ဇွန် ၂၀-၂၁၊ ၂၀၂၁
.
မြို့အတွင်း စစ်ကောင်စီတပ်များအားပစ်မှတ်ထားသော တိုက်ခိုက်မှုများတွင် CDM ဝင်ခြင်းမရှိသော်လည်း တပ်အတွင်းမှ စစ်သားများတစ်ချို့က တိတ်တစိတ် ကူညီနေမှုများရှိနေကြောင်း ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောဆိုခဲ့သည်။ လွန်ခဲ့သည့် ဇွန်လ ၁၈ ရက်နေ့က တာမွေမြို့နယ်တွင် စစ်ကားတစ်စီးဖောက်ခွဲမှုအပြင် မတ် ၂၇ က ပြည်ထဲရေးရုံးအတွင်းဖောက်ခွဲမှုနှင့် ဇွန်လ (၁) ရက်နေ့က မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကားပေါက်ကွဲမှုများ အတွက် တပ်အတွင်းမှ လျှို့ဝှက်အကူအညီများရရှိခဲ့ကြောင်း အဆိုပါအဖွဲ့ဝင်က ပြောဆိုခဲ့သည်။ စစ်သားအချို့သည် ၎င်းတို့၏ မိသားစုများလုံခြုံရေးအတွက် CDM တွင်ပါဝင်နိုင်ခြင်းမရှိသော်လည်း စစ်တပ်ကိုတိုက်ခိုက်နေသော ပြည်သူများအား ကူညီနေကြောင်း သိရသည်။ အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း CDM တွင်ပါဝင်ခြင်းမရှိသော ဝန်ထမ်းများမှတစ်ဆင့် ရုံးတွင်းလျှို့ဝှက်စာအများအပြား မီဒီယာများဆီသို့ပေါက်ကြားမှုများဖြစ်ပွားခဲ့သည်။
ဇွန် ၁၉ ည ၈ နာရီခွဲဝန်းကျင်တွင် စစ်ကိုင်းတိုင်း ကလေးမြို့ရှိ နေအိမ်တစ်အိမ်အား စစ်ကောင်စီတပ်များက စီးနင်းဝင်ရောက်ပြီး ပစ်ခတ်မှုများကြောင့် မိသားစုဝင် (၄) ဦးသေဆုံးခဲ့ကြောင်း Myanmar Now က ဖော်ပြထားသည်။ မျက်မြင်သက်သေများ၏ အဆိုအရ အိမ်အတွင်းရှိ အဖိုးတန်ပစ္စည်းများအား မော်တော်ကားများဖြင့် ခေါက်တုံ့ခေါက်ပြန်သယ်ယူသွားကြောင်း သိရသည်။ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်တွင် ဇွန်လ ၂၀ ရက်နေ့က မင်္ဂလာဆောင်ဖိတ်စာလိုက်ဝေနေသော သတို့သားလောင်း ကျော်ကျော်မျိုးသည် စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း Khit Thit က ဖော်ပြထားသည်။ ၎င်းနှင့်အတူပါလာသော သူငယ်ချင်းကိုလည်း စစ်ကောင်စီတပ်များက ဖမ်းဆီးရိုက်နှက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ရန်ကုန်မြို့ ဗဟန်းမြို့နယ်တွင် စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် အသက် ၁၃ နှစ်အရွယ် မောင်ဖိုးစိန် သေဆုံးခဲ့သည်။
ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် အခြေချထားသော PDF-Zoland အဖွဲ့၏ စခန်းအား အိန္ဒိယနယ်စပ်တွင် လှုပ်ရှားနေသော Zomi Re-unification Army က ဇွန်လ ၁၆ ရက်နေ့တွင် ဒုတိယအကြိမ်မြောက်တိုက်ခိုက်ခဲ့ပြီး သိန်း (၂၀၀) ခန့်တန်ဖိုးရှိသော ရိက္ခာများနှင့် ဆေးဝါးများအား မီးရှို့ဖျက်ဆီးခဲ့သည်။ အဆိုပါလုပ်ရပ်အား လူမှုကွန်ယက်အသုံးပြုသူအများအပြားက ဝေဖန်နေကြပြီး လူမျိုးတူအချင်းချင်းတိုက်ခိုက်မှုများမပြုလုပ်သင့်ကြောင်း