မေ ၃၁၊ ဇွန် ၁၊ ၂၀၂၁ #day120 #day121
အာဏာသိမ်းပြီး (၄) လကြာပြီးနောက် မြန်မာပြည်အနှံ့ ပြည်သူများ၏ ရရှာလက်နက်စွဲကိုင်တိုက်ခိုက်မှုများပိုမိုကျယ်ပြန့်လာသည့်အလျောက် ကျယ်ပြန့်သော ပြည်တွင်းစစ်ဖြစ်တော့မည်လားဆိုသည့် စိုးရိမ်မှုများလည်း တိုးပွားလာပါသည်။ ယမန်နေ့ မေလ ၃၁ ရက်နေ့တွင် ကရင်နီပြည်နယ် ဒီမော့ဆိုမြို့အနီးတွင် စစ်ကောင်စီ၏ ရဟတ်ယာဥ်နှစ်စီးဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဖြစ်ပွားသော တိုက်ပွဲများတွင် လေကြောင်းအား အလွန်အကျူးသုံးစွဲလေ့ရှိသော်လည်းဘဲ အာဏာသိမ်းမှုပြီးနောက် ပြည်သူများဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအပေါ် လေကြောင်းဖြင့် ပြင်းထန်စွာတိုက်ခိုက်ခြင်းမှာ ယခုတစ်ကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့အပြင် ဒီမော့ဆိုမြို့နှင့် မိုင် ၂၀ ခန့်ကွာဝေးသော လွိုင်ကော်မြို့မှ ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်းလည်း Irrawaddy က ဖော်ပြထားသည်။ လူမှုကွန်ယက်တွင် လက်နက်ကြီးများ ကောင်းကင်ယံတွင် ဖြတ်သန်းသွားသည့် ဗီဒီယိုများ ဓာတ်ပုံများပြန့်နှံ့နေပါသည်။
မေလ ၃၁ ရက်နေ့တွင် ကရင်နီပြည်နယ်ရှိ စစ်ကောင်စီအားတိုက်ခိုက်နေကြေသာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များစုပေါင်း၍ Karenni Nationalities Defence Force (KNDF) ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ထိုနေ့တွင်ပင် KNDF နှင့် စစ်ကောင်စီတို့အကြားဖြစ်ပွားခဲ့သည် ဒီမော့ဆိုမြို့နယ် ကုန်းသာရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၈၀ ထက်မနည်းသေဆုံးခဲ့သည့် KNDF က ကြေညာခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုများကြောင့် KNDF ဘက်မှ တပ်သား ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်းလည်းသိရသည်။ စစ်ကိုင်းတိုင်း ကသာမြို့နယ်ရှိ PDF ကိုလည်း မေလ ၃၁ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Irrawaddy က ဖော်ပြထားသည်။
ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူးရွာအနီးတွင် ဇွန်လ ၁ ရက် နေ့လည် ၁ နာရီခန့်မှစ၍ စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ် အမှတ် (၁၀၂၂) တို့၏ ပူးပေါင်းတပ်ဖွဲ့နှင့် ဗိုလ်ချုပ်ကျော်သက် ဦးဆောင်သည့် ခွဲထွက် (DKBA) အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIC Media ကဖော်ပြထားသည်။ DKBA ဘက်တွင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှ လူငယ်များပါဝင်နေကြောင်းလည်း သတင်းများထွက်နေသည်။ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင် စစ်ကောင်စီ၏ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းလင်းဇော်လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း Myanmar Now က ဖော်ပြထားသည်။ ဒေသခံများ၏ ပြောဆိုချက်အရ ၎င်းသည် စစ်တပ်ကျောထောက်နောက်ခံဖြင့် ဖွဲ့စည်းထားသည် ပျူစောထီးအဖွဲ့၏ မြို့နယ်အဆင့်ခေါင်းဆောင်ဖြစ်ပြီး မဘသအဖွဲ့ဝင်တစ်ဦး ဖြစ်ကြောင်းလည်း သိရသည်။
