၁၆-၁၇ ဇူလိုင်၊ ၂၀၂၁

 

နိုင်ငံရေးအကျဥ်းသားများစွာဖမ်းဆီးခံထားရေသော နာမည်ဆိုးဖြင့်ကျော်ကြားသည့် အင်းစိန်ထောင်အပါအဝင် အကျဥ်းထောင်များစွာတွင် ကိုးဗစ်ကူးစက်မှုများ ဖြစ်ပေါ်နေကြောင်း ဖော်ပြကြသည်။ လွန်ခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့တွင် ဖမ်းဆီးခံထားရသော NLD ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းသည် ကိုဗစ်ကူးစက်မှုကြောင့် ICU တွင် ကုသမှုခံယူနေရကြောင်း ၎င်းနှင့်အတူနေထိုင်သူ ဦးနိုင်ငံလင်းလည်း ကူးစက်ခံထားရကြောင်း VOA က ဖော်ပြထားသည်။ ထို့အပြင် ရေကြည်အိုင် စစ်ကြောရေးတွင် သီးသန့်ချုပ်နှောင်ထားခံရသော ဦးဖြိုးမင်းသိန်းသည်လည်း ရောဂါပိုးကူးစက်ခံထားရသဖြင့် ဇူလိုင် ၁၆ ရက်နေ့က မင်္ဂလာဒုံစစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည် Mizzima က ဖော်ပြထားသည်။ CDM ပြုလုပ်ထားသော အရေးပေါ်ဆေးကုသမှုဌာန ပါမောက္ခဌာနမှူး ဒေါက်တာမော်မော်ဦး နှင့် Frontier သတင်း အယ်ဒီတာ ဒန်နီဖန်စတာတို့လည်း ကူးစက်ခံထားရကြောင်းသိရသည်။

Arakan Army ၏ ဗိုလ်မှူးကြီး ဘုန်းမြတ်လည်း ဇူလိုင်လ ၁၇ ရက်နေ့က ကိုဗစ်ကူးစပ်ခံရမှုကြောင့် သေဆုံးခဲ့ကြောင်း AA က ထုတ်ပြန်ကြေညာခဲ့သည်။ ရန်ကုန်တိုင်း စစ်ဌာနချုပ်အတွင်းတွင် လူ ၄၈ ဦး ကိုဗစ်ပိုးကူးစပ်ခံထားရပြီး ၂ ဦးသေဆုံးခဲ့ကြောင်း Mratt’s Channel က ဖော်ပြထားသည်။ စစ်ကောင်စီတပ်စခန်းများအတွင်း ကိုဗစ်ကူးစပ်ခံရမှုများရှိသော်လည်း သတင်းအမှောင်ချထားကြောင်းလည်း သိရသည်။

ပြည်သူများအား ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်ရန်အတွက် နိုင်ငံတကာမှအဖွဲ့အစည်းများအား တတိယအဖွဲ့အစည်း third party အနေဖြင့် အကူအညီပေးနိုင်ရန် ကြိုးပမ်းနေကြောင်း NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက Myanmar Now ကို ပြောဆိုခဲ့သည်။ ထို့အပြင် NUG ၏ စီစဉ်မှုဖြင့် CDM ဆရာဝန် ၉၀၀ ခန့်က ပြည်သူများကို တယ်လီဖုန်းမှတစ်ဆင့် ကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိကြောင်းလည်း သိရသည်။ 

ဇူလိုင်လ ၁၄ ရက်နေ့တွင် ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အသက် ၅၁နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးအား တပ်မ ၈၈ လက်အောက်ရှိ စစ်ကောင်စီတပ်သား ၃ ဦးက မုဒိမ်းကျင့်သတ်ဖြတ်ခဲ့မှုကို အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီက ဇူလိုင်လ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ AA နှင့် ဆက်သွယ်သည်ဟူသော စွပ်စွဲချက်ဖြင့် ၂၀၁၉ ခုနှစ်အတွင်းက မန္တလေးမြို့တွင် ဖမ်းဆီးအရေးယူခံခဲ့ရသည့် အမျိုးသား ၆ ဦးအား ဇူလိုင် ၁၆ တွင် စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် ထောင်ဒဏ် ၈ နှစ် မှ ၁၃ နှစ်အထိ နှစ်ရှည်ထောင်ဒဏ်အသီးသီးချမှတ်လိုက်သည်။ ဇူလိုင် ၁၆ ရက်နေ့က ကရင်ပြည်နယ်ဖာပွန်မြို့နယ်တွင် KNLA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၁၀၂ နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သုံးဦးသေဆုံးသွားကြောင်း Than Lwin Times က ဖော်ပြထားသည်။ 

မြန်မာနိုင်ငံ ပရဟိတအဖွဲ့အစည်းများက တရုတ်နိုင်ငံမှဝယ်ယူသည့် တန်ချိန် ၃၀၀၀ အောက်ဆီဂျင်အရည်များသည် ဇူလိုင်လ ၁၇ ရက်နေ့တွင် တရုတ်-မြန်မာ နယ်စပ်ဂိတ်မှ မန္တလေးမြို့သို့ရောက်ရှိခဲ့ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရ တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။ မြန်မာလုပ်ငန်းရှင်တစ်ဦးက 40L ဆန့် အောက်ဆီဂျင်အိုးများအား 82 USD (135000Ks) တစ်သိန်းသုံးသောင်းငါးထောင်ကျပ်ခန့်ဖြင့် တရုတ်နိုင်ငံမှ တင်သွင်းနိုင်ရန်ကြိုးပမ်းနေကြောင်း Popular News Journal က ဖော်ပြထားသည်။ ပြင်ပစျေးကွက်တွင် တရုတ်ထုတ် 40 Litre ‌တစ်အိုးအား ၄ သိန်းမှ ၅ သိန်းထိ ပေးဝယ်နေရကြောင်း သိရသည်။

Comments

Popular Posts