ဇွန် ၂၈-၂၉၊ ၂၀၂၁

 

ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် စစ်ကောင်စီနှင့်စပ်ဆက်နေသူဟု ယူဆခံရသူများ နေ့စဥ်နှင့်အမျှ လုပ်ကြံခံနေရသည်။ ဇွန်လ ၂၈ ရက်နေ့က ရန်ကုန်မြို့ တောင်ဒဂုံ ၇၂ ရပ်ကွက်မှ ရပ်ကွက်ရုံးစာရေး အမျိုးသမီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးနေသူတစ်ဦးနှင့် တာမွေမြို့နယ်တွင် ရဲတစ်ဦးအား သေနတ်သမားတချို့က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း Khit Thit က ဖော်ပြထားသည်။ အဆိုပါ ဖြစ်စဉ်အပြီး စစ်ကောင်စီတပ်များ၏ ရမ်းသမ်းပစ်ခတ်မှုများကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး အမျိုးသမီး ၁ ဦး ကျည်ထိမှန်ဒဏ်ရာရရှိကြောင်း သိရသည်။ မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ရဲတပ်သားတစ်ဦးက ရဲကင်းမှူး ဒုရဲအုပ်အား ပစ်သတ်လိုက်ပြီး ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။ ညောင်ဦးမြို့နယ်တွင်လည်း ကျောင်းအုပ်ဆရာမတစ်ဦးအား ကျောင်းအပြန်တွင် လူတစ်ခုက ဓားဖြင့်ထိုး၍ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ တောင်သာမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၏ စာရေးတစ်ဦးသည်လည်း ဇွန်လ ၂၉ ရက်နေ့က ပစ်သတ်ခံရပြီး တောင်သာမြို့လူငယ်ပြောက်ကျားအဖွဲ့က ၎င်းတို့လက်ချက်ဖြစ်ကြောင်း Myanmar Now ကို ပြောဆိုခဲ့သည်။

ရန်ကုန်မြို့တွင် အလွန်ကျယ်လောင်သော ဗုံးများနေရာအနှံ့တွင် ပေါက်ကွဲခဲ့ကြောင်း ရန်ကုန်မြို့ခံများက အွန်လိုင်းတွင်ရေးသားထားကြသည်။ ဇွန်လ ၂၈ ရက် နေ့က သာကေတ တောင်ဒဂုံနှင့် သန်လျင်တို့တွင် အဆိုပါအသံများကြားရခြင်းဖြစ်ကြောင်း Khit Thit Media ကလည်းဖော်ပြထားသည်။ ပြည်သူများအနေဖြင့် ဗုံးပေါက်သည်များကြုံတွေ့ပါက နေရာအတိအကျအား အွန်လိုင်းတွင်တင်ခြင်းမပြုကြရန် ရန်ကုန်မြို့အခြေစိုက် မြေအောက်အဖွဲ့အစည်းများက မေတ္တာရပ်ခံထားသည်ဆိုသည့် မှတ်ချက်သည်လည်း အွန်လိုင်းအသုံးပြုသူများအကြားတွင် ပြန့်နှံ့နေသည်။ အွန်လိုင်းတွင်တင်ထားသော အချက်အလက်များက ပျောက်ကြားလှုပ်ရှားသူများထွက်ပြေးလွတ်မြောက်နိုင်ရေးအတွက် အဟန့်အတားများဖြစ်စေကြောင်း ပြောဆိုကြခြင်းဖြစ်သည်။

NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မကြာမှီတွင် စစ်ကောင်စီကိုတိုက်ခိုက်သော D-Day ရောက်လာတော့မည်ဖြစ်ကြောင့် ယနေ့ညနေတွင် ၎င်း၏ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် အသိပေးခဲ့သည်။ နွေဦးတော်လှန်ရေးသည်အဆင့်ဆင့်ပြောင်းလဲနေပြီး အဆင့် (၇) ဆင့်ရှိသည့်အနက် အဆင့် (၄) ဖြစ်သည့် ပြည်သူလူထုကိုကာကွယ်ပေးခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း NUG, EAOs နှင့် PDF များသည် အားကောင်းလာပြီး စစ်ကောင်စီအင်အားချိနဲ့နေပြီ ဖြစ်ကြောင်းလည်း ၎င်းကရေးသားထားသည်။ သို့သော်လည်း D-Day အကြောင်းအမြဲတမ်းပြောဆို၍ လှုံ့ဆော်မှုများပြုလုပ်ခြင်းသည် မှားယွင်းသော မျှော်လင့်မှုများကိုဖြစ်စေနိုင်ကြောင်း ဝေဖန်မှုများလည်းရှိသည်။

အာဏာသိမ်းဆန့်ကျင်ဆန္ဒပြမှုများကြောင့် ၅၀၅ -ကဖြင့် အမှုဖွင့်ခံထားရသည့် အနုပညာရှင် ၂၄ ဦးအား အမှုမှ ပြန်လည်ရုပ်သိမ်းကြောင်း စစ်ကောင်စီက ယနေ့ည သတင်းတွင် ကြေညာခဲ့သည်။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ခံယူချက်မဟုတ်ဘဲ ပြင်ပ ပယောဂများကြောင့် အဆိုပါလှုပ်ရှားမှုတွင် ပါဝင်ရခြင်းဖြစ်သည်ဟု ယူဆရသဖြင့် အမှုရုပ်သိမ်းခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ အနုပညာရှင်များသည် အမှုရုပ်သိမ်းစေရေးအတွက် စစ်ကောင်စီနှင့် ဆက်စပ်နေသူများအား သိန်းရာချီပေးခဲ့ရကြောင်း ယခင်ကသတင်းများ ပြန့်နှံ့ခဲ့ဘူးသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် နမ့်ခမ်းရှမ်းလူငယ်အဖွဲ့ဒုဥက္ကဋ္ဌအား ရှမ်းလက်နက်ကိုင်အဖွဲ့ဖြစ်သည့် RCSS/SSA နှင့် ပတ်သက်သည်ဟုစွပ်စွဲ၍ SSPP/SSA အဖွဲ့က ဖမ်းဆီးပြီးနောက် သေဆုံးသွားသဖြင့် မြို့ခံများက ၎င်း၏ အလောင်းပြန်လည်ရရှိရေး ဇွန်လ ၂၈ တွင် တောင်းဆိုဆန္ဒပြခဲ့ကြကြောင်း Mizzima က ဖော်ပြထားသည်။ မြို့ပေါ်တွင် ချီတက်ဆန္ဒပြစဥ် ဗုံးပေါက်ကွဲခဲ့ခြင်းကြောင့် လူ (၂) သေဆုံးခဲ့ပြီး အဆိုပါဖောက်ခွဲမှုများ ၎င်းတို့က မလုပ်ဆောင်ခဲ့ကြောင်း SSPP က ငြင်းဆိုခဲ့သည်။

ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် RCSS တို့အကြား စစ်ရေးတင်းမာနေပြီး UWSA မှ စစ်အင်အား ၂၀၀၀ ခန့်ဖြည့်တင်းထားကြောင်း Mizzima က ဖော်ပြထားသည်။ စစ်ဘေးရှောင်များအား မြို့‌ပေါ်သို့ အလျင်အမြန်‌ပြောင်းရွှေ့ကြရန် စစ်ရှောင်ကူညီကယ်ဆယ်ရေးတာ၀န်ခံများမှ အဆိုပါဒေသအတွင်း သတိပေးထားကြောင်းလည်း သိရသည်။ RCSS သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် UWSA ၏ မဟာမိတ်များဖြစ်သည့် SSPP TNLA တို့နှင့်လည်း တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

Comments

Popular Posts