ဇွန် ၂၆-၂၇၊ ၂၀၂၁

 

အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အချိန်အထိ စစ်ခုံရုံးဖြင့် သေဒဏ်ပြစ်ဒဏ်ပေးခံရသူ ၆၄ ဦးအထိရှိနေပြီဖြစ်ပြီး ၎င်းတို့အနက်မှ ၂ ဦးသည် အသက်မပြည့်သေးသော ကလေးများဖြစ်ကြောင်း NUG ၏ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ၎င်းတို့အားလုံးမှာ စစ်အုပ်ချုပ်ရေးကြေညာခံထားရသော ရန်ကုန်မြို့ရှိ ခြောက်မြို့နယ်အတွင်းမှဖြစ်ကြပြီး မြောက်ဥက္ကလာ မှ ၃၄ ဦးအထိရှိနေခြင်းဖြစ်သည်။ ၎င်းတို့အတွက် ရှေ့နေလိုက်ခွင့်မရှိသောကြောင့် ခုခံချေပခွင့်လည်း မရရှိကြောင်း သိရသည်။ 

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းရှိ ဘုရားဝန်းအတွင်းတပ်ချထားသော စစ်ကောင်စီ၏တပ်စခန်းတစ်ခုအား AA တပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့ပြီး လက်နက် ၂၀ ခန့်အား သိမ်းယူမှုဖြစ်ပွားခဲ့ကြောင်း Narinjara သတင်းဌာနက ဖော်ပြထားသည်။ ယင်းဖြစ်စဥ်သည် အာဏာသိမ်းမှုပြီးနောက် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်များနှင့် AA အဖွဲ့များ ပထမဦးဆုံးအကြိမ်ထိပ်တိုက်တွေ့ခြင်းဖြစ်သည်။ 

မကြာခင်သေးခင်က ပြန်လည်လွတ်မြောက်လာခဲ့သော ကမာရွတ်မီဒီယာ ပူးတွဲတည်ထောင်သူ အမေရိကန်နိုင်ငံသား ဦးနေသန်မောင်က ဖမ်းဆီးခံရသူများသည် စစ်ကြောရေးစခန်းများတွင် နှိပ်စက်ညှဉ်းပန်းနေကြောင်း CNN သတင်းဌာနကို ပြောဆိုခဲ့သည်။ စစ်ကောင်စီတပ်သားများသည် NLD ပါတီ ခေါင်းဆောင်များနှင့် နိုင်ငံရေးလှုပ်ရှားသူများ၏ တည်နေရာကို သိရှိရန်အတွက် နည်းမျိုးစုံသုံး၍ နှိပ်စက်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဇွန်လ ၂၆ ရက်နေ့က စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့တွင် ဇေယျာတိုင်းမ်သတင်းဌာန၏ သတင်းထောက်နှစ်ဦးအား စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း Khit Thit က ဖော်ပြထားသည်။ 

ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင် ရန်ကုန် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၏ ရပ်ကွက်အုပ်ချုပ်ရေးမှုးတစ်ဦးနှင့် တာမွေမြို့နယ်ရှိ စစ်ကောင်စီသတင်းပေးဟု သတ်မှတ်ခံထားရသူတစ်ဦး မန္တလေးတိုင်း မြင်းခြံမြို့နယ်တွင် စစ်ကောင်စီခန့်ထားသော အုပ်ချုပ်ရေးမှူးတစ်ဦးတို့ လုပ်ကြံသတ်ဖြတ်ခံရကြောင်း Khit Thit Media က ဖော်ပြထားသည်။ လုပ်ကြံသတ်ဖြတ်ခံရကြောင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့ရှိ စစ်နည်းပညာ တက္ကသိုလ် DSTA အတွင်းတွင် စစ်ကောင်စီတပ်များက အရပ်သားများအား သေနတ်ပစ်သင်တန်းများ ပေးနေကြောင်း DVB က ဖော်ပြထားသည်။ စစ်တပ်ထောက်ခံသူများဖြင့် ဖွဲ့စည်းထားသော နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် ပျူစောထီးအဖွဲ့ဝင်များက ၎င်းတို့အား လက်နက်များ တပ်ဆင်ပေးရန်နှင့် စစ်သင်တန်းပေးရန် စစ်ကောင်စီကို တောင်းဆိုထားကြသည်။ 