စစ်ဘေးရှောင်နှင့် ကိုဗစ်ကြောင့် စားနပ်ရိက္ခာ ရှားပါးနေသော ချင်းပြည်နယ်တွင် ရိက္ခာများအား ဖျက်ဆီးခြင်းသည် လက်ခံနိုင်စရာမရှိကြောင်း ဝေဖန်ထောက်ပြကြသည်။ Chinland Defense Force က အဆိုပါ ZRA ၏ လုပ်ရပ်ကို ရှုံ့ချလိုက်ပြီး ၎င်းတို့အနေဖြင့် ပြင်းထန်စွာပြန်လည်အရေးယူမည်ဖြစ်ကြောင်း ဇွန်လ ၁၉ ရက်နေ့က စာထုတ်ပြန်ခဲ့သည်။
တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားပြီး အရပ်သား တစ်သောင်းခန့် စစ်ဘေးရှောင်နေရသော မင်းတပ်မြို့နယ်တွင် ဒေသခံ မင်းတပ် CDF နှင့် စစ်ကောင်စီတပ်များသည် ယနေ့မှစ၍ (၁၄) ရက်ကြာ အပစ်အခတ်ရပ်စဲထားမည်ဖြစ်ကြောင်း Chin World က ဖော်ပြထားသည်။ အပစ်ရပ်ကာလအတွင်း ပြည်သူများ ၎င်းတို့၏ နေအိမ်များသို့ ပြန်လာနိုင်စေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကောင်စီက ပြောဆိုသော်လည်း မြို့အဝင်တွင် စစ်ဆေးခြင်းမှုများ တင်းတင်းကျပ်ကျပ်ပြုလုပ်နေကြောင်းသိရသည်။ ရန်ကုန်တိုင်း ငမိုးရိပ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား ဗုံးဖောက်ခွဲခဲ့သူများသည် CCTV မှတ်တမ်းအရ ဧည့်စာရင်းရန်လာသော အမျိုးသမီးနှစ်ဦးဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်ဟု Mizzima က ဖော်ပြထားသည်။
KNU တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ သထုံခရိုင် ဘားအံမြို့နယ်တွင် ၎င်းတို့၏တပ်များနှင့် စစ်ကောင်စီတပ်များအကြားတိုက်ပွဲ (၄) နေရာတွင် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက် က (၈) ဦး ကျဆုံးပြီး (၄) ဦး ဒဏ်ရာရရှိခဲ့ကြောင်း Thoolei News က ဖော်ပြထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံတွင် TNLA၊ MNDAA ပူးတွဲစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တို့ ဇွန်လ (၂၀) ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၃) ဦးသေဆုံးခဲ့ပြီး ၎င်းတို့၏ လက်နက်ခဲယမ်းအချို့အား သိမ်းဆည်းရမိကြောင်း Shwe Phee Myay News ကဖော်ပြထားသည်။
အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားနိုင်ငံတွင်ကျင်းပမည့် နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံတက်ရန်အတွက် အထူးလေယာဥ်ဖြင့် ဇွန်လ ၂၀ ရက်နေ့က ထွက်ခွာသွားကြောင်း Irrawaddy က ဖော်ပြထားသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ၎င်း၏ ဒုတိယနိုင်ငံခြားခရီးစဥ်ဖြစ်သည်။ မြန်မာစစ်တပ်သို့ နိုင်ငံတကာက လက်နက်တင်ပို့မှုပိတ်ဆို့ရန် တောင်းဆိုမှုများမြင့်တက်နေချိန်တွင် ယခုခရီးစဥ်ပေါ်ပေါက်လာခြင်းဖြစ်သည်။
Comments
Post a Comment