၁၀-၁၁ ဇူလိုင်၊ ၂၀၂၁

 

အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးယန္တယားတစ်ခုလုံးယိုယွင်းပျက်စီးသွားပီး ကျန်းမာရေးကဏ္ဏတစ်ခုလုံး ပြိုကျသွားသော မြန်မာနိုင်ငံတွင် ပြည်သူများသည် Covid-19 တတိယလှိုင်း၏ ဒဏ်အား အပြင်းအထန်ခံစားနေရပြီဖြစ်သည်။ စစ်တပ်ထိန်းချုပ်ထားသော ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ Covid ပိုး စစ်ဆေးသူ ၁၅,၀၀၀ ခန့်အနက် ပိုးတွေ့သူ ၄၃၇၇ ဦးရှိကြောင်း ထုတ်ပြန်ထားသော်လည်းဘဲ လက်တွေ့မြေပြင်တွင် ရောဂါကူးစပ်ခံရသူနှင့် သေဆုံးသူအလွန်ပင် များပြားနေပြီဖြစ်ကြောင်း အွန်လိုင်းအသုံးပြုသူများက ရေးသားကြသည်။ ထို့အပြင် တစ်နိုင်ငံလုံးတွင် အောက်စီဂျင်ပြတ်လပ်မှုကိုလည်း ကြုံတွေ့နေရပြီး အထူးသဖြင့် လူဦးရေ ၇ သန်းရှိသော ရန်ကုန်မြို့တွင် အောက်စီဂျင်ဖြည့်နိုင်ရန်အတွက် လူအများက နာရီပေါင်းများစွာ စောင့်ဆိုင်းနေရကြောင်း လူမှုကွန်ယက်တွင်ရေးသားနေကြပါသည်။ 

စစ်ကောင်စီတပ်ဖွဲ့များက အောက်စီဂျင်ထုတ်လုပ်ရေးလုပ်ငန်းများအား ပြည်သူ့ဆေးရုံကြီးများနှင့် Covid စင်တာများအား ဦးစားပေး၍ ဖြည့်တင်းပေးရင် အမိန့်ပေးထားသဖြင့် အဆိုပါလုပ်ငန်းများသည် သာမန်ပြည်သူများအား ဖြည့်တင်းပေးနိုင်ခြင်းမရှိတော့ဘဲ လုပ်ငန်းများရပ်တန့်သွားပီဖြစ်ကြောင်း Khit Thit က ဖော်ပြထားသည်။ သို့သော် ပြည်သူ့ဆေးရုံကြီးများသည် နေရာမဆန့်သောကြောင့် Covid လူနာများအား လက်ခံခြင်းမရှိတော့ကြောင်းလည်း သိရသည်။ 

ကိုဗစ်ရောဂါကုသရေးအတွက် ပြစ်မှုကင်းရှင်းသူ ပုဂ္ဂလိကဆရာဝန်များအား ကန်ထရိုက်စနစ်ဖြင့် အလုပ်ခန့်ရန်ခေါ်ယူရန် စစ်ကောင်စီက ပြင်ဆင်နေကြောင်း ပေါက်ကြားလာသော ရုံးစာကို ကိုးကား၍ Khit Thit က ဖော်ပြထားသည်။ ထို့အပြင် Covid စင်တာများတွင် စေတနာ့ဝန်ထမ်းများအား တစ်လလျှင် တစ်သိန်းပေး၍ ခေါ်ယူမည်ဖြစ်ကြောင်း သတင်းများလည်း ထွက်ပေါ်နေပါသည်။ သို့သော် CDM ပြုလုပ်သော ဆရာဝန်များအား စစ်ကောင်စီတပ်များက လိုက်လံဖမ်းဆီးမှုများနှင့် ဆေးကုသခွင့် ပိတ်ပင်မှုများ ပြုလုပ်နေသောကြောင့် Covid လူနာအများအပြားသည် ဆေးကုသခံရခြင်းမရှိဘဲ နေအိမ်များတွင် သေဆုံးရခြင်းဖြစ်ကြောင်း အွန်လိုင်းအသုံးပြုသူများက ဝေဖန်နေကြသည်။

