၁၈-၁၉ ဇူလိုင်၊ ၂၀၂၁

 

ကိုဗစ်ကူးစက်မှုဆိုးရွားလာသဖြင့် ရန်ကုန်မြို့ရှိ အိမ်များတွင် အဝါရောင်အလံလွှင့်ထူသည့် လှုပ်ရှားမှုတစ်ခုကို ပြည်သူများက စတင်ပြုလုပ်နေကြသည်။ အချို့နေအိမ်များတွင် မိသားစုတစ်ခုလုံး ရောဂါကူးစပ်ခံထားရသဖြင့် ကူရာမဲ့ဖြစ်နေကြပြီး ဆေးကုသမှုအကူအညီလိုအပ်ပါက အိမ်ပြတင်းပေါက်နှင့် အိမ်ရှေ့တွင် အဝါရောင်အလံများလွှင့်ထူထားရန်နှင့် အစားအသောက်များလိုအပ်ပါက အဖြူရောင်အလံများလွှင့်ထူထားရန် နှိုးဆော်နေကြခြင်းဖြစ်သည်။ လူငယ်များကလည်း ၎င်းတို့အနေဖြင့် အခမဲ့ အစားအသောက်နှင့် ဆေးဝါးများပို့ပေးခြင်း အောက်စီဂျင်တိုင်ကီများ ဖြည့်ပေးခြင်းတို့ကို အခမဲ့ပြုလုပ်ပေးနေကြောင်း လူမှုကွန်ယက် စာမျက်နှာများတွင် ဖော်ပြနေကြသည်။ အခမဲ့ကူညီနေသည့် စေတနာ့ဝန်ထမ်းတစ်ချို့လည်း ကူးစက်ခံရ၍ သေဆုံးကြောင်းလည်း သိရသည်။

ဖျားနာနေသူများအား အိမ်တိုင်ရာရောက် ကုသပေးနေသည်သာမက အွန်လိုင်းမှတစ်ဆင့် ကုသရေးလမ်းညွှန်မှုပေးနေသော ရန်ကုန်မြို့ မြောက်ဒဂုံရှိ ပရဟိတဆရာဝန် ၅ ဦး ဇူလိုင်လ ၁၉ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည်။ ၎င်းတို့အား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထောင်ချောက်ဆင်၍ ၎င်းတို့၏ ကိုဗစ် ၁၉ ကာကွယ်ရေးနဲ့ ပြည်သူ့အကျိုးပြုအဖွဲ့ရုံးတွင် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း Mizzima က ဖော်ပြထားသည်။ ထို့အပြင် မန္တလေးမြို့ရှိ နာမည်ကြီး ခွဲစိတ်ဆရာဝန် တစ်ဦးဖြစ်သူ ဒေါက်တာသက်ဌေးကိုလည်း စစ်ကောင်စီက ဇူလိုင်လ ၁၆ ရက်နေ့က ရိုက်နှက်ပြီး ဖမ်းဆီးသွားကြောင်း Medical Family – Mandalay က ဖော်ပြထားသည်။ 

ဇူလိုင် ၁၉ ရက်နေ့က ကျရောက်သော အာဇာနည်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်း၏ မိသားစုဝင်များ အပါအဝင် ဦးဘဝင်း သခင်မြနှင့် ရဲဘော်ကိုထွေးတို့၏ မိသားစုဝင်များက ရန်ကုန်မြို့တွင် စစ်ကောင်စီကကျင်းပသော ၇၄ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ခဲ့ခြင်း မရှိကြောင်း Irrawaddy က ဖော်ပြထားသည်။ 

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ရှိ စစ်တပ်နည်းပညာတက္ကသိုလ်၏ ဂိတ်တံခါးအား ဇူလိုင် ၁၈ရက်နေ့ ည ၇ နာရီကျော်လောက်တွင် RPG ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း Khit Thit က ဖော်ပြထားသည်။ ထို့အပြင် အနီးစခန်းရှိ ရဲစခန်းသည်လည်း ပစ်ခတ်ခံခဲ့ရကြောင်း RFA က ဖော်ပြထားသည်။ ထိခိုက်သေဆုံးမှုစာရင်းအား သိရှိရသေးခြင်းမရှိသေးပါ။ 

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်တွင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒုရဲမှူးသန်းစိုးတို့ကို အမည်မသိလက်နက်ကိုင်အဖွဲ့က ဇူလိုင် ၁၈ ရက် ညပိုင်းမှာ ဖမ်းဆီးသွားကြောင်း DVB က ဖော်ပြထားသည်။ တပ်မတော်အနေဖြင့် ကြက်မွေးမြူရေးလုပ်ငန်းများကို လွန်ခဲ့တဲ့ ၆ နှစ် ၇ နှစ်ကတည်းက စတင်ပြုလုပ်ခဲ့သဖြင့် ကြက်ဥစျေးနှုန်းမြင့်တက်ခြင်းအတွက် စိုးရိမ်ရန်မလိုကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ဇူလိုင်လ ၁၈ ရက်နေ့က ပြောဆိုခဲ့ကြောင်း Mizzima က ဖော်ပြထားသည်။ ကြက်ဥသည် ကိုဗစ်ကူးစပ်ခံရသူများအတွက် ကိုယ်ခံအားကောင်းစေသည်ဆိုသည့် ကောလဟာလကြောင့် စျေးကွက်အတွင်း ကြက်ဥစျေးများ အဆမတန်မြှင့်တက်သွားခြင်းဖြစ်သည်။

ဧပြီလ ၂၄ ရက်နေ့မှစ၍ စစ်ကောင်စီနှင့် CDF-Mindat တို့အကြားတွင် အကြိမ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စစ်ကား ၆ စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး တပ်သား ၂၀၀ ဝန်းကျင်ကို သုတ်သင်နိုင်ခဲ့ကြောင်း CDF-Mindat က ထုတ်ပြန်ခဲ့သည်။ ၎င်းတို့ဘက်က ၂၄ ဦး သေဆုံးခဲ့ကြောင်းလည်း ဖော်ပြထားသည်။ စစ်ဘေးရှောင်များအတွက် အစားအစာမဟုတ်သည့် ကူညီထောက်ပံ့မှုများသယ်ဆောင်ထားသော UNHCR ယာဥ်တန်းသည် ဇူလိုင်လ ၁၉ ရက်နေ့တွင် မင်းတပ်မြို့သို့ရောက်ရှိကြောင်း UNHCR က ဖော်ပြထားသည်။

Comments

Popular Posts