ဇွန် ၂-၃၊ ၂၀၂၁ #day122 #day123
စစ်ကောင်စီလက်အောင်တွင် ကျောင်းတက်ရေးမတက်ရေးကိစ္စနှင့် ပတ်သက်၍ ပြည်သူများအကြား အပြင်းအထန်အငြင်းပွားနေကြသည်။ မြန်မာပြည်အနှံ့တွင် အခြေခံကျောင်းများအား ဇွန်လ (၁) ရက်နေ့မှ စတင်ဖွဲ့လှစ်ခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြသူများက စစ်ကောင်စီလက်အောက်တွင်ရှိနေသ၍ ကျောင်းမတက်ကြရန် လှုံ့ဆော်နေကြပြီး စစ်တပ်နှင့်နီးစပ်သူများက ကျောင်းမတက်ရန်လှုံဆော်သူများသည် တာလီဘန်ကဲ့သို့အဖွဲ့များဖြစ်ကြောင်း စွပ်စွဲထားသည်။ သို့သော် RFA ၏ ဖော်ပြမှုအရ တနိုင်ငံလုံးရှိ ကျောင်းသား ၉ သန်းကျော်အနက် ဇွန်လ (၁) ရက်နေ့တွင် ကျောင်းတက်ရောက်သူ ၂၀ ရာခိုင်နှုန်းပင် မပြည့်ကြောင်း သိရသည်။ သို့သော် စစ်ပွဲများမရှိတော့သည့် ရခိုင်ပြည်နယ်တွင် ကျောင်းတက်ရောက်သူ ၃ သိန်းခွဲကျော်ရှိကြောင်း သိရသည်။ NUG ၏ စာရင်းများအရ ကျောင်းဆရာပေါင်း ၄ သိန်း ၅ သောင်းကျော်အနက် ၆၀ ရာခိုင်နှုန်းသည် CDM ပြုလုပ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံအနှံ့ရှိ ကျောင်းများအနီးတဝိုက်တွင် ဗုံးပေါက်ကွဲမှုများလည်း ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် လူမှုကွန်ယက်တွင် အငြင်းပွားမှုများဖြစ်ပွားနေသည်။
ဇွန်လ (၂) ရက်နေ့က မန္တလေးတိုင်း မိုးကုတ်မြို့ရှိ CDM မပြုလုပ်သူ ကျောင်းဆရာမတစ်ဦး၏ နေအိမ်တွင် ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံများက DVB ကို ပြောဆိုသည်။ ထိခိုက်ဒဏ်ရာရသူမရှိသော်လည်း နေအိမ်ပျက်စီးသွားကြောင်း သိရသည်။ စာသင်ကျောင်းများတွင် အကြမ်းဖက်မှုအား လုံးဝလက်မခံနိုင်ကြောင်း ယူနီဆက်က ဇွန်လ (၂) ရက်နေ့ကထုတ်ပြန်ခဲ့သည်။ ၎င်းတို့၏ ထုတ်ပြန်ချက်အရ လေးလအတွင်း စာသင်ကျောင်းများနှင့် ပညာရေးဝန်ထမ်းများတိုက်ခိုက်ခံရမှု အနည်းဆုံး ၅၄ခုရှိခဲ့ပြီး စစ်တပ်နှင့်ရဲများ တပ်စွဲခဲ့သော နေရာများတွင်မူ တိုက်ခိုက်မှု ၁၄၀ ကျော် ဖြစ်ပွားခဲ့ကြောင်းသိရသည်။ အများပြည်သူနေရာများနှင့် ကျောင်းများတွင် ဗုံးပေါက်ကွဲခြင်းသည် ၎င်းတို့၏ လက်ချက်မဟုတ်ကြောင်း ရန်ကုန်မြို့အခြေစိုက် မြေအောက်လှုပ်ရှားမှု အဖွဲ့ (၉) ဖွဲ့က ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
Covid ကူးစပ်မှုရောဂါက မြန်မာနိုင်ငံအား တဖန်ခြိမ်းခြောက်လာနေပါသည်။ ယခုရက်ပိုင်းအတွင်း ရာနှင့်ချီသော ကူးစပ်သူများအား တွေ့ရှိခဲ့ပြီး အိန္ဒိယနယ်စပ်အနီး ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်ရှိ ကျီခါးမြို့တွင် ကူးဆက်သူ ၁၃၄ ဝန်းကျင်ရှိပြီဖြစ်ကြောင်း Irrawaddy က ဖော်ပြထားသည်။ RFA ၏ ဖော်ပြချက်အရ ချင်းပြည်နယ်တစ်ခုတည်းတွင် ပီးခဲ့သည့် (၃) ရက်အတွင်း