ဇွန် ၈-၉၊ ၂၀၂၁ #day128 #day129
အာဏာသိမ်းပြီးနောက်တွင် CDM ပြုလုပ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ပေါင်း ၈၀၀ ဝန်းကျင်ခဲ့ရှိပြီဖြစ်ကြောင်း CDM ပြုလုပ်ထားသည့် ဗိုလ်ကြီးလင်းထက်အောင်က Myanmar Now ကို ပြောဆိုသည်။ ၎င်းထံသို့ တစ်နေ့လျင် CDM ပြုလုပ်လို၍ ဆက်သွယ်သူ စစ်သားဦးရေ ၅၀ နှင့် ၆၀ ခန့်ရှိကြောင်းသိရသည်။ အများစုမှာ ၎င်းတို့၏ မိသားစုလုံခြုံရေးကြောင့် CDM ပြုလုပ်နိုင်ခြင်းမရှိသေးကြောင်း CDM ပြုလုပ်သူအများစုမှာ ရှေ့တန်းထွက်တပ်ရင်းများထက် နောက်တွင်ကျန်ရှိသော တပ်ရင်းများက ဖြစ်ကြောင်း သိရသည်။ ထို့အပြင် CDM တွင်ပါဝင်လာသူ စစ်သားစုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းခန့်သည် NUG ၏ ပြည်သူ့ကာကွယ်ရေးတပ်တွင် ပြန်လည်ပါဝင် ကူညီပေးရန် ပြင်ဆင်နေကြကြောင်း သိရသည်။ သတင်းမီဒီယာများက တင်ပြခဲ့သော သတင်းမှတ်တမ်းများတွင်လည်း CDM စစ်သားများက ဆန္ဒပြလူငယ်များအား နယ်စပ်တွင်စစ်သင်တန်းများပေးနေကြသော အထောက်အထားများကိုတွေ့ရသည်။
ဥပဒေမဲ့ အကြမ်းဖက်မှုများကို ရှုံ့ချကြောင်း Non-CDM များအား အကြမ်းဖက်ခြင်းမပြုလုပ်ရန်နှင့် စစ်အာဏာရှင်ပြုတ်ကျပြီးမှသာ ၎င်းတို့အား တရားသော စီရင်ဆောင်ရွက်မှုပြုလုပ်မည်ဖြစ်ကြောင်း NUG က ဇွန်လ ၈ ရက်နေ့တွင် ကြေညာခဲ့သည်။ မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်တွင် ရဲ ၂ ဦးအား အမည်မသိလူတစ်ချို့က ဇွန်လ ၈ ရက်နေ့က သေနတ်ဖြင့်ပစ်သတ်ခံကြောင်း Khit Thit က ဖော်ပြထားသည်။ CDM လှုံ့ဆော်မှုများကြောင့် နာမည်ကျော်ကြားလာသော NUG ၏ ကျန်းမာရေးနှင့် ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဗုံးခွဲရန်နှင့် အဆိပ်ခပ်ရန် ညွှန်ကြားနေသည်ဆိုသော ဗွီဒီယိုဖိုင်တခုအား စစ်ကောင်စီ ထိန်းချုပ်ထားသော ရုပ်သံသတင်းများက ယမနေ့ညက ထုတ်လွှင့်ခဲ့ကြောင်း VOA က ဖော်ပြထားသည်။ အဆိုပါ ဗွီဒီယိုဖိုင်သည် လူမှုကွန်ယက် စာမျက်နှာများတွင် စတင်ပြန့်နှံ့လာခြင်းဖြစ်ပြီး Facebook က အဆိုပါအကြောင်းအရာအား ကန့်သတ်တားမြစ်လိုက်ကြောင်းလည်းသိရသည်။ NUG ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဆာဆာက အဆိုပါသတင်းသည် စစ်ကောင်စီက လုပ်ကြံဖန်တီးထားခြင်းသာဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။
တိုက်ပွဲများအလွန်ပြင်းထန်နေပြီး အရပ်သား တစ်သိန်းကျော် စစ်ဘေးရှောင်နေရသော ကရင်နီပြည်နယ်တွင် စစ်ကောင်စီက စစ်အင်အားများ ထပ်မံဖြည့်တင်း နေကြောင်း Irrawaddy က ဖော်ပြထားသည်။ ပဲခူးတိုင်း တောင်ငူဘက်မှ အင်အား ၁၀၀ ကျော် လိပ်သိုမြို့နယ်သို့ ဇွန်လ ၈ ရက်နေ့က ဝင်ရောက်လာသော ဓာတ်ပုံများလည်း လူမှုကွန်ယက်တွင် ပြန့်နှံ့နေသည်။ PDF တပ်ဖွဲ့များကို