၈-၉ ဇူလိုင်၊ ၂၀၂၁

 

စစ်ကောင်စီသည် ရုရှားထုတ် Sputnik V ကိုဗစ်ကာကွယ်ဆေး ၇ သန်းနှင့် တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး ၅ သန်း ဝယ်ယူထားကြောင်း စစ်ကောင်စီ၏ ဇူလိုင်လ ၉ ရက်နေ့အစည်းအဝေးတွင် ထုတ်ပြန်ခဲ့သည်။ ကမ္ဘာ့ကျန်းမားရေးအဖွဲ့၏ အသိအမှတ်ပြုမှုလိုင်စင်မရရှိထားသော Sputnik V နှင့် ကမ္ဘာ့နိုင်ငံအများစုက အသိအမှတ်ပြုရန် ငြင်းဆန်ထားသော တရုတ်ကာကွယ်ရေးများကို အသုံးပြုရန် ပြင်ဆင်ခြင်းကြောင့် အွန်လိုင်းတွင် ပြည်သူများက ဝေဖန်နေကြပါသည်။ NLD အစိုးရလက်ထက်က ကမ္ဘာ့အသိအမှတ်ပြုဖြစ်သည့် အိန္ဒိယထုတ် AstraZeneca ကို ၁ ဒသမ ၅ သန်း ဝယ်ယူခဲ့ပြီး ပြည်သူများအား ထိုးနှံပေးခြင်းဖြစ်ကြောင်း Khit Thit က ဖော်ပြထားသည်။ 

ပြင်းထန်လာသော ကိုဗစ်တတိယလှိုင်းကြောင့် နိုင်ငံအဝှမ်းရှိ ကျောင်းများအား ယမန်နေ့မှစ၍ (၂) ပတ်တာ ပိတ်ထားမည်ဖြစ်ကြောင်း စစ်ကောင်စီ ထိန်းချုပ်ထားသော ကျန်းမာရေး၀န်ကြီးဌာနက ကြေညာခဲ့သည်။ ကင်ဆာဝေဒနာခံစားနေရသော NLD အစိုးရ၏ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် ထောင်ဆေးရုံတွင် ဆေးကုသခွင့်မရရှိသည့် အတွက် ကျန်းမာရေးဆိုးဝါးနေကြောင်း Irrawaddy က ဖော်ပြထားသည်။ ၎င်းသည် အဂတိလိုက်စားမှုအပြင် ပုဒ်မများစွာဖြင့် စစ်ဆေးခြင်းခံနေရသည်။ 

NCA စာချုပ်လက်မှတ်ရေးထိုးထားသော PPST အဖွဲ့တွင် ယာယီဥက္ကဌတာဝန်ယူထားသော ဗိုလ်ချုပ်ကြီးယွတ်စစ်သည် တာဝန်မှအနားယူခဲ့သည်။ ၎င်းအနေဖြင့် ရှမ်းပြည်နယ်တွင်းတွင်ဖြစ်ပွားနေသော ပဋိပက္ခများကို ပိုမိုအာရုံစိုက်လို၍ နှုတ်ထွက်စာတင်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ PPST အား မွန်ပြည်သစ်ပါတီ ဒုဥက္ကဌအပါအဝင် အဖွဲ့ဝင် (၃) ဦးဖြင့် ဦးဆောင်သွားမည်ဖြစ်ကြောင်း PPST က ထုတ်ပြန်ခဲ့သည်။

ရန်ကုန်အခြေစိုက် ပျောက်ကြေားအဖွဲ့၏ သတိပေးထုတ်ပြန်ချက် ထုတ်ပြန်ပီးနောက် ဇူလိုင် ၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ လျှပ်စစ်ရုံး EPC သုံးခုတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း Myanmar Now က ဖော်ပြထားသည်။ ထို့အပြင် စစ်ကောင်စီအဖွဲ့ဝင်ဖြစ်သော ဒေါ်သက်သက်ခိုင်၏ ရန်ကုန်မြို့ရှိ ရွှေနန်းတော်ရွှေဆိုင်သည်လည်း ဗုံးခွဲတိုက်ခိုက်မှုကို ခံခဲ့ရသည်။ မြန်မာပြည်တောင်ပိုင်း တနင်္သာရီတိုင်း ထားဝယ်မြို့နယ်တွင် ပျူစောထီးများ၏ သတင်းပေးမှုကြောင့် စစ်ကောင်စီတပ်များနှင့် ဒေသခံ PDF တပ်တို့ ဇူလိုင်လ ၇ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း DVB က ဖော်ပြထားသည်။

ချင်းပြည်နယ်အခြေစိုက် Chinland Defence Force က ကလေး-ကဘော်-ဂန့်ဂေါဒေသအတွင်းရှိ တပ်ဖွဲ့ဝင်များပါဝင်သော Chinland Defense Force—Kalay Kabaw Gangaw (CDF-KKG) ကို ဖွဲ့စည်းလိုက်ကြောင်း ဇူလိုင်လ ၉ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ၎င်းတို့သည် ချင်းအမျိုးသားတပ်ဦး (CNF) ၏ လမ်းညွှန်မှုကို ခံယူမည်ဖြစ်ကြောင်း NUG လက်အောက်ရှိ PDF များနှင့် ပူးတွဲခုခံကာကွယ်တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ 

CNN ၏ မြန်မာပြည်အနောက်ပိုင်းရှိ ချင်းပြည်နယ်နယ်စပ်တွင်အခြေစိုက်သော CNF ဌာနချုပ်တွင်ပြုလုပ်ခဲ့သော သတင်းမှတ်တမ်းအရ လူငယ်များသည် ၄၅ ရက်ကြာ စစ်သင်တန်းကို တက်ရောက်ကြကြောင်း ၎င်းတို့ CNF တစ်ခုတည်းအနေဖြင့် လူ ၃၀၀၀ ခန့်အား သင်တန်းပေးပြီးပီဖြစ်ကြောင်း မြန်မာပြည်အနှံ့တွင် ၁၅,၀၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း CNF ခေါင်းဆောင်တစ်ဦးက ပြောဆိုခဲ့သည်။ သို့သော် သင်တန်းဆင်းသူများအတွက် လက်နက်တပ်ဆင်ပေးရန်မှာ အခက်ခဲဆုံးသော ပြဿနာဖြစ်နေကြောင်း သတင်းမီဒီယာများက ဖော်ပြကြသည်။ 

ဇူလိုင်လ ၉ ရက်နေ့တွင် စစ်ကိုင်းတိုင်း ရွှေကူမြို့နယ် မြို့လှရွာအနီးတွင် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့သဖြင် စစ်ကောင်စီဘက်က ၄၀ ဦး ထက်မနည်း ထိခိုက်သေဆုံးကြောင်း KNG က ဖော်ပြထားသည်။ လေကြောင်းမှတန်ပြန်တိုက်ခိုက်မှုကြောင့် ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၆ ဦးခန့်သေဆုံးပြီး ၁၁ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း KIA နှင့် နီးစပ်သော အွန်လိုင်းစာမျက်နှာများက ဖော်ပြထားသည်။

တယ်လီနောမြန်မာကုမ္ပဏီအား လက်ဘနွန် ဝန်ကြီးချုပ်ဟောင်း ဘီလျံနာသူဌေးပိုင် M1 Group ထံသို့ အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချလိုက်ကြောင်း Telenor Group က ဇူလိုင်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီနှင့် ဆက်စပ်နေသော ၎င်း၏လုပ်ငန်းများကြောင့် M1 Group အား Burma Campaign for UK က နာမည်ပျက်စာရင်းတွင် ထည့်သွင်းထားသည်။

Comments