ဇွန် ၁၀-၁၁၊ ၂၀၂၁
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲဒေသတွင် စစ်ဘေးရှောင်ပြည်သူများအတွက် လှူဒါန်းထားသော ရိက္ခာနှင့် ဆေးဝါးများအား စစ်ကောင်စီတပ်ဖွဲ့များက ဖျက်ဆီး၍ မီးရှို့ထားသည့် ဓာတ်ပုံများ ဇွန်လ ၁၀ ရက်နေ့က ပြန့်နှံ့လာသည်။ အဆိုပါလုပ်ရပ်အပေါ် ပြည်သူများသာမက ဘာသာရေးခေါင်းဆောင်များကလည်း ဝေဖန်နေကြပြီး စစ်ဘေးရှောင်ပြည်သူများအား ကာကွယ်ပေးကြရန် တောင်းဆိုထားကြသည်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံရသူ NLD ခေါင်းဆောင်လေးဦးအား စစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် ထပ်မံအမှုဖွင့်လိုက်သည်။ သူမသည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ထံမှ တံစိုးလက်ဆောင်အဖြစ် အမေရိကန် ဒေါ်လာ ၆၀၀၀၀၀ နှင့် ရွှေများ လက်ခံရယူခဲ့ကြောင်း စွပ်စွဲထားခြင်းဖြစ်သည်။ ထို့အပြင် သူမ ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသော ရန်ကုန်မြို့ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးခန်းနှင့် နေပြည်တော်ရှိ လရောင်တော စိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်းစီမံကိန်း မြေနေရာအတွက် ထိုက်သင့်သောတန်ဖိုးမပေးဘဲ ဌားရမ်းစေခြင်းနှင့် ဝယ်ယူစေခြင်းတို့ကို လုပ်ဆောင်ထားကြောင်း စစ်ကောင်စီ၏ အဂတိကော်မရှင်က ထုတ်ပြန်ထားသည်။
ဆန္ဒပြမှုများတွင် ပါဝင်သောကြောင့် ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခံထားရသည့် အနုပညာရှင်တချို့အား စစ်ကောင်စီက ခံဝန်လက်မှတ်များထိုးစေ၍ ပြန်လွှတ်ပေးခြင်း နှင့် ငွေကြေးကောက်ခံ၍ ဝရမ်းစာရင်းမှ ပယ်ဖျက်ပေးခြင်းများ ဆောင်ရွက်ပေးနေကြောင်း Irrawaddy က ဖော်ပြထားသည်။ ၎င်းတို့အနေဖြင့် CRPH တို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတို့ရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့်ပါဝင်မိကြောင်း ခံဝန်ရေးထိုးရခြင်းဖြစ်သည်။ ၅၅ ဦးခန့်သည့် ခံဝန်ရေးထိုးပြီး ဝရမ်းစာရင်းမှပယ်ဖျက်ထားပြီး ဖြစ်ကြောင်းလည်း သိရသည်။ အချို့အနုပညာရှင်များသည် ဝရမ်းစာရင်းမှ ပယ်ဖျက်ရန်အတွက် သိန်း ၂၀၀ ခန့်ပေးခဲ့ရကြောင်း သတင်းများလည်း ထွက်နေသည်။ အာဏာသိမ်းပြီးနောက် အနုပညာရှင် ၁၅၀ ခန့် ဖမ်းဝရမ်းထုတ်ခံထားရကြောင်းလည်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်အနီးစခန်းတွင် ဇွန်လ ၁၀ ရက် မနက် ၈ နာရီခန့်တွင် စစ်လေယာဉ်တစ်စီးပျက်ကျခဲ့သောကြောင့် ၁၂ ယောက် သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Khit Thit ကဖော်ပြထားသည်။ အဆိုပါသေဆုံးသူများတွင် နာမည်ကျော်ဘုန်းကြီးတစ်ပါးအပါအဝင် စစ်သား ၆ ဦးပါရှိခဲ့သည်။ စစ်တပ်က သေဆုံးသူများစာရင်းအား အပြည့်အစုံမထုတ်ပြန်သောကြောင့် ထိပ်တန်းစစ်ဗိုလ်ချုပ် အနည်းဆုံး (၁) ဦးပါဝင်နိုင်ကြောင်း ကောလဟာသသတင်းများပြန့်နှံ့ခဲ့သည်။ သတင်းထွက်နေသော စစ်တပ်ဒုတိယခေါင်းဆောင်နှင့် စစ်ကောင်စီအတွင်းရေးမှူးတို့ ပုံမှန်အလုပ်လုပ်နေကြောင်း စစ်တပ်ထိန်းချုပ်ထားသော မီဒီယာများက ယမန်နေ့ညတွင် ထုတ်လွှင့်ခဲ့သည်။
စစ်ကောင်စီခန့်ထားသော ပြည်ထဲရေးဝန်ကြီး၏ ဇနီးက ဝန်ကြီးဌာနအတွင်းရှိ အခြားသော အမျိုးသမီးများအား နေပြည်တော်တွင် အကြမ်းဖက်မှုများ ဖြစ်လာနိုင်ကြောင်း သတိပေးထားသည့် အသံဖိုင်တစ်ချို့ ဆိုရှယ်မီဒီယာတွင် ပြန့်နှံ့လာသည်။ ထို့အပြင် NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးကိုလည်း အကြမ်းဖက်မှုများအား ဦးဆောင်နေကြောင်း စွပ်စွဲထားသည်။ အဆိုပါအသံဖိုင်များသည် ပြည်သူများအကြားလှောင်ပြောင်စရာဖြစ်နေပြီး စစ်ကောင်စီ မိသားစုများသည် PDF နှင့် ဆန္ဒပြသူများအား အလွန်ပင်ကြောက်လန့်နေသည်မှာ သေချာကြောင်း မှတ်ချက်ပြုရေးသားနေကြသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဆိပ်ကမ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးနေမျိုးအောင်သည် ဇွန်လ ၁၀ ရက် ညနေ ၃ နာရီခန့်က ဗိုလ်တထောင်ဘုရားဈေးအနားတွင် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း DVB က ဖော်ပြထားသည်။ ၎င်းသည် တရားမဝင်စီးပွားရေးလုပ်ငန်းများတွင် ပါဝင်နေပြီး ဆန္ဒပြသူများအား စစ်တပ်ထံ တိုင်တန်းသူအဖြစ် ကျော်ကြားသတင်းရှိသူဖြစ်ကြောင်း လူမှုကွန်ယက်တွင် ပြောဆိုနေကြသည်။ အာဏာသိမ်းပြီးနောက် လုပ်ကြံသတ်ဖြတ်ခံရသော ၎င်းတို့၏ပါတီဝင် ၇၀ ဦးခန့်ရှိပြီဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူက Irrawaddy သို့ ပြောဆိုခဲ့သည်။
Comments
Post a Comment