မကွေးတိုင်း ဂန့်ဂေါမြို့နယ်တွင် CDM ပြုလုပ်ထားသော ရဲတပ်သားနှစ်ဦး ဇွန်လ ၂၆ ရက်နေ့က ဖမ်းဆီးခံခဲ့ရကြောင်း DVB က ဖော်ပြထားသည်။ ဂန့်ဂေါမှ ကလေးသို့ သွားသော အင်အား ၅၀ ခန့်ပါသော စစ်ကား ၃ စီးအား ၎င်းတို့က ယနေ့တွင် ခြုံခိုတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီဘက်မှ ၉ ဦးကျဆုံးခဲ့ကြောင်း ကလေး PDF က သတင်းထုတ်ပြန်ခဲ့သည်။ 

ဇွန်လ ၂၇ စစ်ဆေးမှုများအရ မြန်မာပြည်တွင် Covid ပိုးတွေ့ရှိသူ ၈၀၄ ဦးရှိပြီး လူနာ ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ ထို့ကြောင့် သေဆုံးသူ ၃၂၉၇ ဦးအထိရှိပြီ ဖြစ်သည်။ အိန္ဒိယနှင့် နယ်နိမိတ်ခြင်းထိစပ်နေသော စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့တွင် ရောဂါကူးစပ်မှုများ အများအပြားရှိနေခြင်းဖြစ်သည်။ ဇွန်လ ၂ ရက်နေ့က ဖွင့်ထားသော ကျောင်းအများအပြားကိုလည်း ရောဂါကူးစပ်မှုများကြောင့် ပြန်လည်ပိတ်နေပီဖြစ်ကြောင်းလည်း သိရသည်။ မွန်ပြည်နယ် မော်လမြိုင်တက္ကသိုလ်တွင် ဇွန်လ ၂၆ ရက်နေ့ စစ်ဆေးမှုများအရ ပိုးကူးစပ်ခံရသူ ၁၀၀ ကျော်ရှိသော်လည်း ကျောင်းပိတ်မှုမရှိသောကြောင့် ဝေဖန်မှုများခံနေရကြောင်း Than Lwin Times က ဖော်ပြထားသည်။

အာဏာသိမ်းခေါင်းဆောင်သည် ရုရှားနိုင်ငံခရီးစဥ်မှ ယနေ့အထိပြန်လည်ရောက်သည့် အထောက်အထားများမတွေ့ရခြင်းကြောင့် ကောလဟာလများ လူမှုကွန်ယက်တွင် ပြန့်နှံ့နေသည်။ အချို့သူများက ၎င်းသည် ဆီးချိုရောဂါဖြစ်သောကြောင့် ရုရှားသို့ လေယာဥ်ပြန်လှည့်သွားပီး ဆေးကုသနေကြောင်း တချို့သူများကမူ စစ်တပ်၏ ဒုတိယခေါင်းဆောင်က တပ်တွင်းအာဏာသိမ်းမှုကို ပြုလုပ်လိုက်ပီဖြစ်ကြောင်း စစ်ခေါင်းဆောင်များ၏ မိသားစုဝင်များသည် ထွက်ပြေး တိမ်းရှောင်နေကြကြောင်း ပြောဆိုနေကြသည်။ ထို့အပြင် မျက်မြင်သက်သေများက ရန်ကုန်မြို့ရှိ စစ်ခေါင်းဆောင်များ၏ နေအိမ်တဝိုက်နှင့် နေပြည်တော်တို့တွင် လုံခြုံရေးတပ်ချထားမှုများ အလွန်ပင်များပြားနေကြောင်းလည်း ပြောဆိုကြသည်။

Comments

Popular Posts