အပြီးတိုင်ချေမှုန်းခြင်းများ ပြုလုပ်တော့မည်ဖြစ်သောကြောင့် အရပ်သားများတိမ်းရှောင်ကြရန် ညွှန်ကြားထားသည့် စာတစောင်ကိုလည်း ကယားစစ်ကောင်စီက အုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့်ထံသို့ ဇွန် ၄ ရက်က ပေးပို့ထားကြောင်း သိရသည်။ ချင်းပြည်နယ်ရှိ CNF ဌာနချုပ်တည်ရှိသော ထန်တလန်မြို့နယ်သို့ ဟားခါးမြို့မှ စစ်ကား ၄ စီးအပြည့်ဖြင့် စစ်ကောင်စီတပ်ဖွဲ့များသည် ဇွန်လ ၈ ရက်နေ့က ရောက်ရှိလာကြောင်း Chin World က ဖော်ပြထားသည်။ NUG နှင့် သဘောတူစာချုပ်ရေးထိုးပြီးနောက် CNF နှင့် စစ်ကောင်စီတပ်များအကြား စစ်ရေးတင်းမာလျက်ရှိသည်။ ထန်တလန်မြို့နယ်နှင့် ဟားခါးမြို့နယ်တို့တွင်လည်း CNF ၏ ကျောထောက်နောက်ခံပြုထားသည်ဟု သတင်းများထွက်နေသော CDF များနှင့် စစ်ကောင်စီတပ်များ ပစ်ခတ်မှုများ ရှိနေသည်။
နေပြည်တော်တွင်ပြုလုပ်သော စစ်ကောင်စီအစည်းအဝေးတွင် စစ်ခေါင်းဆောင်က နိုင်ငံ၏ ဘဏ္ဍာရေးနှစ်အား အသစ်ပြန်လည်ပြင်ဆင်သတ်မှတ်မည်ဖြစ်ကြောင်း စစ်အာဏာသိမ်း ၄ လကျော်ကာလအတွင်း တိုင်းပြည်တိုးတက်ပြောင်းလဲလာကြောင်း ပြောဆိုခဲ့သည်ဟု DVB က ဖော်ပြထားသည်။ ယခင်က ဘဏ္ဍာရေးနှစ်အား မြန်မာပြက္ကဒိန်နှင့်အညီ ဧပြီ ၁ ရက် မှ မတ်လ ၃၁ ရက်နေ့အထိသတ်မှတ်ထားခြင်းအား နိုင်ငံတကာတွင်အသုံးပြုနေသော ဘဏ်စနစ်များနှင့် ကိုက်ညီစေရန် NLD အစိုးရက အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်နေ့အထိ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ ချုံကင်းမြို့တွင်ကျင်းပသော တရုတ် – အာဆီယံ နှစ် ၃၀ ပြည့် အထိမ်းအမှတ်ဆွေးနွေးပွဲသို့ စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးများအား တရုတ်နိုင်ငံခြားရေးဝန်ကြီးက အသိအမှတ်ပြုဖိတ်ကြားခဲ့မှုနှင့်ပတ်သက်၍ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ကန့်ကွက်ကြောင်း စာထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံနှင့် ASEAN တို့က NUG အား လုံလောက်သည့်ထိတွေ့ဆက်ဆံမှု မပြုသည့်အပေါ် လည်းစိုးရိမ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ရာတွင် အာဏာသိမ်းခေါင်းဆောင်အား မြန်မာနိုင်ငံခေါင်းဆောင်အဖြစ် ဖော်ပြထားသည့်အပေါ်လည်း အလေးအနက်ရှုတ်ချကြောင်း ဇွန်လ ၇ ရက်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီအား အသိအမှတ်မပြုကြောင်းနှင့် မြန်မာပြည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ်နေခြင်းအား ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ဇွန်လ ၈ ရက်က ကျင်းပခဲ့သော ဂျပန်အောက်လွှတ်တော်မျက်နှာစုံညီအစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက အတည်ပြုဆုံးဖြတ်ခဲ့ကြောင်း DVB က ဖော်ပြထားသည်။
Comments
Post a Comment