ဇွန် ၄-၅၊ ၂၀၂၁ #day124 #day125

 

ဟောင်ကောင်အခြေစိုက် Phoenix TV နှင့် ပြုလုပ်သော အင်တာဗျူးတွင် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းမှုအပေါ် လူထု၏တုံ့ပြန်မှု ယခုကဲ့သို့ ပြင်းထန်လာမည်ဟု မထင်မိခဲ့ကြောင်းထုတ်ဖော်ဝန်ခံခဲ့သည်။ သေဆုံးသူ ၈၄၇ ဦး ဖမ်းဆီးခံရသူ ၅၇၈၅ ဦးနှင့် စစ်ဘေးရှောင်ပြည်သူ ၁၂၁,၀၀၀ ကျော်ရှိလာခဲ့သော်လည်း မြန်မာပြည်အနှံ့တွင် အာဏာသိမ်းဆန့်ကျင်ကန့်ကွက်မှုများအရှိန်မပြတ်ရှိနေသေးခြင်းဖြစ်သည်။ စစ်ခေါင်းဆောင်ကမူ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှု ၁၀.၄၈ သန်းရှိကြောင်း စွပ်စွဲလိုက်ပြီး လူပေါင်း ၇၀၀ ကျော်သေဆုံးသည်ဆိုသည်မှာ စာရင်းအင်းအတိအကျမရှိဘဲ ပြောဆိုခြင်းဖြစ်ကြောင်း သေဆုံးသူမှာ ၃၀၀ ဝန်းကျင်သာရှိကြောင်း မီဒီယာများအနေဖြင့် သေဆုံးသွားသော ရဲနှင့် စစ်သား ၄၇ ဦးနှင့် ဒဏ်ရာရရှိသူ ၂၀၀ ကျော်အကြောင်း ပြောဆိုမှုမရှိကြောင်း တုံ့ပြန်ခဲ့သည်။ လူမှုကွန်ယက်များနှင့် မီဒီယာများမှတစ်ဆင့် အကြမ်းဖက်မှုလှုံ့ဆော်မှုများရှိသဖြင့် အင်တာနက်ဖြတ်တောက်မှုပြုလုပ်ခြင်းဖြစ်ကြောင်းလည်းပြောဆိုခဲ့သည်။

ဆန္ဒပြမှုများဖြစ်ပွားလေ့မရှိသော ဧရာဝတီတိုင်းတွင် ဇွန်လ ၅ ရက်နေ့က ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။ Non-CDM ဆရာမတစ်ဦး၏ သတင်းမှားပေးမှုကြောင့် စစ်ကောင်စီတပ်များနှင့် ကျုံပျော်မြို့နယ် လှေဆွဲရွာရှိဒေသခံများ ပဋိပက္ခများဖြစ်ပွားခဲ့ပြီး ပြည်သူ ၁၇ ဦး သေဆုံးခဲ့ကြောင်း ရွာသား ၂၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်ရကြောင်း DVB က ဖော်ပြထားသည်။ တိုက်ပွဲများပြင်းထန်စွာဖြစ်ပေါ်နေသော ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်များက ဒေသခံများ၏ နေအိမ်များအား ဇွန်လ (၄) ရက်နေ့က စ၍ မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေကြောင်း Kantarawaddy Times က ဖော်ပြထားသည်။ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ၏ စာရင်းအရ ကရင်နီပြည်နယ်တစ်ခုတွင် စစ်ဘေးတိမ်းရှောင်သူအရေအတွက်သည် စုစုပေါင်းမှာ တစ်သိန်းဝန်းကျင်ခန့်ရှိနေသဖြင့် တစ်ပြည်နယ်လုံးလူဦးရေ၏ လေးပုံတစ်ပုံရှိနေပြီဖြစ်ကြောင်း Kantarawaddy Times က ဖော်ပြထားသည်။ 

