comments
Post a Comment