Covid ကူးစပ်မှုဒဏ်အပြင်းအထန်ခံစားနေရပြီး လူ ၅၀၀ ခန့်သေဆုံးခဲ့ပြီဖြစ်သော ကလေးမြို့တွင်လည်း အောက်စီဂျင်များ ပြတ်လပ်နေကြောင်း Chin World က ဖော်ပြထားသည်။ ထို့အပြင် ဇူလိုင်လ ၁၁ ရက်နေ့ မနက်ပိုင်းက ကလေး -ဂန်ဂေါလမ်းတွင် စစ်ကောင်စီတပ်များနှင့် PDF တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် အောက်ဆီဂျင်ဘူးသယ်သော ကားများ ပိတ်မိနေကြောင်း Zalen Media က ဖော်ပြထားသည်။

CDM ဝန်ထမ်းများ ပုဒ်မ ၅၀၅(က) ဖြင့် ဖမ်းဝရမ်းထုတ်ထားသူများနှင့် လက်ထပ်ခြင်းမပြုရန် စစ်ကောင်စီ၏ စစ်ရေးချုပ်ရုံး၏ ၎င်း၏ စစ်တပ်အရာရှိများအား ညွှန်ကြားထားကြောင့် Ayeyarwaddy Times က ဖော်ပြထားသည်။ မန္တလေးမြို့တွင် လျှပ်စစ်မီတာခ လိုက်လံကောက်ယူသော ဝန်ထမ်းနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးသွားကြောင်း Myanmar Now က ဖော်ပြထားသည်။ အာဏာသိမ်းဆန့်ကျင်သောသူများက ပြည်သူများထံမှ မီတာခကောက်ယူခြင်းမပြုရန် လျှပ်စစ်ဝန်ထမ်းများအား သတိပေးထားသည်။

Katha People Defense Force ၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်နှင့် PDF နှင့် KIA ပူးပေါင်းတပ်တို့ ၄ ရက်အတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ ဗျူဟာမှူးတစ်ဦးအပါအဝင် ၁၈၀ ခန့်သေဆုံးခဲ့ကြောင်း သိရသည်။ ၎င်းတို့အား KIA တပ်မဟာ (၈) လက်အောက်ရှိ တပ်ရင်း (၅) က ဦးဆောင်နေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ဧရာဝတီတိုင်းတွင် PDF များ၏ ရန်မှကာကွယ်ရန်ဟုဆိုကာ စစ်ကောင်စီက မြို့နယ်အလိုက် ပြည်သူ့စစ်တပ်ဖွဲ့များကို ဖွဲ့စည်းနေကြောင်း ဒေသခံများက DVB ကို ပြောဆိုသည်။ အဆိုပါအဖွဲ့များသို့ ပြည်သူများက ဝင်ရောက်လိုခြင်းမရှိသောကြောင့် ရွာတစ်ရွာလျင် အနည်းဆုံး အယောက် ၂၀ ဝင်ရမည်ဖြစ်ကြောင်း စစ်ကောင်စီက ဖိအားပေးနေကြောင်း သိရသည်။

ကရင်ပြည်နယ် ဝေါလေမြို့ ကနဲလေးကျေးရွာအနီးတွင် လူ ၂၅ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်းနှင့် ပတ်သက်၍ KNU ၏ တပ်ဖွဲ့ဖြစ်သော KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောနယ်ဒါးမြနဲ့ ဗိုလ်ကြီးစောဘာဝါး တို့အား တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း အရေးပေါ်ဗဟိုကော်မီတီအစည်းအဝေးခေါ်ယူပြီးနောက် KNU က ဇူလိုင်လ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ အစည်းအဝေးဆုံးဖြတ်ချက်အား လက်မခံနိုင်ကြောင်း ဇူလိုင် ၁၁ ရက်နေ့တွင် အွန်လိုင်းမှတစ်ဆင့် ပြောဆိုခဲ့သည်။ KNU တပ်မဟာ (၅) နယ်မြေတွင် သုံးရက်အတွင်း တိုက်ပွဲ ၅ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ၁၀ ဦး သေဆုံးခဲ့ကြောင်း Burma VJ က ဖော်ပြထားသည်။

Comments

Popular Posts