NUG က အွန်လိုင်းမှတစ်ဆင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ရန်ကြေညာထားသည့်သော ဇွန်လ ၄ ရက်နေ့ ညနေ ၅ နာရီတွင် စစ်ကောင်စီက မြန်မာပြည်အနှံ့ အင်တာနက်ဖြတ်တောက်မှုများအား တစ်နာရီကြာပြုလုပ်ခဲ့သည်။ အင်တာနက်လိုင်းတွေ ပြန်ပွင့်လာပြီးနောက်ပိုင်း အဆိုပါလုပ်ရပ်အပေါ် လူမှုကွန်ယက်အသုံးပြုသူများက စစ်ကောင်စီသည် NUG အား အွန်လိုင်းအစိုးရဟု စွပ်စွဲနေသော်လည်း အလွန်ပင်ကြောက်ရွံ့နေကြောင်း ပြက်ရယ်ပြုနေကြသည်။ တစ်နိုင်ငံလုံးမှာ ပြည်သူ့ကာကွယ်ရေးတပ်များကို ဖွဲ့စည်းထားပြီဖြစ်သောကြောင့် ပြည်သူအားလုံးပါဝင်နိုင်ရေးအတွက် အချိန်တစ်ခုရောက်ရင် တိုက်ပွဲခေါ်သံပေးမည်ဖြစ်ကြောင်း NUG ၏ ကာကွယ်ရေးဒုဝန်ကြီး ဒေါ်ခင်မမမျိုးက သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။ 

ယမန်နေ့ညနေ ဇွန်လ (၅) ရက်နေ့က ဟားခါးမြို့တွင် ဗုံး ၃ လုံးပေါက်ကွဲခဲ့ပြီး CDF အဖွဲ့ဝင် (၃) ဦးသေဆုံးခဲ့ကြောင်း Chin World က ဖော်ပြထားသည်။ ဗုံးပေါက်ကွဲမှုများအား မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိရသေးပါ။ ကိုးဗစ်ကူးစက်မှုများဖြစ်ပွားနေခြင်းကြောင့် ချင်းပြည်နယ် တီးတိန် ဖလမ်း ဟားခါးနှင့် ထန်တလန်မြို့နယ်များအား Stay at Home ကြေညာလိုက်ကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် MRTV က ဇွန်လ ၄ ရက်နေ့က ကြေညာခဲ့သည်။ ကျီခါးတစ်မြို့ထဲတွင် ကိုးဗစ်ကြောင့် သေဆုံးသူ ၆ ဦးအထိရှိပြီဖြစ်သည်။ 

အာစီယံ၏လက်ရှိဥက္ကဌဖြစ်သူ ဘရူနိုင်း ဒုတိယနိုင်ငံခြားရေး၀န်ကြီး Erywan Pehin Yusof နှင့် အာဆီယံအတွင်းရေးမှူးချုပ် Lim Jock Hoi တို့သည် ဇွန်လ ၄ ရက်နေ့က နေပြည်တော်တွင် စစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့ကြောင်း Nikkei က ဖော်ပြသည်။ ဧပြီ ၂၄ ရက်နေ့က ကျင်းပသော အာဆီယံအထူးအစည်းအဝေးတွင် ဘုံသဘောတူညီမှု ၅ ချက် သဘောတူညီခဲ့သော်လည်း ယခုအချိန်အထိ အကောင်အထည်ဖော်နိုင်သေးခြင်းမရှိသေးပါ။ သြစတေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne က မြန်မာစစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့မှုပြုလုပ်ရန် အစီအစဥ်မရှိသေးကြောင်း ပိတ်ဆို့အရေးယူခြင်းသည် စစ်ကောင်စီအပေါ် ၎င်းတို့၏ အာစီယံအဖွဲ့မှတစ်ဆင့် လွှမ်းမိုးနိုင်စွမ်းကို အကန့်အသတ် ဖြစ်စေမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

Comments