၃၀ ဇွန်၊ ၁ ဇူလိုင် ၂၀၂၁

အနုပညာရှင် ၂၄ ဦးအပေါ် တရားစွဲထားမှုများအား ၂၉ ရက်နေ့ ဇွန်လ စစ်ကောင်စီက အမှုပြန်လည်ရုပ်သိမ်းပြီးနောက် နောက်တစ်ရက် ဇွန်လ ၃၀ ရက်နေ့တွင် အာဏာသိမ်းပီးနောက်ပိုင်း စစ်ကောင်စီက ဖမ်းဆီးထားသူ (၂၃၄၂) ဦးအား ပြန်လွှတ်ပေးခဲ့သည်။ လွှတ်မြောက်လာသူများထဲ ဂျာနယ်လစ် ၇ ဦးအပါအဝင် ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခံရသူ ကျောင်းသားလူငယ်အများအပြား ပါဝင်ခဲ့သည်။ မိုးကုတ်မြို့ရှိ သပိတ်ခေါင်းဆောင် ဖခင်ဖြစ်သူအား ဖမ်းဆီးရမိခြင်းမရှိသောကြောင့် ဓါးစာခံအဖြစ်အဖမ်းခံခဲ့ရသော ၅ နှစ်အရွယ်ကလေးငယ်တစ်ဦးလည်း ပြန်လည်လွတ်မြောက်လာခဲ့သည်။ လွတ်မြောက်လာသူအများအပြားသည် ရက်ပေါင်း ၁၂၀ ကျော် ထောင်ထဲတွင်နေခဲ့ရခြင်းဖြစ်သည်။ သို့သော် CDM ပြုလုပ်သော ဝန်ထမ်းများနှင့် NLD ပါတီဝင်များကို လွှတ်ပေးခြင်းမပြုရန် စစ်ကောင်စီက အကျဥ်းထောင်များသို့ ညွှန်ကြားခဲ့ကြောင်း အွန်လိုင်းတွင် ပေါက်ကြားလာသော စာတစ်စောင်အရ သိရှိရသည်။ 

နိုင်ငံရေးအကျဥ်းသားစာရင်းပြုစုမှု ပြုလုပ်နေသော AAPP ကမူ စစ်ကောင်စီသည် အပြုသဘောဆောင်သော အပြောင်းအလဲကိုဆောင်ရွက်ခြင်းမဟုတ်ဘဲ စက်တင်ဘာလတွင် ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် နိုင်ငံတကာ၏အသိအမှတ်ပြုရရှိစေရန် ကြိုးပမ်းသည့်လုပ်ရပ်ဖြစ်ကြောင်း အပြစ်မဲ့ပြည်သူများသည် အကြမ်းဖက်မှုများကို ဆက်လက်ခံစားနေရကြောင်း ဖော်ပြထားသည်။ အွန်လိုင်းအသုံးပြုသူများကလည်း စစ်ကောင်စီအား ယခုလုပ်ရပ်အတွက် ကျေးဇူးတင်ရန်မလိုအပ်ကြောင်း ပြန်လည်လွတ်မြောက်လာသူများ၏ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများအား ပြန်လည်ကုစားနိုင်ရေး ကြိုးပမ်းရန်လိုကြောင်း လှုံ့ဆော်မှုများပြုလုပ်နေကြသည်။ အကျဥ်းထောင်များတွင် ဖမ်းဆီးခံရသူ ၃၀၀၀ ခန့်ကျန်ရှိနေသေးပြီး စစ်ခေါင်းဆောင်၏ မွေးနေ့ဖြစ်သော ဇူလိုင်လ ၃ ရက်နေ့တွင် ဖမ်းဆီးခံရသူများ ထပ်မံလွတ်မြောက်နိုင်ချေရှိဟူ၍ သတင်းများလည်းထွက်ပေါ်နေကြောင်း Burma Associated Press က ဖော်ပြထားသည်။