Covid တွေ့ရှိသူ ၁၈၀ ကျော်ရှိနေပြီဖြစ်ပြီး သေဆုံးသူ ခြောက်ဦးရှိပီဖြစ်ကြောင်း သိရသည်။ ချင်းပြည်နယ် မွန်ပြည်နယ် ရှမ်းပြည်နယ် ရန်ကုန်တိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် အတည်ပြုလူနာအသစ်များအား တွေ့ရှိရခြင်းဖြစ်သည်။ သူများသည် ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းသည့်နေ့မှစ၍ ဇွန်လ ၁ ရက် ည ၈ နာရီအထိ ထုတ်ပြန်ချက်များအရ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၈၆ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ ၂၀၂၀ မတ်လ (၂၃) ရက်မှ စတင်ရေတွက်လျင်မူ ရောဂါကူးစက်သူအတည်ပြုလူနာ ၁၄၃,၇၅၁ ဦးရှိပြီး သေဆုံးသူ ၃,၂၁၇ ဦးရှိကြောင်း သိရသည်။ အာဏာသိမ်းမှုနောက်ပိုင်း အစိုးရယန္တယားများရပ်တန့်သွားသဖြင့် ကူးစက်သူများယခုထက်ပိုမိုများပြားနိုင်ကြောင်း ဆေးဝါးများလည်း ပြတ်လပ်နေကြောင်း သိရသည်။
ရိုဟင်ဂျာများနှင့်ပတ်သက်သော မူဝါဒတစ်ရပ်အား NUG က ဇွန်လ (၃) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နေထိုင်သော ရိုဟင်ဂျာမွတ်စလင်များအတွက် နိုင်ငံသားဖြစ်ခွင့်အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် နိုင်ငံတကာရာဇဝတ်မှုတရားရုံး ICJ တွင်ဖြေရှင်းနိုင်ရေး ဆောင်ရွက်နေပြီဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် ၎င်းတို့နိုင်ငံသားဖြစ်ရေးအတွက် အဟန့်အတားဖြစ်စေသော ၁၉၈၂ နိုင်ငံသားဥပဒေအပါအဝင် တခြားဖိနှိပ်သောဥပဒေတွေကို ဖျက်သိမ်း၊ ပြင်ဆင်၊ အသစ်ပြဌာန်းမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းတို့နေရပ်ပြန်နိုင်ရေးအတွက် သက်ဆိုင်သူများအားလုံးနှင့် ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အမျိုးသားရေးအစွန်းရောက်များအဖြစ် နာမည်ကြီးသည့် မဘသအဖွဲ့မှ ဗုဒ္ဓဘာသာဘုန်းကြီးများအား တွေ့ဆုံမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း Myanmar Now က ဖော်ပြသည်။ မေလ (၃၁) ရက်နေ့ကလည်း ၎င်း၏ ကရင်ပြည်နယ်ခရီးစဉ်အတွင်း မဘသဦးဆောင်ဆရာတော်တစ်ဦးနှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။ စစ်ကောင်စီအား လက်နက်ကိုင်တုံ့ပြန်ရေးအတွက် မြန်မာနိုင်ငံအနှံ့တွင် ပြည်သူ့ ကာကွယ်ရေးတပ် (PDF) များ ဖွဲ့စည်းနေကြပြီဖြစ်သည်။ ကချင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် KIO/KIA က ကချင်ပြည်နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ ဖွဲ့စည်းမည်ဆိုပါက ၎င်းတို့၏ လက်အောက်တွင်သာ ဖွဲ့စည်းလှုပ်ရှားရမည်ဖြစ်ကြောင်း KIA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက Irrawaddy ကို ပြောဆိုခဲ့သည်။
Comments
Post a Comment