၁၄-၁၅ ဇူလိုင်၊၂၀၂၁
ဇူလိုင်လ ၁၅ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား အာဏာသိမ်းခေါင်းဆောင်က သွားရောက်တွေ့ဆုံခဲ့သည်ဆိုသည့် သတင်းသည် ပြည်သူများအကြားတွင် စိတ်ဝင်စားမှုမြင့်တက်ခဲ့ပြီး အဆိုပါသတင်းအပေါ် အမျိုးမျိုးတုံ့ပြန်ကြသည်။ ၎င်းတို့အား စစ်တပ်နှင့်နီးစပ်သော အဆင့်မြင့်အရာရှိတစ်ဦးက ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း Myanmar Pressphoto Agency က ဖော်ပြထားသည်။ အချို့သူများက ၎င်းတို့အပေါ်ကျရောက်နေသော နိုင်ငံရေးဖိအားများလျော့ကျစေရေးအတွက် စစ်ကောင်စီ လုပ်လေ့ရှိသော နိုင်ငံရေးစတန့်ဖြစ်သဖြင့် နိုင်ငံရေးပြောင်းလဲမှုမရှိနိုင်ကြောင်း ဝေဖန်ကြပြီး အချို့ကမူ ဒေါ်အောင်ဆန်းစုအနေဖြင့် စစ်ကောင်စီနှင့် အပေးအယူလုပ်မည်ကို စိုးရိမ်ကြောင်း တော်လှန်ရေးအပေါ်လူများ အာရုံစိုက်မှုလျော့နည်းသွားနိုင်ကြောင်း ပြောဆိုကြသည်။
ကိုဗစ်ကူးစပ်ရောဂါများပြားလာသောကြောင့် ရုံးများအား ဇူလိုင် ၁၇ ရက်နေ့မှ ဇူလိုင် လ ၂၅ရက်နေ့အထိ ၉ ရက်တာပိတ်ထားရန် စစ်ကောင်စီက အမိန့်ထုတ်ပြန်ခဲ့ကြောင်း Khit Thit က ဖော်ပြထားသည်။ NLD အစိုးရလက်ထက်က ကိုဗစ်တုံ့ပြန်ရေးအစီအစဥ်များအတွက် နိုင်ငံတကာက လှူဒါန်းထားသော အမေရိကန်ဒေါ်လာသန်း ၃၅၀ အား စစ်ကောင်စီက ၎င်းတို့အကျိုးအတွက်အသုံးမပြုဘဲ ပြည်သူများအတွက် အကျိုးရှိစွာအသုံးပြရန်လိုအပ်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် Tom Andrews က တိုက်တွန်းလိုက်သည်။ ထို့အပြင် နိုင်ငံတကာအနေဖြင့် ကူးစပ်ရောဂါဆိုးဆိုးရွားရွား ခံစားနေရသော မြန်မာပြည်အား ချက်ချင်းဝင်ရောက်ကူညီရန်လိုအပ်နေပြီဖြစ်ကြောင်းလည်း ၎င်းက သတိပေးခဲ့သည်။
ဇူလိုင် ၁၄ ရက်နေ့တွင် မန္တလေးမြို့ အမရပူရမြို့နယ်အတွင်းရှိ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အမျိုးသမီးတစ်ဦးသည် နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်ဝေနေစဥ် သေနတ်ဖြင့် ပစ်ခတ်၍ လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း Mizzima က ဖော်ပြထားသည်။ ထို့အတူ ဇူလိုင်လ ၁၄ ရက်နေ့က ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ် ၅၃ ရပ်ကွက်တွင် အမျိုးသားရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူတစ်ဦး ၎င်း၏ နေအိမ်အနီးတွင် လုပ်ကြံသတ်ဖြတ်ခံရကြောင်း မျက်မြင်သက်သေနှစ်ဦးက Myanmar Now ကို ပြောဆိုခဲ့သည်။
ဇူလိုင် ၁၅ မနက် ၁၁ နာရီဝန်းကျင်တွင် ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်ရှိ စစ်အစိုးရထိန်းချုပ်ထားသော ကမ္ဘာ့ရတနာဘဏ်အား လူ ၃ ဦးက သေနတ်ပစ်ဖောက်၍ ဓားပြတိုက်သွားကြောင်း သိန်း ၁၀၀ ဝန်းကျင်ခန့် ယူဆောင်သွားကြောင်း အနီးပတ်ဝန်းကျင်တွင်ရှိသူများက Khit Thit ကို ပြောဆိုခဲ့သည်။ ဇူလိုင်လ အကုန်တွင် NUG ပြုလုပ်နေသော စစ်သင်တန်းမှ PDF အဖွဲ့ဝင် ၈၀၀၀ ခန့် သင်တန်းဆင်းမည်ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးက RFA ကို ပြောဆိုခဲ့သည်။ အဆိုပါသင်တန်းများတွင် CDM ပြုလုပ်နေသော စစ်သားနဲ့ ရဲဝန်ထမ်းများလည်း ပါဝင်ကြောင်းလည်း သိရသည်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အနီးတွင် စစ်ကောင်စီတပ်များနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ ဇူလိုင် ၁၅ မနက်ပိုင်းမှစတင်၍ တိုက်ပွဲများ အပြင်းအထန် ပြန်လည်ဖြစ်ပွားနေကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောဆိုခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို စိုးရိမ်သဖြင့် ဒေသခံအချို့ နေရပ်စွန့်ခွာတိမ်းရှောင်နေကြေကြောင်းလည်း သိရသည်။
အာဏာသိမ်းပြီးနောက် နိုင်ငံတကာထောက်ခံမှုရရှိလာစေရေးအတွက် စစ်ကောင်စီက အမေရိကန်ဒေါ်လာ ၂ သန်းဖြင့် ငှားရမ်းထားသည့် အစ္စရေးထောက်လှမ်းရေးဟောင်း Air Ben-Menashe ၏ လုပ်ငန်းက ၎င်းတို့အနေဖြင့် စစ်ကောင်စီထံမှ ငွေကြေးများရရှိခြင်းမရှိသဖြင့် ၎င်းတို့၏ လော်ဘီလုပ်ငန်းများအား ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း Reuters ကို ပြောဆိုခဲ့သည်။
Comments
Post a Comment