စစ်ကောင်စီသည် ယခုအခါတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အား ၎င်းတို့အား မူလထားရှိသော နေအိမ်များမှ အခြားသောနေရာများတွင် ပြောင်းရွေ့လိုက်ကြောင်း ကြားသိရသဖြင့် ၎င်းတို့လုံခြုံရေးအတွက် စိုးရိမ်ကြောင်း NUG က မေလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် NUG ကာကွယ်ရေးဝန်ကြီးဌာနက တပ်မတော်သားများနှင့်သက်ဆိုင်သည့် မူဝါဒသဘောထားကြေညာချက်ကို ဇွန်လ (၁) ရက်နေ့တွင် ထုတ်ပြန်လိုက်ပြီး အဆိုပါထုတ်ပြန်ချက်အရ တပ်မတော်သားများအား ၎င်းတို့ဖြင့် ပူးပေါင်းလာရေးအတွက် ကြိုဆိုကြောင်း ၎င်းတို့၏ မိသားစုဝင်များ၏ လုံခြုံမှုအား အာမခံကြောင်း ဘဝရပ်တည်ရေးအတွက် ကူညီပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ နယ်စပ်တွင် စစ်သင်တန်း (၁) လတက်ကြီး မြို့ထဲသို့ပြန်လည်ဝင်ရောက်လာသည်ဆိုသော လူငယ်တစ်ဦးနှင့် BBC တို့၏ အင်တာဗျူးအား လူမှုကွန်ယက်အသုံးပြုနေသူအများအပြားက ဝေဖန်နေကြသည်။ BBC ဝန်ထမ်း ရီရီအောင်သည် လုံခြုံရေးအကြောင်းအရာများအား အမှုမထားဘဲ အဆိုပါလူငယ်အား လက်နက်များရရှိပုံ သင်ကြားခဲ့သည့်အရာများ လုပ်ဆောင်မည့်အရာများအား ဖိမေးခြင်းကြောင့် စစ်ကောင်စီအတွက် သတင်းအချက်အလက်များ ပေးနေခြင်းဖြစ်ကြောင်း ဝေဖန်ကြခြင်းဖြစ်သည်။
NLD အစိုးရလက်ထက်က ဖွင့်လှစ်ခဲ့သော မွန်ပြည်နယ်မော်လမြိုင်မြို့နှင့် ချောင်းဆုံကို ဆက်သွယ်ထားသော တံတားအား ယခင် ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) အမည်မှ သံလွင်တံတား (ချောင်းဆုံ) ဟု အာဏာသိမ်းစစ်ကောင်စီက အမည်ပြောင်းလဲလိုက်ပြီး ဆိုင်းဘုတ်အရောင်ကိုလည်း အနီအောက်ခံမှ အစိမ်းအောက်ခံသို့ ပြောင်းလဲလိုက်သည်။ ဒေသခံများလိုလားသော အမည်နာမအစား ဗိုလ်ချုပ်အောင်ဆန်းတံတားဟု ပေးခဲ့ခြင်းကြောင်း မွန်ပြည်သူ အများအပြား NLD အစိုးရအား ၂၀၁၇ ခုနှစ်တွင် ဆန္ဒပြခဲ့ကြသည်။ ယခုအခါတွင် တံတားအမည်ပြန်ပြောင်းခြင်းဖြင့် စစ်ကောင်စီသည် တိုင်းရင်းသားများ၏ လိုလားချက်များအား ဖြည့်ဆည်းပေးနေသည်ဆိုသော ဝါဒဖြန့်မှုအတွက် အသုံးချနေခြင်းသာဖြစ်ကြောင်း မွန်လူမျိုးများအပါအဝင် လူမှုကွန်ယက်အသုံးပြုသူ အများအပြားက ဝေဖန်နေကြသည်။ နိုင်ငံအဝန်းရှိ ဆောက်လုပ်ရေးလုပ်ငန်းများရပ်တန့်နေခြင်းကြောင့် အလုပ်သမား ၅ သိန်းခန့် အလုပ်လက်မဲ့ဖြစ်နေကြောင်း Irrawaddy ကဖော်ပြထားသည်။ ပြည်ပမှတင်သွင်းရသော ဆောက်လုပ်ရေးကုန်ကြမ်းများနှင့် ပြည်တွင်း၌ ထုတ်လုပ်နေသောဘိလပ်မြေဈေးနှုန်းများသည် အာဏာသိမ်းပြီးနောက် အဆမတန်မြင့်တက်လာခြင်းသည် အဓီကအကြောင်းအရင်းဖြစ်ကြောင်း သိရသည်။



Comments
Post a Comment