ရန်ကုန်မြို့အခြေစိုက် မြေအောက်အဖွဲ့အစည်း ၁၁ ဖွဲ့က စစ်ကောင်စီဖြုတ်ချရေးအတွက် ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ (Yangon Urban Guerrillas- YUG) အဖြစ် ပေါင်းစည်းလိုက်ကြောင်း ဇွန်လ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ၎င်းတို့အနေဖြင့် NUG ၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူလူထု ထိခိုက်မှုမရှိစေခဲ့ တော်လှန်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ အွန်လိုင်းအသုံးပြုသူအများအပြားက ရန်ကုန်အခြေစိုက်အဖွဲ့များသည် လျို့လျို့ဝှက်ဝှက်ဖြင့် စစ်ကောင်စီအား အထိနာအောင် ပြုလုပ်နိုင်ကြောင်း ချီးမွှန်းပြောဆိုနေကြသည်။ 

ဧပြီလမှ စတင်ခဲ့သော စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ကနီမြို့နယ်) နှင့် စစ်ကောင်စီတပ်အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲ ၃၀ ခန့်အတွင်း ၎င်းတို့ဘက်က ရဲဘော် ၂၇ ဦး ကျဆုံးခဲ့ကြောင်း ကနီ PDF က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။ ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် အသစ်ဖွဲ့စည်းထားသော CNDF နှင့် စစ်ကောင်စီတပ်တို့ ဇွန်လ ၂၉ ရက်နေ့က နှစ်နာရီကြ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၂၀ ဦးသေဆုံးခဲ့ပြီး ၎င်းတို့ဘက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း CNDF က ဇွန်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြင့် စုဖွဲ့ထားသည့် PPST ၏ ယာယီခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်ရန် RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်က စာပေးပို့ထားကြောင်း CNI News က ဖော်ပြထားသည်။ အဖွဲ့ခေါင်းဆောင်အဖြစ်မှ KNU က ရပ်နားပြီးနောက် RCSS က PPST ၏ ခေါင်းဆောင်အဖြစ် (၂) နှစ်တာ တာဝန်ယူထားခြင်းဖြစ်သည်။

စစ်ကောင်စီ၏ သြဇာခံ သြစတေးလျနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သြစတေးလျနှင့် နယူးဇီလန်နိုင်ငံရှိ ပညာတော်သင်ဆုရရှိထားသော မြန်မာကျောင်းသားများထံသို့ CDM လှုပ်ရှားမှုတွင် ပါဝင်ခြင်း ထောက်ပံ့ခြင်းမရှိကြောင်း ခံဝန်ရေးထိုးရန် စာပို့၍ ဖိအားပေးခဲ့ကြောင်း ABC News က ဇွန်လ ၂၉ ရက်နေ့က ဖော်ပြထားသည်။ အဆိုပါလုပ်ရပ်သည် သြစတေးလျနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လူ့အခွင့်အရေးစံနှုန်းများအား ချိုးဖောက်ခြင်းဖြစ်သောကြောင့် ကန့်ကွက်ကြောင်း သြစတေးလျအစိုးရတာဝန်ရှိသူများက သံရုံးတာဝန်ရှိသူအား ခေါ်ယူသတိပေးရန် နိုင်ငံရေးသမားများက တိုက်တွန်းနေကြသည်။ အမေရိကန်ပြည်ထောင်စုနှင့် ဆွစ်ဇာလန်နိုင်ငံရှိ မြန်မာသံအရာရှိ ၁၁ ဦးသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရန်အတွက် တပ်ဦးဖွဲ့ရန် ပြင်ဆင်နေကြောင်း Myanmar Now က ဖော်ပြထားသည်။ နိုင်ငံပေါင်း (၇) နိုင်ငံတွင် CDM ပြုလုပ်သော မြန်မာသံအရာရှိမှာ ၂၀ ဦးရှိပြီဖြစ်ကြောင်းလည်း သိရသည်။
 

Comments

Popular Posts