ဇွန် ၆-၇၊ ၂၀၂၁ #day126 #day127
မင်းတပ်မြို့တွင် ဘုန်းကြီးတစ်ပါးအား မင်းတပ် PDF က ဖမ်းဆီးလိုက်ပီးနောက် သတ်ဖြတ်လိုက်ကြောင်း သတင်းများပြန့်နေပြီး စစ်ကောင်စီ၏ ဝါဒဖြန့် MWD ကလည်း အမည်မသိအဖွဲ့တစ်ဖွဲ့က သတ်ဖြတ်လိုက်ကြောင်း ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါဘုန်းကြီးနှင့် နီးစပ်သူတစ်ချို့က အဆိုပါသတင်းမှားယွင်းကြောင်း ဘုန်းကြီးသည် ဖမ်းဆီးခံရခြင်းမှ လွတ်မြောက်လာပီဖြစ်ကြောင်း လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားထားကြသည်။ အချို့သူများက စစ်ကောင်စီသည် ကရင်နီပြည်နယ် ဒီမောဆိုမြို့နယ် ဒေါင်းငံခါးရှိ ခရစ်ယာန်ဘုရားကျောင်း Mary Queen of Peace အား ၄င်း၏တပ်ဖွဲ့ဝင်များက ဖျက်ဆီးထားသည့် သတင်းအား ဖုံးကွယ်စေလို၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဝေဖန်နေကြသည်။ ယခင်ကလည်း စစ်ကောင်စီတပ်ဖွဲ့များသည် အစ္စလာမ်ဘာသာဝင်များအား အကြောင်းမဲ့သက်သက် သတ်ဖြတ်ခြင်းနှင့် ဗလီကျောင်းအား ဖျက်ဆီးခြင်းတို့ ပြုလုပ်ကြောင်း သတင်းများက ဖော်ပြခဲ့ဘူးသည်။
ထို့အပြင် မန္တလေးရှိ နာမည်ကျော်မစိုးရိမ်ကျောင်းတိုက်ရှိ သံဃာများအား ၎င်း၏တပ်ဖွဲ့ဝင်များက ပစ်ခတ်ခြင်း ဆဲဆိုခြင်းမရှိကြောင်း စစ်တပ်ထုတ်သတင်းစာများက ဇွန်လ (၄) ရက်နေ့တွင်ဖော်ပြခဲ့သည်။ သို့သော်အဆိုပါ သတင်းကြေညာချက်များသည် မှားယွန်းနေကြောင်း ကျောင်းတိုက်ကိုယ်တိုင်က ယနေ့ ဇွန်လ (၇) ရက်နေ့တွင် စာထုတ်ပြန်ခဲ့သည်။ စစ်သားများသည် ဇွန်လ (၁) ရက်နေ့ ညက ကားလေးစီးဖြင့် ဘုန်းကြီးကျောင်းအား ဝင်ရောက်စီးနင်းခဲ့ပြီး ဖမ်းဆီးရန်ကြိုးပမ်းခြင်းများ ဆဲဆိုခြင်းများပြုလုပ်ခဲ့သည်မှာ မှန်ကန်ကြောင်း သံဃာတစ်ပါး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ရှေ့နေအား ၎င်းနှင့်အတူနေ မိသားစုဝင် ၉ ဦးတို့သည် လက်ကျန်ငွေကြေးများနှင့် ရိက္ခာများပျက်လတ်တော့မည်ဖြစ်သဖြင့် ၎င်းတို့အတွက် ရှေ့နေများမှတစ်ဆင့် အကူအညီပေးနိုင်ရန် ပြောဆိုခဲ့ကြောင်း Irrawaddy က ဖော်ပြထားသည်။ သူမအနေဖြင့် စစ်ကောင်စီ၏ ထောက်ပံ့မှုများကို ငြင်းဆိုထားကြောင်းလည်း နေပြည်တော်တွင် ယနေ့ပြုလုပ်ခဲ့သော သူမ၏ ရုံးချိန်းမတိုင်မှီတွင် ရှေ့နေအားပြောဆိုခဲ့သည်။ လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သမ္မတဝင်းမြင့်နှင့် ဒေါက်တာမျိုးအောင်တို့အား မည်သည့်နေရာတွင်ဖမ်းဆီးထားသည်ကို သိရှိရခြင်းမရှိသေးပါ။ သူမသည် အမှု ၅ ခုဖြင့် တရားစွဲဆိုခံထားရပြီး ရက်ပေါင်း ၁၈၀ အတွင်းအပြီးသတ်စစ်ဆေးမည်ဖြစ်ကြောင်း တရားရုံးက ပြောဆိုခဲ့သည်။ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မျိုးညိုအား စစ်ကောင်စီက ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ကြောင်း Khit Thit က ဖော်ပြထားသည်။
မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်များက CDF တပ်ဖွဲ့ဝင်များအား အင်အား ၂၀၀ ကျော်ဖြင့် ယမန်နေ့က စတင်၍ တိုက်ခိုက်နေကြောင်း စစ်တပ်သည် ဓာတုလက်နက်များကိုလည်း အသုံးပြုကြောင်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင်ခန့် သေဆုံးခဲ့ပြီး ၎င်းတို့ဘက်က ၃ ဦးသေဆုံးကာ ၂၀ ခန့်ဒဏ်ရာရရှိခဲ့ကြောင်းဖော်ပြထားသည်။ ဟားခါးမြို့နယ် Surkhua ရွာအနီးတွင် စစ်ကောင်စီနှင့် CDF တို့ တိုက်ပွဲဖြစ်ပွားနေပြီး တပ်ဘက်က လက်နက်ကြီးများအသုံးပြုနေကြောင်း ရွာသားများ၏ ဥစ္စာပစ္စည်းများအား ခိုးယူသုံးစွဲနေကြောင်း ဓာတ်ပုံနှင့်ဗီဒီယိုမှတ်တမ်းများ ထွက်ပေါ်လာသည်။ ကရင်ပြည်နယ်တွင် NLD အစိုးရက ပြုလုပ်ထားသည် အာဇာနည်ဗိမာန်အား စစ်ကောင်စီတပ်များက ယမန်နေ့ည သန်းခေါင်အချိန်တွင် စက်ယန္တရားကြီးများဖြင့် ဖျက်ဆီးလိုက်သည်ကို လူမှုကွန်ယက်အသုံးပြုသူများက ကန့်ကွက်ရှုတ်ချနေကြသည်။
NUG ၏ ရိုဟင်ဂျာဆိုင်ရာမူဝါဒအား ရခိုင်လွတ်မြောက်ရေးပါတီ ALP အပါအဝင် ရခိုင်အဖွဲ့အစည်းတစ်ချို့က ကန့်ကွက်ကြောင်းစာထုတ်ပြန်ခဲ့သည်။ NUG အနေဖြင့် အကဲဆတ်လွန်းသော ရိုဟင်ဂျာကိစ္စအား ယခုအခါတွင် ရှေ့တန်းတင်ရန်မသင့်သေးကြောင်း ရခိုင်လူမျိုးများ၏ သဘောဆန္ဒကို ရှေ့တန်းတင်ရန်လိုအပ်ကြောင်း ဝေဖန်လိုက်ကြသည်။ သို့သော် လူမှုကွန်ယက်အသုံးပြုသူတစ်ချို့က ALP သည် ယခင် ၁၉၈၉ ခုနှစ်ကလည်း ရိုဟင်ဂျာဟူသည့် အမည်ကို ရခိုင်တွင်နေသည့် လူမျိုးအဖြစ် တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ကြောင်း ပြန်လည်ထောက်ပြကြသည်။ အဆိုပါ NUG ထုတ်ပြန်ချက်အား ထောက်ခံကြိုဆိုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့သည်။ တပ်မတော်နှင့် ၎င်းနှင့်ဆက်စပ်နေသောအဖွဲ့အစည်းများအား အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် NUG က ယနေ့ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အရေးယူနိုင်ရေးအတွက် နိုင်ငံတကာနှင့်ပူးပေါင်းတိုက်ဖျက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အာဏာသိမ်းခေါင်းဆောင်နှင့်နေပြည်တော်တွင်တွေ့ဆုံခဲ့သော အစည်းအဝေးတွင် ASEAN ကိုယ်စားလှယ်များက နိုင်ငံရေးအကျဥ်းသားများအားလုံးလွတ်ပေးရန်နှင့် အကြမ်းဖက်မှုများရပ်တန့်ရန်တောင်းဆိုခဲ့ကြောင်း RFA က ဖော်ပြထားသည်။ မြန်မာပြည်အရေးအတွက် ASEAN အထူးကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို ပြောဆိုဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။ တစ်ဖက်တည်းကိုသာ ဆွေးနွေးနေသော ASEAN အဖွဲ့အပေါ် အယုံအကြည်မရှိကြောင်း NUG က ထုတ်ဖော်ပြောဆိုထားသည်။



Comments
Post a Comment